တောင်ကိုရီးယားနိုင်ငံသားထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

  တောင်ငူမြို့နဲ့ အမြန်လမ်းမကြီး ဆက်သွယ်ထားတဲ့ ထီးလှိုင်ကွန်ကရစ်လမ်းမပေါ်ရှိ အမြန်လမ်း မီနီတိုးဂိတ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ တောင်ကိုရီးယားနိုင်ငံသား မောင်းနှင်လာတဲ့ ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်း တောင်ကိုရီးယားနိုင်ငံသား Mr.Lee Sang Boem မောင်းနှင်လာတဲ့ HYUNDAI အမျိုးအစား နီညိုရောင်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်မောင်းရဲ့ အနောက်ဘက်ထိုင်ခုံပေါ်ကနေ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ဆေးပြား ၁၆၇၈ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းမှူးက ပြောပါတယ်။ ဒီနောက် ကိုရီးယားနိုင်ငံသား ငှားရမ်းနေထိုင်တဲ့ တောင်ငူမြို့ ၂ ရပ်ကွက်၊ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇ ပြားကို ထပ်မံသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ အခုလိုစိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတာကြောင့် တောင်ကိုရီးယားနိုင်ငံသားကို တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ တောင်ကိုရီးယားနိုင်ငံသားဟာ တောင်ငူမြို့ကို အခုနှစ် မတ်လထဲက ရောက်ရှိနေတာဖြစ်ပြီး တောင်ငူမြို့ (၁၈) ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးမှာ ဖွင့်လှစ်ထားသော VIGEN MYANMAR အခမဲ့ ကျန်းမာရေး ပရဟိတစင်တာ (တောင်ငူ) ရုံးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သတင်း - သားကြီး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up