Home
မြန်မာသတင်း
လူကုန်ကူးမူပူးပေါင်းတိုက်ဖျက်ရေး ၄ နိုင်ငံအစည်းအဝေး မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
နေဖြိုးဝင်း
·
October 18, 2016
  လူကုန်ကူးခံရသူတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ ရည်ရွယ်တဲ့ မြန်မာ၊ထိုင်း၊ အင်ဒိုးနီးရှား၊ ကမ္ဘောဒီးယား ၄ နိုင်ငံ အစည်းအဝေးကို  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေပါတယ်။ ငါးဖမ်းလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေမှာ လုပ်အားခေါင်းပုံဖြတ်ခြင်းဆိုင်ရာ လူကုန်ကူး မှုကိစ္စရပ်တွေအပေါ် တရားဥပဒေအရ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးကို  အောက်တိုဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ နေပြည်တော်မှာ  ဒီကနေ့ စတင်ကျင်းပနေတာပါ။ အခုလို အစည်းအဝေးတွေ လုပ်ခြင်းအားဖြင့် နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး လူကုန်ကူးမှုခင်းတွေ ဖော်ထုတ်ဖို့ အခွင့်အလမ်းတွေ ရရှိခြင်း၊ သတင်းအချက်အလက်တွေမျှဝေနိုင်ခြင်း၊ လူကုန်ကူးမှုခင်းတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လွယ်ကူချောမွေ့ဖို့ အထောက်အကူဖြစ်စေခြင်း၊ နိုင်ငံအချင်းချင်း လူကုန်ကူးမှုတွေနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ မျှဝေနိုင်ခြင်း၊ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းအဖြေရှာနိုင်ခြင်း စတဲ့ အကျိုးအကျေးဇူးတွေ ဖြစ်ပေါ်လာစေတယ်လို့  ရဲချုပ်ဇော်ဝင်းကပြောပါတယ်။ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိတာကြောင့် လူတွေဟာ ရေကြည်ရာမြက်နုရာကို အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းသွားလာနေကြရတယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ “ရွှေ့ပြောင်းသွားလာမှုတွေကို မကြာသေးမီနှစ်တွေအတွင်း အများအပြား တွေ့မြင်ရပြီး အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းသွားလာမှုတွေရဲ့ အရင်းခံမှာ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိတာကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေဟာ တကမ္ဘာလုံးရဲ့ နေရာအသီးသီးကို ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာရာမှာ အဓမ္မ လုပ်အားခေါင်းပုံဖြတ် ခိုင်းစေခြင်း၊ လုပ်အားခတွေ ခေါင်းပုံဖြတ် ရယူခြင်းခံရမှုတွေ ကြုံတွေ့ရလေ့ရှိတာကို တွေ့ရပါတယ်" လို့ ရဲချုပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းက ဒုက္ခသည်တွေနဲ့ နေအိမ်စွန့်စွာပြေးသူတွေ အရေအတွက်ဟာ ၂၀၁၅ အကုန်မှာ ၆၅ ဒသမ ၃ သန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး နေအိမ်စွန့်ခွာ ထွက်ပြေးသူ ၇ ဒသမ ၃၄၉ ဘီလီယံရှိတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းအချိုးရှိပြီး ကမ္ဘာ့လူဦးရေ ၁၁၃ ဦးမှာ ၁ ဦးနှုန်းရှိနေတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ချက်အရသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024