Homeမေးမြန်းခန်း
ဒီမိုကရေစီအသွင်ပြောင်းရေးအတွက် စိတ်ချရသည့် အခင်းအကျင်းမဟုတ်သေးဟု ကျောင်းသားတပ်မတော် ပြော
ဒီမိုကရေစီအသွင်ပြောင်းရေးအတွက် စိတ်ချရသည့် အခင်းအကျင်းမဟုတ်သေးဟု ကျောင်းသားတပ်မတော် ပြော
DVB
·
November 1, 2011
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေမှုတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအ တွက် စိတ်ချရတဲ့ အခင်းအကျင်း မဟုတ်သေးဘူးလို့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ပြောကြားလိုက်ပြီး နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲတွေ ဆက်လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
“ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေဘောင်ထဲကို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအားလုံး ပူးပေါင်းလာအောင် နည်းပရိယာယ်နဲ့ သိမ်းသွင်းစည်းရုံးနေတာ” လို့ အေဘီအက်စ်ဒီအက်ဖ် - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၂၃ နှစ်ပြည့် ကြေညာချက်မှာ ဖော်ပြပါတယ်။
အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဖြစ်ထွန်းမှု ဖြစ်မဖြစ် သတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ လိုသလို စစ်အုပ်စုအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံထဲ နယ်မကျွံဖို့လည်း အလေးထားရမယ်လို့ ကျောင်းသားတပ်မတော်က သတိပေးပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ ဆောင်ရွက်မှုတွေကို သိရဖို့ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကျောင်းသားတပ်မတော် အနေနဲ့ ဘယ်အချိန် ကာလလောက်အထိ လက်နက်ကိုင်တော်လှန်ရေး လုပ်ငန်းစဉ်ကို ဆက်ပြီးတော့ ဆင်နွှဲသွားမယ်လို့ ဆုံးဖြတ်ချက် ချထားပါသလဲ။
[caption id="attachment_17249" align="alignright" width="310" caption="အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ကိုသံခဲ"][/caption]
“ကျနော်တို့တတွေရဲ့ နိုင်ငံရေးဦးတည်ချက် လေးရပ်ရှိတယ်။ တစ်ကတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ပပျောက်ရေး။ ဒုတိယ တခုကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး။ တတိယက ပြည်တွင်းငြိမ်းချမ်းရေး။ စတုတ္ထက ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတဲ့ ဦးတည်ချက် လေးရပ်ကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ အကောင်းဆုံးနည်းလမ်းဟာ နိုင်ငံရေးအရ အဓိပ္ပာယ် ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ဖော်ဆောင်သွားတာဟာ အကောင်းဆုံးပါပဲ။ ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေဟာ အဆိုပါဦးတည်ချက်တွေကို ရောက်ဖို့အတွက် အလားအလာ ကောင်းတွေ ရှိနေတယ်၊ အလားအလာကောင်းတွေ ပေါက်မြောက်သွားပြီဟေ့ ဆိုရင်တော့ ကျနော်တို့တွေရဲ့ ဒီ ချမှတ်ထားတဲ့ တိုက်ပွဲတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပြီးဆုံးတယ်လို့တောင် မဆိုနိုင်သေးပါဘူး။ အဲဒါကိုတောင်မှ ကျနော်တို့တွေ အနေနဲ့က အားလုံးနဲ့အတူ လက်တွဲပြီးတဲ့ အခါကျတော့မှ တိုင်းပြည်တည်ဆောက်ရေးတွေကို ဆက်လက်ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။”
ကျောင်းသားတပ်မတော်က လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တော်လှန်ရေးကို ပေါင်းစပ်ဆင်နွှဲမယ်ဆိုတော့ အဲဒီ လုပ်ငန်းစဉ်ကရော ဘယ်အခြေအနေ ရှိပါသလဲ။
“၂၀၁၁ ညီလာခံမှာလည်း ကျနော်တို့ နောက်ဆုံးဆွဲကိုင်တဲ့ သေနင်္ဂဗျူဟာက လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ် အောင်ပွဲခံရေး သေနင်္ဂဗျူဟာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အဲဒီ သေနင်္ဂဗျူဟာကို ဆွဲကိုင်ထားဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗမာပြည်ထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေဟာ ကျနော်တို့ မျှော်မှန်းထားတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့၊ တန်းတူရည်တူရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်သေးဘူး။ ကျနော်တို့ မျှော်မှန်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးဘူး။ ကျနော်တို့ မျှော်မှန်းထားတဲ့ တတိုင်းပြည်လုံး ငြိမ်သက်မှုတွေ မရှိသေးဘူး။ နိုင်ငံရေးလည်း မတည်ငြိမ်သလို စစ်ရေးအခြေအနေတွေကလည်း တတည်ငြိမ်ဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနောက်က ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲလွန်ကာလ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ ဒီအခင်းအကျင်းဟာ အခုအချိန်အထိ ဆက်လက်ပြီး ရိုက်ခတ်နေဆဲ ဖြစ်တယ်လို့ ကျနော်တို့က ယူဆပါတယ်။”
မြန်မာပြည်တွင်းက အဓိက နိုင်ငံရေးအင်အားစုကြီးတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဘာတို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေကြပြီ။ နောက်ပြီး ဒီ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရေးကို သူတို့ တောင်းဆိုတာလည်း တွေ့ရတယ်ဆိုတော့ ကျောင်းသားတပ်မတော်အနေနဲ့ရော ဘယ်လိုများ ပြောင်းလဲဖို့ ရှိပါသလဲ။
“ကျနော်တို့ အနေနဲ့ ဒီသေနင်္ဂဗျူဟာကို ပြောင်းလဲစရာ အကြောင်း မရှိသေးဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ဒီနေ့ပြောနေတဲ့ ရွေးကောက်ပွဲ ဥပဒေ တခုတည်း ပြင်လိုက်ရုံနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဖြေရှင်းသွားနိုင်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဗမာပြည်မှာ ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် တိုက်ပွဲဝင်တဲ့အခါမှာ အခြေခံအကြောင်းရင်းကို ကျနော်တို့ ABSDF က အခုလို ရှုမြင်ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အဟန့်အတား တခုလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီ ယူဆချက်ကို ကျော်လွှားဖို့ဆိုရင် ကျနော်တို့ အားလုံးဟာ လွှတ်တော်ထဲကနေ သွားပြီးတော့ ဖြေရှင်းရင် အဲဒီ ဖြေရှင်းတဲ့ ပုံစံဟာ ၂၀၀၈ ဘောင်ထဲကို ဝင်သွားလိမ့်မယ်။ လွှတ်တော် ဘောင်အပြင်ကနေပြီးတော့မှ အခုလို တွေ့ဆုံပွဲတွေမျိုးကို ကြိုးစားနေတာကို ကျနော်တို့ ကြိုဆိုပါတယ်။ နောက် တချက်ကတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ တိုင်းပြည်မှာ တဖက်နဲ့ တဖက်ကြားမှာ ယုံကြည်မှုတွေ ကင်းမဲ့နေတာတော့ အမှန်ပါပဲ။ ဒီထက် ယုံကြည်မှုတွေ တည်ဆောက်ဖို့ကို ပထမခြေလှမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးသင့်တယ်။ တတိုင်းပြည်လုံးမှာ တိုက်ခိုက်နေတဲ့ အတိုက်အခိုက်တွေကို ရပ်စဲသင့်တယ်လို့ ကျနော် ဒီနေရာက တောင်းဆိုပါတယ်။”
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီ ကျောင်းသားတပ်မတော်နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေမှု လက်တွဲတိုက်ပွဲဝင်နေမှု အခြေအနေက ဘယ်လို ရှိပါသလဲ။
“ကျနော်တို့ ကျောင်းသားတပ်မတော်မွေးဖွားကတည်းကိုက အခြေပြုရတဲ့ နေရာတွေဟာ တိုင်းရင်းသား အမျိုးသားရေး၊ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အခြေပြုရာ ဒေသတွေပဲ ဖြစ်ပါတယ်။ ဥပမာ ဆိုကြပါဆို့ဗျာ ဒီကေဘီအေ ကနေပြီးတော့မှ နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံလို့ နအဖကို ပြန်လည်တော်လှန်တဲ့အခါမှာ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်က သူတို့နဲ့ ပြန်ပြီးတော့မှ သွားပြီး ပူးပေါင်းတယ်။ လက်တွဲတိုက်ပွဲဝင်တယ်။ ကေအန်ယူ နဲ့ဆိုရင် ကျနော်တို့က တောက်လျှောက် အေဘီအက်စ်ဒီအက်ဖ် စတင် ဖြစ်ပေါ်လာကတည်းကိုက ကေအန်ယူ နယ်မြေထဲမှာ ကျနော်တို့ ဖြစ်ပေါ်လာတယ်။ အခုအချိန်ထိလည်း ကျနော်တို့ ဒီ ကေအန်ယူ နယ်မြေထဲမှာ ဆက်စပ်ပြီးတော့ ဆောင်ရွက်နေတယ်။ ကေအန်ပီပီ ဆိုလည်း အလားတူပါပဲ။
“နောက်တချက် ထူးခြားတာက ဒီ ၂၀၁၀ လွန်ကာလမှာ ကျနော်တို့အနေနဲ့ ကချင်လွတ်မြောက်နယ်မြေဒေသမှာ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းကို ပြန်လည်း စုဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ကေအိုင်အို နဲ့ နဝတ၊ နအဖ တို့က အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကေအိုင်အို နယ်မြေထဲကနေ ကျောင်းသားတပ်မတော် ထွက်ခွာခဲ့ရတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျောင်းသားတပ်မတော် အလံကို ပြန်ပြီးတော့မှ ကေအိုင်အို နဲ့အတူ လက်တွဲဆောင်ရွက်နိုင်ဖို့ အခြေအနေ ကျနော်တို့ ပြန်လည်ပြီးတော့ ရရှိခဲ့တယ်။ အတူတကွ တိုက်ပွဲတွေ၊ အတူတကွ ဘဝတွေကို ရင်ဆိုင်ဖို့အတွက် ကျနော်တို့ အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်နိုင်တာဟာ ခင်ဗျားမေးတဲ့ ဥပမာတွေထဲက အချက်တွေပဲ ဖြစ်ပါတယ်။”
လက်ရှိ ကျောင်းသားတပ်မတော်ရဲ့ အင်အားနဲ့ ဒီ ရုပ်ပိုင်းဆိုင်ရာ ပြည်တွင်းပြည်ပ အထောက်အပံ့ ရရှိမှု အခြေအနေလေးရော ပြောနိုင်မလား။
“ကျနော်တို့ ကျောင်းသားတပ်မတော်အနေနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ မည်သည့်နိုင်ငံကမှ ထောက်ပံ့မှု ရရှိတာ မဟုတ်ပါဘူး။ ကျနော်တို့တွေရဲ့ ရပ်တည်မှုက နိုင်ငံတကာမှာ ရောက်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ၊ နောက်တခုကတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ မျိုးချစ်အင်အားစုတွေရဲ့ တသီးပုဂ္ဂလ ထောက်ပံ့မှုနဲ့ပဲ ကျနော်တို့တွေက ရပ်တည်နေရတာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ အတူတကွ လက်တွဲ
ဆောင်ရွက်နေတဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်းအားစုတွေရဲ့ ကျနော်တို့အပေါ်မှာ တချို့ရဲ့ အကူအညီကို ကျနော်တို့ ရရှိပြီးတော့ပဲ ကျနော်တို့ ဆက်လက်ချီတက်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာ ကျနော်တို့ရဲ့ အင်အားကို အတိအကျ ပြောရတာ ခက်နေပါသေးတယ်။”
၂၃ နှစ်တာ ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေးကာလမှာ သင်ခန်းစာ ယူမယ်ဆိုရင် ဘယ်အချက်ကိုများ ပြောချင်ပါသလဲ။
“ကျနော်တို့တွေရဲ့ အကြီးမားဆုံး သင်ခန်းစာအနေနဲ့ ပြောချင်တာက ကျနော်တို့ ညီညွတ်ရေးက အဓိကလို့ ထင်ပါတယ်။ ကျနော်တို့ ညီညွတ်ရေး ပြိုကွဲမှုတွေ ရှိခဲ့ဘူးပါတယ်/ အဲဒီလိုဟာမျိုးတွေကို ပြန်လည်ပြီးတော့ ပေါင်းစည်းဖို့ကိုလည်း ကျနော်တို့ လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ ကျနော် ပြောချင်တာက ကျောင်းသားတပ်မတော်အတွင်းမှာ ကျနော်တို့ ညီညွတ်ရေးဟာ အင်မတန်မှ အဓိက ကျတယ်လို့ ထင်တယ်။”
ကျောင်းသားတပ်မတော်ရဲ့ ဒီတော်လှန်ရေး သမိုင်းတလျှောက် အနှစ် ၂၀ ကျော် သမိုင်းမှာ ထိခိုက်ကျဆုံးမှု ဘယ်လောက်များ ရှိခဲ့ပါသလဲ။
“ကျနော်တို့ ဒီ ၂၃ နှစ်တာ ကာလအတွင်းမှာ သေသွားတဲ့လူတွေက သူရဲကောင်းတွေပေါ့ဗျာ။ အင်အားအနေနဲ့ဆိုရင် စာရင်းအရ ၁၀၂၄ ယောက် ရှိပါပြီ။ ဒီဟာက ကျနော်တို့အတွက် အင်မတန်မှ ကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျနော်တို့အတွက် အာဇာနည်တွေလို့ ကျနော် ယူဆပါတယ်။ ဒီနေ့ ထောင်ထဲမှာ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေ ရှိပါသေးတယ်။ ဒါတွေကလည်း သူရဲကောင်းတွေပါ။ မကြာခင်ကမှပဲ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေ ပြန်လည် လွတ်မြောက်လာတာကို ကျနော်တို့ ကြားရပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အများကြီး ဝမ်းသာကြိုဆိုတဲ့အကြောင်း ပြောချင်ပါတယ်။”
အများကြီးပါပဲခင်ဗျာ။ စာရင်းဇယားအရ လုံခြုံမှုအရ ကျနော်တို့ အတိအကျ မထုတ်ပြန်နိုင်ပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဆက်လက်ပြီးတော့ ကျခံနေရတဲ့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေ အများကြီး ကျန်သေးတယ်လို့ ဒီနေရာက ပြောချင်ပါတယ်။”
နိုဝင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ အေဘီအက်စ်ဒီအက်ဖ် ၂၃ နှစ်ပြည့် အခမ်းအနားကို ဌာနချုပ်ရှိရာ ထိုင်း - မြန်မာနယ်စပ်ရှိ ဒေါင်းခွင်စခန်းမှာ ကျင်းပသလို နိုင်ငံတကာရောက် ကျောင်းသားတပ်ဖွဲ့ဝင်တွေကလည်း အသီးသီးကျင်းပကြပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တို့မှာလည်း အလားတူကျင်းပရာမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်တွေအတွက် ရေစက်ချ အမျှဝေကြပါတယ်။
ကျောင်းသားတပ်မတော်ဟာ ၁၉၉၀ ပြည့်နှစ်ကာလတုန်းက ထိုင်းနယ်စပ်၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နယ်စပ်ဒေသတွေမှာ စုစုပေါင်းအင်အား တသောင်းကျော်အထိ ရှိခဲ့တယ်လို့ ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။
စစ်အစိုးရနဲ့ လက်နက်ကိုင်အင်အားစုတွေ အပစ်အခတ်ရပ်စဲရေး စတင်လာပြီးနောက် ၂၀၀၄ - ၂၀၀၅ အေဘီအက်စ်ဒီအက်ဖ်ဟာ အင်အားအနည်းဆုံး ဖြစ်လာခဲ့ပြီးနောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်းမှာ ပူးပေါင်းအင်အား ပြန်တိုးလာတယ်လို့ ရဲဘော်သံခဲက ပြောပါတယ်။
လက်ရှိမှာ အေဘီအက်စ်ဒီအက်ဖ်ဟာ ကေအန်ယူ၊ ဒီကေဘီအေ၊ ကေအိုင်အေ၊ ကေအန်ပီပီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။
၁၉၉၃ ခုနှစ်မှာ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့)က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီးနောက်မှာ ကေအိုင်အိုနယ်မြေကနေ ထွက်ခွာခဲ့ရတဲ့ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း)ကို အခု ပြန်လည်ဖွဲ့စည်းထားပြီး ၂၃ နှစ်မြောက်နေ့မှာ ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပသွားပါတယ်။ အေဘီအက်စ်ဒီ အက်ဖ်(မြောက်ပိုင်း)ဟာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ ပြန်လည်လက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ ရဲဘော်သံခဲက ပြောပါတယ်။