A d v e r t i s e m e n t With Us

လက်မှတ်မရှိသည့်​ မြန်မာအလုပ်သမား​များ​ကို မဟာချိုင် လဝက အဖိုး​အခ ပိုယူပြီး​ ပို့​ဆောင်

ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​အနီး​ မဟာချိုင်​ဒေသက အလုပ်သမား​မှတ်ပုံတင်မရှိတဲ့​ မြန်မာအလုပ်သမား​တွေကို မဟာချိုင် လဝကရဲ​တွေက အဖိုး​အခပိုယူပြီး​ ပို့​ပေး​နေတယ်လို့​ သိရပါတယ်။ ရေ​ဘေး​ရှောင် မြန်မာ​တွေထဲက အလုပ်သမား​မှတ်ပုံတင် မရှိသူ​ရော၊​ မှတ်ပုံတင်ရှိ​ပေမယ့်​ နယ်​မြေဖြတ်သန်း​ခွင့်​မရတဲ့​ အလုပ်သမား​တွေကိုပါ မဟာချိုင် လဝကရဲ​တွေက သာမန်ထက် ငါး​ဆ​လောက် အဖိုး​အခပိုယူပြီး​ ကရင်ပြည်နယ် မြဝတီ တဖက်ကမ်း​က မဲ​ဆောက်ကိုပို့​ပေး​နေတာလို့​ မြန်မာအလုပ်သမား​အ​ရေး​ ဝန်​ဆောင်မှု​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ (မဟာချိုင်)ဝင် ကိုစစ်သူက ​ပြောပါတယ်။ “ဘယ်လိုပို့​ပေး​လဲဆို​တော့​ ပိုက်ဆံတ​ယောက်ကို ၂၄၀၀ ​ပေး​ရတယ်။ ပတ်စပို့​ရှိတဲ့​ လူတ​ယောက်အ​နေနဲ့​မော်ချစ်မှာ ကား​သွား​စီး​တယ်ဆိုရင် တ​ယောက်ကို ၄၀၀ ပဲထား​လိုက်။ မဲ​ဆောက်​ရောက်တယ်​လေ။ ​အေး​အေး​ဆေး​ဆေး​သွား​ရတယ်။ ဒီမှာ ၂၄၀၀ ဘတ်​ပေး​ပြီး​ စီး​ရတာက ရိုး​ရိုး​ ၆ ဘီး​ကား​၊​ လိုင်း​ကား​အရှည်တစီး​ကို လူ အ​ယောက် ၁၅၀ တင်တယ်။ အခု မဟာချိုင်မှာ ပျမ်း​မျှ တ​နေ့​ကို လူတ​ထောင် ပြန်တယ်။ ​ရေမလာ​သေး​ဘူး​၊​ လူ​တွေက ​ကြောက်ပြီး​ပြန်ကြတယ်။” ဒါ့​အပြင် ​ရေ​ဘေး​ရှောင်လာတဲ့​ မြန်မာအလုပ်သမား​တွေကို မဲ​ဆောက် လဝကရဲစခန်း​မှာ ယာယီထိန်း​သိမ်း​ထား​တုန်း​ အစာ​ရေစာမ​ပေး​ တဲ့​သတင်း​တွေ ထွက်​ပေါ်​နေတာနဲ့​ပတ်သက်ပြီး​ မဲ​ဆောက်အ​ခြေစိုက် NGO ​တွေက လဝကနဲ့​ ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြပါတယ်။ တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာပါတဲ့​ MAP ​ဖောင်​ဒေး​ရှင်း​အဖွဲ့​ တာဝန်ရှိသူ မစ္စတာ စူထိစတ် ရုန့်​ရန်း​ဖာစွတ်က “က​လေး​ရဲ နို့​မှုန့်​တွေ၊​ ပြီး​တော့​ က​လေး​ အ​ပေါ့​အ​လေး​သွား​ဖို့​ခွက်​တွေ၊​ က​လေး​တွေဟာ ခံခွက်မရှိ​တော့​ ဟိုချီး​ပါ ဒီ​သေး​ပေါက်​ပေါ့​။ အမျိုး​သမီး​သုံး​တဲ့​ ပစ္စည်း​တွေ အဓိကလိုတယ်။ ​နောက်ပြီး​တော့​ ​ရေက အရမ်း​လိုတယ်တဲ့​။ ထမင်း​က ဟိုနည်း​နည်း​ ဒီနည်း​နည်း​လာ​နေတာ​ပေါ့​နော်။ ​နောက် ​ခေါင်း​ကိုက်​ဆေး​တို့​ကို NGO အဖွဲ့​တွေအ​နေနဲ့​ အကူအညီ​ပေး​ရင် အရမ်း​ကောင်း​မှာပဲတဲ့​ သူတို့​ပြောတာ” လို့​ ဆိုပါတယ်။ မဲ​ဆောက်လဝကစခန်း​ကို လိုအပ်တဲ့​အကူအညီ​တွေ ​ပေး​ဖို့​ မဲ​ဆောက် NGO ​တွေက အစည်း​အ​ဝေး​တရပ် ​ခေါ်ယူမယ်လို့​လည်း​ မစ္စတာ စူထိစတ်က ​ပြောပါတယ်။ ထိုင်း​အစိုး​ရရဲ့​နောက်ဆုံး​ထုတ်ပြန်ချက်မှာ ​ရေ​ဘေး​ကြောင့်​ ​သေဆုံး​သူ ၃၈၄ ​ယောက်ရှိပြီး​ ဘန်​ကောက် အနီး​ခရိုင်​တွေက ​ရေ​ဘေး​ခိုလှုံ​ရေး​ စင်တာ​တွေဆီကို ဘန်​ကောက်​မြောက်ပိုင်း​နဲ့​အ​နောက်ပိုင်း​ ရပ်ကွက်ဇုန် ၇ ခုက လူ ၄ ​သောင်း​ကျော်ကို ​ရွှေ့​ပြောင်း​လိုက်ရပြီလို့​ဆိုပါတယ်။ ထိုင်း​နိုင်ငံ မြို့​တော် ဘန်​ကောက်မှာ ရပ်ကွက်ဇုန် ၅၀ ရှိပြီး​ လူဦး​ရေ ၁၀ သန်း​ကျော် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up