Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဖြတ်ကူးသည့် ဆိုင်ကယ်စီးသူနှစ်ဦး ကားတိုက် သေဆုံး
DVB
·
October 16, 2016
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လျှော်ပင်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် ၃၅၄/၄ နေလစက်သုံးဆီအရောင်းဆိုင်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ဆိုင်ကယ်ဓာတ်ဆီထည့်ပြီး လမ်းဖြတ်ကူးစဉ် ခရီးသည်တင်မီနီဘတ်နဲ့ တိုက်မိလို့ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ “ဆိုင်ကယ်ကလည်း လမ်းကို အမြန်ဖြတ်ကူးဖို့ အရှိန်မြှင့်ထားတယ်။ သန်းခေါင်ကျော်အချိန် ဆိုတော့ ကားကလည်း လူရှင်း လမ်းရှင်းဆိုပြီး အရှိန်နဲ့ မောင်းလာတာ။ အရှိန်နှစ်ခု ပေါင်းတိုက်လိုက်သလို ဖြစ်သွားပြီး လူတွေက အမြင့်ကို မြောက်တက်ပြီး မြေသားလမ်းပေါ် ကျသွားတယ်။ ဆိုင်ကယ်စီးဦးထုပ်ကလည်း မပါတော့ ပွဲချင်းပြီး သေဆုံးကုန်တယ်”လို့ နေလ စက်သုံးဆီအရောင်းဝန်ထမ်းလေးတွေက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက “ဆိုင်ကယ်က လမ်းပေါ်မှာ ကျန်နေခဲ့ပေမယ့် လူတွေက ကတ္တရာလမ်းကျော်ပြီး ပြန်အကျကို ခေါင်းနဲ့ကျတယ်ထင်တယ်။ ခေါင်းပေါက်ပြဲဒဏ်ရာတွေ ရကုန်တယ်။” ညောင်ရွှေ-မန္တလေး မီနီဘတ် (3L/7384) ခရီးသည်တင်ယာဉ်မောင်းကတော့ သန့်ဇင်ဦး ဖြစ်ပြီး သေဆုံးသွားတဲ့ ဆိုင်ကယ်စီးသူ နှစ်ဦးကတော့ မင်းဆက်ပိုင်(ခ) သာဓုနဲ့ ထွန်းထွန်းစိုးတို့ ဖြစ်ပါတယ်။ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး မိမိနဲ့ အခြားသူကို သေဆုံးစမှု ပုဒ်မ၃၀၄(က)နဲ့ မင်းဆက်ပိုင်(ခ)သာဓုကို ဝမ်းတွင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - မောင်မောင်လင်းဝမ်းတွင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024