DVB Logo
Home
ဆောင်းပါး
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)
DVB
·
November 1, 2011
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)
1 / 2
Donate to DVB

မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ
တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။

မောင်း​မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ - ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။

ဒါ​ပေမယ့်​ ထား​ဝယ်​ဒေသမှာ သူရဲ့​ပင်ကိုယ်မူလတန်ဖိုး​တွေ ရှိ​နေပါတယ်။ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် အချက်အချာကျတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက နဘုလယ်​ဒေသမှာ ထား​ဝယ်သား​ အချင်း​ချင်း​တောင် နား​လည်ရ ခက်တဲ့​ ​ရှေး​ထား​ဝယ်စကား​အသုံး​အနှုန်း​တွေကို ယ​နေ့​တိုင် ထိန်း​သိမ်း​သုံး​စွဲ​နေတဲ့​ လူ့​အဖွဲ့​အစည်း​တခု ရှိ​နေပါတယ်။ ​ဒေသခံ​တွေရဲ့​ အစဉ်အလာယုံကြည်မှုအရ သည်​နေရာဟာ ထား​ဝယ်လူမျိုး​တွေရဲ့​ ဇစ်မြစ်​နေရာဌာန တခုဆိုတာကို​တော့​ သိသူ ရှား​ပါလိမ့်​မယ်။

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က​နေ တိုင်း​ပြည်အတွက် ရရှိလာမယ့်​ အကျိုး​ကျေး​ဇူး​က ​နောင် ၁၀ နှစ် ခန့်​ကြာမှ မြင်​တွေ့​နိုင်မှာ ဖြစ်​ပေမယ့်​ ​ဒေသခံ​တွေက​တော့​ ပြဿနာ​ပေါင်း​စုံနဲ့​ ရင်ဆိုင်​နေရပါပြီ။ ဘာသာ​ရေး​နဲ့​ ယဉ်​ကျေး​မှု အမှတ်လက္ခဏာ​တွေနဲ့​ ပင်ကိုယ်သဘာဝအတိုင်း​ ရှိ​နေ​သေး​တဲ့​ ​မောင်း​မကန် ကမ်း​ရိုး​တန်း​မှာ ​ဆောက်လုပ်မယ့်​ စက်မှုဇုန် စီမံကိန်း​ကြီး​ဟာ ​ဒေသခံပြည်သူ​တွေရဲ့​ လူ​နေမှုပုံသဏ္ဍာန်နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေကို လုံး​ဝ​ပြောင်း​လဲပစ် လိုက်မှာ ဖြစ်ပါတယ်။ ဘိုး​ဘွား​စဉ်ဆက် ပိုင်ဆိုင်ခဲ့​တဲ့​ ​မြေယာ​တွေကိုလည်း​ စက်မှုဇုန် အတွင်း​ စ​တေး​ပစ်တာ ခံကြရပါ​တော့​မယ်။ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုအ​မွေအနှစ်များ​ ကိန်း​ဝပ်တဲ့​ အ​ဆောက်အဦး​တွေလည်း​ အဖျက်ဆီး​ခံကြရပါ​တော့​မယ်။

နဘုလယ်​ကျေး​ရွာအုပ်စုဖြစ်တဲ့​ လဲ​ရှောင်၊​ ပရဒတ်၊​ ထိန်ကြီး​၊​ မယင်း​ကြီး​၊​ မူး​ဒူး​ကျေး​ရွာတို့​ကို မကြာခင်မှာ စတင် ​ပြောင်း​ရွှေ့​ရမယ်လို့​ ​ဒေသအာဏာပိုင်​တွေက ရွာသား​တွေကို အ​ကြောင်း​ကြား​ထား​ပါတယ်။ ​ဒေသခံ​တွေရဲ့​ ခန့်​မှန်း​ခြေအရ ရွာ ၅ ရွာ ​ပေါင်း​ လူဦး​ရေ ၁၀,၀၀၀ ​ကျော်တယ်လို့​ ဆိုပါတယ်။ နဘုလယ်​ဒေသဟာ ပင်လယ်ကမ်း​ခြေနဲ့​ နီး​ပေမယ့်​ ရာဘာနဲ့​ သီဟိုဠ်ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒေသခံ​တွေ​ပြောပြချက်အရ ​ပြောင်း​ရွှေ့​ချထား​မယ့်​နေရာက နဘုလယ်ရဲ့​ ​မြောက်ဘက် သိပ်မ​ဝေး​လှတဲ့​ ဘဝါကမ်း​ခြေဖြစ်ပါတယ်။ ​နေရာသစ်ဟာ ငါး​ဖမ်း​ လုပ်ငန်း​ လုပ်ကိုင်ရာ​ဒေသဖြစ်ပြီး​ ​မြေပြန့်​ နည်း​ပါး​ ​တောင်ကုန်း​တွေများ​တဲ့​ အတွက် ဥယျာဉ်ခြံလုပ်ငန်း​နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​တဲ့​ နဘုလယ်သား​တွေအတွက် အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​ အခက်အခဲ ​တွေ့​နိုင်တယ်လို့​ ဆိုပါတယ်။ ဘဝါကမ်း​ခြေဟာ ​မြေလွတ်​မြေရိုင်း​များ​သာဖြစ်တဲ့​အတွက် ​ပြောင်း​ရွှေ့​ခံရသူ​တွေ အတွက် ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​ကို လုပ်မယ်ဆိုရင် အစက​နေ ပြန်လည်ထူ​ထောင်ရမယ့်​ အ​ခြေအ​နေဖြစ်ပါတယ်။

[caption id="attachment_17222" align="alignright" width="310" caption="ထားဝယ်​ရေနက်ဆိပ်ကမ်းနှင့်​ အထူးစီးပွားရေးဇုန် စီမံကိန်း​ဒေသတွင် ကျရောက်နေသော ​ကျေးရွာ ၁၉ ရွာကို ​ပြောင်းရွှေ့နေရာချထားမည့် စီမံကိန်းမြေပုံ"][/caption]

မွေး​ရပ်​မြေကို စွန့်​ခွာလာရတဲ့​ ​ဒေသခံ​တွေဟာ လူမှုဘဝနဲ့​ ယဉ်​ကျေး​မှု တန်ဖိုး​တွေကို လည်း​ လက်လွှတ်ဆုံး​ရှုံး​မှာဖြစ်ပါတယ်။ ဆုံး​ရှုံး​သွား​တဲ့​ အိုး​အိမ်​မြေယာ​တွေအတွက် မျှတသင့်​လျော်တဲ့​ ​လျော်​ကြေး​ရရှိတဲ့​တိုင်​အောင် ​နေရာသစ်မှာ ဘဝကို ပြန်စရမှာ ဖြစ်တဲ့​အတွက် လူမှုဝန်ထုပ်ဝန်ပိုး​ကြီး​တွေက မိသား​စုများ​စွာရဲ့​ပခုံး​ပေါ် ကျ​ရောက်ဖိစီး​ လာ​တော့​မှာ ဖြစ်ပါတယ်။ ​ခေတ်သစ် စက်မှု​တော်လှန်​ရေး​တရပ်ကို ကိုယ်​တွေ့​ ခံစား​ယုံက လွဲပြီး​ တခြား​ရွေး​ချယ်စရာလမ်း​ မရှိပါဘူး​။

မြန်မာနိုင်ငံရဲ့​ကျေး​ရွာတိုင်း​လိုလိုမှာ ဘုန်း​တော်ကြီး​ကျောင်း​များ​နဲ့​ ​စေတီပုထိုး​များ​ ရှိကြပါတယ်။ ဘာသာ​ရေး​ အ​ဆောက်အအုံ​တွေဟာ ​ကျေး​ရွာလူမှုဘဝတခုလုံး​ကို ဟန်ချက်ညီ​အောင် စုစည်း​ထိန်း​ကျောင်း​ထား​နိုင်တဲ့​ လူမှုအ​ခြေခံ အ​ဆောက်အအုံ ​တွေဖြစ်ပါတယ်။ ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ ​ပေမယ့်​ ဒီလို ဘာသာ​ရေး​ဆိုင်ရာ ဘုန်း​တော်ကြီး​ကျောင်း​တွေနဲ့​ ​စေတီပုထိုး​တွေကို မဖျက်ဆီး​ဘဲ နဂိုအတိုင်း​ ထား​ရှိခွင့်​ပြုမယ်လို့​ ထိုင်း​ကုမ္ပဏီနဲ့​ မြန်မာအာဏာပိုင်​တွေက ​ပြောဆို​နေပါတယ်။ ဒါ​ပေမယ့်​ “ဘုန်း​ကြီး​ကျောင်း​တွေကို ချန်ထား​ခဲ့​ပြီး​ ရွာ​တွေ အကုန်လုံး​ ​ပြောင်း​ရွှေ့​ခိုင်း​တော့​ ဘုန်း​ကြီး​တွေ ဘယ်က ဆွမ်း​၊​ ကွမ်း​နဲ့​ အသက်ဆက်ရမှာလဲ၊​ ဘုန်း​ကြီး​ဆိုတာ ဒကာမရှိတဲ့​နေရာမှာ မရှင်သန်နိုင်ဘူး​လို့​ ​ဝေဖန်​နေကြပါတယ်။

စီမံကိန်း​ဒေသဟာ သတင်း​မီဒီယာ​လောကနဲ့​ အလှမ်း​ဝေး​နေတာရယ်၊​ လွတ်လပ်တဲ့​ ပြည်တွင်း​ပြည်ပက ဖွံ့​ဖြိုး​ရေး​ သု​တေသီ​တွေ၊​ စီး​ပွား​ရေး​ပညာရှင်​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင်ဆိုင်ရာပညာရှင်​တွေ သွား​ရောက်​လေ့​လာခွင့်​မရတဲ့​အတွက် ထား​ဝယ် ​ဒေသခံ​တွေရဲ့​ လူသား​လုံခြုံမှု (Human Security) ဟာ လူမသိသူမသိ ခြိမ်း​ခြောက်ခံ​နေရပါတယ်။
စီမံကိန်း​ဒေသက ​ကျေး​ရွာ​တွေ ​ပြောင်း​ရွှေ့​ရေး​နဲ့​ ရွာသား​တွေ ဆုံး​ရှုံး​ခဲ့​ရမှုများ​အ​ပေါ် ​လျော်​ကြေး​ပေး​ရေး​ကိစ္စ​တွေက အီတာလျံ- ထိုင်း​ကုမ္ပဏီ ရင်ဆိုင်​ဖြေရှင်း​ရမယ့်​ လတ်တ​လောပြဿနာ​တွေပါ။ မြန်မာစစ်အစိုး​ရက အရပ်သား​ အစိုး​ရကို အာဏာမလွှဲမီ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့​တဲ့​ “ထား​ဝယ်အထူး​ စီး​ပွား​ရေး​ဇုန်ဥပ​ဒေ” ထဲမှာ စီမံကိန်း​ကြောင့်​ နစ်နာဆုံး​ရှုံး​မှုအတွက် ​ဒေသခံ ရွာသား​တွေကို ​လျော်​ကြေး​ပေး​ရန် ရင်း​နှီး​မြှုပ်နှံသည့်​ကုမ္ပဏီများ​က တာဝန်ယူရမယ် လို့​ ဥပ​ဒေရဲ့​ ပုဒ်မ ၃၄ မှာ ​အောက်ပါ အတိုင်း​ ​ဖော်ပြထား​ပါတယ်။

“ဗဟိုအဖွဲ့​က ခွင့်​ပြုထား​သည့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်အတွင်း​ရှိ ​မြေ​ပေါ်တွင်၊​ လူ​နေအိမ်​ခြေများ​၊​ အ​ဆောက်အအုံများ​၊​ လယ်ယာဥယျာဉ်ခြံ​မြေများ​၊​ သီး​ပင်စား​ပင်များ​၊​ စိုက်ခင်း​များ​ စသည်တို့​ကို ​ပြောင်း​ရွှေ့​ရှင်း​လင်း​ပေး​ရန်ရှိပါက ယင်း​တို့​အား​ ​ပြောင်း​ရွှေ့​နေရာချထား​ခြင်း​နှင့်​ ​လျော်​ကြေး​ပေး​ခြင်း​တို့​အတွက် ကုန်ကျစရိတ်များ​ကို ရင်း​နှီး​တည်​ဆောက်သူ သို့​မဟုတ် ရင်း​နှီး​မြှုပ်နှံသူက ကျခံရမည်။ ထို့​အပြင် ​ပြောင်း​ရွှေ့​ရသူများ​အတွက် မူလအဆင့်​အတန်း​ထက် မနိမ့်​ကျ​စေရန်နှင့်​ ယင်း​တို့​၏ အ​ခြေခံလိုအပ်ချက်များ​ ပြည့်​စုံ​စေရန် ​ဆောင်ရွက်​ပေး​ရမည်။ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံခန့်​ခွဲမှု ​ကော်မတီသည် အဆိုပါလုပ်ငန်း​များ​ အဆင်​ပြေ​ချော​မွေ့​စေ​ရေး​အတွက် လိုအပ်သလို ညှိနှိုင်း​ဆောင်ရွက်​ပေး​မည်” လို့​ ​ဖော်ပြထား​ပါတယ်။

ဥပ​ဒေပါစကား​ရပ်​တွေက ​ဒေသခံ​တွေရဲ့​နစ်နာမှု​တွေကို ကာကွယ်​ပေး​ထား​တာ ​တွေ့​ရ​ပေမယ့်​ ​မြေပြင်​ပေါ်မှာ လက်​တွေ့​အ​ကောင်အထည်​ဖော်​နေတဲ့​ အ​ခြေအ​နေ ​တွေနဲ့​ ကင်း​ကွာ​နေတာ​တွေရှိပါတယ်။ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်မယ့်​ ကမ်း​ခြေအနား​က သူ့​ရဲ့​နေအိမ် တဲကပြင်​ပေါ်မှာ ထိုင်ရင်း​ အသက် ၆၀ ခန့်​ရှိ ထား​ဝယ်သား​ အဖိုး​အိုက “ကျုပ်ရဲ့​ သီဟိုခြံထဲက​နေ လမ်း​ ​ဖောက်​နေတာ ပြီး​သွား​ပြီ။ ရွာလူကြီး​က​တော့​ ​လျော​ကြေး​ရမယ် ​ပြောတာပဲ၊​ တကယ်က လမ်း​မ​ဖောက်ခင်ကထဲက ​ပေး​သင့်​ တာ​ပေါ့​” လို့​ အီတာလျံ - ထိုင်း​ကုမ္ပဏီရဲ့​ နည်း​လမ်း​မကျပုံကို ရှင်း​ပြပါတယ်။ အာဏာပိုင်​တွေအ​ရေး​ယူမှာ စိုး​ရိမ်တဲ့​အတွက် အဖိုး​အိုက သူ့​ရဲ့​နာမည်ကို မထုတ်​ဖော်​စေချင်ပါဘူး​။

[caption id="attachment_17223" align="alignright" width="310" caption="အီတာလျံ - ထိုင်းကုမ္ပဏီက ခန့်ထားသော “ပြန်လည်​နေရာချထားမှု ညှိနှိုင်းရေးအရာရှိ” မြန်မာလူမျိုး​ ဦးအောင်ဇော်ဝင်းက ရွာသားများအား ဤပုံစံကို ဖြန့်ဝေ​ပေးပြီး​ ခုတ်လှဲခံရမည့်​ သစ်ပင်အမျိုးအစား၊​ သက်တမ်း နှင့်​ အ​ရေအတွက်ကို ဖြည့်​သွင်းကာ သ​ဘောတူ​ကြောင်း လက်မှတ်​ရေထိုး​ခိုင်း​။"][/caption]

စီမံကိန်း​ဒေသက ထား​ဝယ်​ဒေသခံ​တွေဟာ ​ကျေး​လက်​နေလူတန်း​စား​ အလွှာဖြစ်ပြီး​ အတန်း​ပညာတတ်​မြောက်မှု နည်း​ပါး​ပေမယ့်​ ထိုင်း​နိုင်ငံက အထင်ကရ နိုင်ငံတကာကုမ္ပဏီကြီး​တခုရဲ့​လုပ်ရပ်ဟာ တရား​နည်း​လမ်း​မကျဘူး​ဆိုတာကို​တော့​ သူတို့​ သိ​နေကြပါတယ်။ ဒါ​ပေမယ့်​ ​ဒေသအာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှု​အောက်မှာ ဘယ်လိုမှ ငြင်း​ဆန်လို့​မရတဲ့​ အ​ခြေအ​နေနဲ့​ ကြုံ​တွေ့​နေရပါတယ်။

မကြာခင်က ပြုလုပ်ခဲ့​တဲ့​ ​ဒေသခံဥယျာဉ်ခြံ​မြေပိုင်ရှင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​ အစည်း​အ​ဝေး​တခုမှာ အီတာလျံ - ထိုင်း​ကုမ္ပဏီက ခန့်​အပ်ထား​တဲ့​ ပြန်လည်​နေရာ ချထား​မှု ညှိနှိုင်း​ရေး​အရာရှိ မြန်မာလူမျိုး​ ဦး​အောင်​ဇော်ဝင်း​ (​ခေါ်) Aubrey G. Winbaw က လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲခဲ့​တဲ့​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင် စတဲ့​ ​ဒေသခံ​တွေအတွက် ဝင်​ငွေရရှိတဲ့​ သစ်ပင်အမျိုး​အစား​တိုင်း​ကို ​လျော်​ကြေး​ ​ပေး​မယ်လို့​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။ ရွာသား​တွေက သစ်ပင်တပင်ရဲ့​ တန်ဖိုး​နဲ့​ ဘယ်အချိန်မှာ ​လျော်​ကြေး​ပေး​မလဲလို့​ ​မေး​တဲ့​အခါ ဦး​အောင်​ဇော်ဝင်း​က ကုမ္ပဏီအ​နေနဲ့​ မသတ်မှတ်ရ​သေး​ကြောင်း​၊​ အစည်း​အ​ဝေး​ မထိုင်ရ​သေး​ကြောင်း​ ပြန်​ပြောခဲ့​ပါတယ်။

ဒါ​ပေမယ့်​ အထက်က​ဖော်ပြထား​တဲ့​ ဇယား​ကွက်ပုံစံကို အီတာလျံ - ထိုင်း​ကုမ္ပဏီနဲ့​ ​ဒေသခံအာဏာပိုင်​တွေက ​ကျေး​ရွာ​တွေကို တရွာဝင်တရွာထွက် ဥယျာဉ်ခြံပိုင်ရှင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ သူတို့​ခြံ​မြေထဲက ခုတ်လှဲမယ့်​သစ်ပင်​တွေကို စာရင်း​ပြုစုပြီး​ သ​ဘောတူ​ကြောင်း​လက်မှတ်ထိုး​ခိုင်း​ခဲ့​တယ်။

ထိုပုံစံမှာ လက်မှတ်​ရေး​ထိုး​မယ့်​သူဟာ ဥယျာဉ်ခြံပိုင်ရှင်အပြင် အီတာလျံ-ထိုင်း​ ကုမ္ပဏီက အရာရှိတဦး​၊​ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဌ ပိုင်ဆိုင်တဲ့​ Max Myanmar ကုမ္ပဏီက အရာရှိတဦး​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​၊​ မြို့​နယ်နှစ်ရှည်သီး​နှံအရာရှိနဲ့​ မြို့​နယ်​မြေစာရင်း​အရာရှိတို့​ ပါဝင်တယ်။ Max Myanmar ကုမ္ပဏီဟာ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန် ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​တည်​ဆောက်မယ့်​ ပြည်တွင်း​ကုမ္ပဏီတခု ဖြစ်ပါတယ်။

အီတာလျံ-ထိုင်း​ကုမ္ပဏီက လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲရမယ့်​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင်​တွေအတွက် ဥယျာဉ်ခြံ ပိုင်ရှင်ရွာသား​တွေနဲ့​ ​လျော်​ကြေး​တန်ဖိုး​ သတ်မှတ်ခြင်း​ကိစ္စကို အရင်ဦး​ဆုံး​ နှစ်ဦး​သ​ဘောတူညှိနှိုင်း​မှုရယူခဲ့​ခြင်း​မရှိဘဲ သစ်ပင်​တွေခုတ်လှဲပြီး​ လမ်း​ဖောက်လုပ်တာကို သ​ဘောတူညီ​ကြောင်း​ ​ဒေသအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ ဖိအား​ပေး​ လက်မှတ်ထိုး​ခိုင်း​ခဲ့​ပါတယ်။ အဲ့​ဒီအတွက်​ကြောင့်​ ရွာသား​တွေမှာ သူတို့​ဆုံး​ရှုံး​နစ်နာမှု​တွေအတွက် တန်ရာတန်​ကြေး​ရရှိဖို့​ ကုမ္ပဏီနဲ့​ အ​ပေး​အယူလုပ်နိုင်တဲ့​ အင်အား​ (Bargaining Power) ဆုံး​ရှုံး​ခဲ့​ရပါတယ်။

အီတာလျံ-ထိုင်း​ကုမ္ပဏီအ​နေနဲ့​ တဖက်မှာ ​ဒေသခံအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ စီမံကိန်း​ဒေသက ထား​ဝယ်​ကျေး​လက် လူထုအ​ပေါ် တဖက်သတ် ပြုမူ​ဆောင်ရွက်​နေသလို အခြား​တဖက်မှာ​တော့​ ရင်း​နှီး​မြှုပ်နှံသူ​တွေကို ဆွဲ​ဆောင်​ပြောဆို​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​က ဘန်​ကောက်မြို့​မှာကျင်း​ပတဲ့​ ထား​ဝယ်စီမံကိန်း​အ​ပေါ် ရင်း​နှီး​မြုပ်နှံမယ့်​သူများ​ကို ရှာ​ဖွေဆွဲ​ဆောင်တဲ့​ ရှင်း​လင်း​ပွဲတခုမှာ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ​တွေ ​ဆောက်လုပ်ဖို့​ ​မြေကွက်​တွေ စတင် စရံသတ်ထား​နိုင်ပါပြီလို့​ ​ကြေညာခဲ့​ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013