
ရခိုင်ပြည်နယ်အတွင်ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် မောင်တောနဲ့ ဘူးသီးတောင်မြို့တို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၈၀၀ ကျော် ရှိသွားပြီလို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အစိုးရသတင်းအရ ဘဂါင်္လီအင်အား ၄၀၀ လောက်ဟာ လက်နက်အစုံအလင်နဲ့ မောင်တောခရိုင်အတွင်း ရှိနေပြီး အဲ့ဒီသူတွေရန်ကို ကြောက်လို့ ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
မောင်တောမှာ ၂၀၀ လောက်၊ ဘူးသီးတောင်မှာ ၆၀၀ ကျော် ထွက်ပြေးရောက်ရှိလာကြတာဖြစ်ပြီး ဒီနေ့မှာ မောင်တောတောင်ပိုင်း ရွာတွေကပါ ထွက်ပြေးရောက်ရှိလာကြတာ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “အခုဆို ၆၀၀ ကျော် ရှိသွားပါပြီ၊ ဒီနေ့ ၀င်လာတဲ့စာရင်းတော့ မသိရသေးဘူး။ ဒီနေ့ ကား ၁၀ စီးလောက် ၀င်လာတယ်၊ မနေ့က ၁၀၀ ကျော်လောက် စစ်တွေကို ဆင်းသွားတယ်၊ ဒီ့ထက် တိုးလာနိုင်တယ်။ အရင်က မောင်တောမြောက်ပိုင်းကပဲ ပြေးလာတာ၊ အခုက တောင်ပိုင်းကပါ ထပ်တိုးလာနေတယ်။”
ထွက်ပြေးလာတဲ့သူတွေကို ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်က အထကခွဲကျောင်းမှာ နေရာချထားပေးတယ်၊ ရခိုင်နဲ့ မြို၊ သက် စတဲ့ တိုင်းရင်းသားတွေ ထွက်ပြေးလာကြတယ်လို့လည်း ပြောပါတယ်။
မောင်တောမြို့မှာတော့ ထွက်ပြေးလာကြသူတွေကို အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး ကြည့်ရှုစောင့်ရှောက်ထားကြပါတယ်။
နှစ်ဘက်တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံနဲ့ ၀န်ထမ်းတွေကိုလည်း အစိုးရက ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တာ ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်သူ











