DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်မှောက် ခရီးသည် ၁၀၀ ကျော် ပျောက်ဆုံး
DVB
·
October 15, 2016
ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်မှောက် ခရီးသည် ၁၀၀ ကျော် ပျောက်ဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းက အမြန်ရေယာဉ်တစင်း ချင်းတွင်းမြစ်တွင်း တိမ်းမှောက်ခဲ့ပြီး ခရီးသည် ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။

မိချောင်းတွင်းကျေးရွာ ပရဟိတအသင်းဥက္ကဋ္ဌ ဦးမြတ်ကြွယ်က “မနက် ၄ နာရီခွဲ ၅ နာရီလောက်ဆိုတော့ အော်သံတွေ ကြားလို့သာ ထွက်ကြည့်ကြရတာ၊ ဘယ်လို မှောက်တယ်လို့တော့ မသိလိုက်ရဘူး။ ကျနော်တို့ မိချောင်းတွင်း ပရဟိတအဖွဲ့က ၈၆ ယောက် ကယ်နိုင်တယ်၊ အထက်ကင်းက ၅၇ ယောက် ကယ်နိုင်တယ်လို့ သတင်းကြားပါတယ်၊ အောက် ကင်းက ၁၀၀ ကျော် ကယ်နိုင်တယ်၊ အတိအကျတော့ မသိသေးဘူး။ အောက်ဘက် ရွာတခုမှာ ၈ လောင်းလောက် ဆယ်တင်မိတယ်၊ ဆေးရုံမှာ ၃၀ လောက် ရောက်နေတယ်။”

ဟုမ္မလင်းကနေ မုံရွာကို ခုတ်မောင်းတဲ့ အေးငြိမ်းချမ်းသာ အမြန်ယာဉ်လိုင်းက အောင်စိုးမိုးကျော် အမြန်ရေယာဉ်မှောက်ခဲ့တာဖြစ်ပြီး ခရီးသည် ၃၀၀ လောက် လိုက်ပါလာတယ်လို့လည်း ပြောပါတယ်။

အမြန်ယာဉ်တိမ်းမှောက်တဲ့နေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အတူ ဒီနေ့မွန်းလွဲပိုင်းမှာ ရောက်ရှိနေတဲ့ တိုင်းကနီလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက အမြန်ယာဉ်မှာ ၀ိတ်များပြီး ၀ဲ အကွေ့မှာ တိမ်းမှောက်ခဲ့တာလို့ ပြောပါတယ်။

“၀ိတ်များတာ အိုဗာဝိတ်၊ အထူးသဖြင့် အခု ပျောက်ဆုံးသူတွေက ၀န်ထမ်းတွေ ၊ ကျောင်းပိတ်တဲ့ရာသီ၊ ကျောင်းသားတွေ များတယ်၊ အလောင်း ၅လောင်းတွေ့တယ်၊ ကယ်ဆယ်ထားတာက ၁၅၅ ယောက်၊ ပျောက်ဆုံးကတော့ ၁၀၀ ကျော်လောက် ပျောက်နေတယ်။”

ဟုမ္မလင်းထွက်လာတုန်းက ခရီးသည် ၁၆၈ယောက် တင်ဆောင်လာပြီး လမ်းမှာ ထပ်တင်တဲ့ခရီးသည်နဲ့ပေါင်းရင် အမြန်ယာဉ်ပေါ်မှာ ခရီးသည် ၃၀၀ ထက်မနည်း ပါလာကြောင်း လွတ်မြောက်လာတဲ့ ခရီးသည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013