Home မြန်မာသတင်း ဗေဒါစာဖတ်ခန်းဖွင့်ပွဲ တက်ရောက်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
ဗေဒါစာဖတ်ခန်းဖွင့်ပွဲ တက်ရောက်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
ရွှေအောင်
·
October 31, 2011
assk1 ဗေဒါအခမဲ့ပညာသင်ကျောင်းရဲ့ စာဖတ်ခန်းဖွင့်ပွဲနဲ့ နိုင်ငံရေးအသိပညာ သင်တန်းဆင်းပွဲအခမ်းအနားကို သင်တန်းကျောင်းတည်ရှိရာ ရန်ကုန် သင်္ယန်းကျွန်း ၁၆ ရပ်ကွက် အပိုင်းသုံး သုမနလမ်းမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အပါအဝင် အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
လာရောက်အားပေးကြတဲ့ မြို့နယ်ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကားပြောကြားခဲ့တယ်လို့ ဗဟိုပြန်ကြားရေးအဖွဲ့က ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လူထုကို လာရောက်အားပေးလို့ ကျေးဇူးတင်တဲ့အကြောင်းနဲ့ လူထုကို တန်ဖိုးရှိတဲ့ပြည်သူတွေ ဖြစ်စေလိုတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျမတို့က အနှစ် ၂၀ အတွင်း ဒီလိုဆက်ပြီး လုပ်နိုင်တာဟာ ပြည်သူရဲ့ အင်အားကြောင့်ဖြစ်ပါတယ်။ ပြည်သူ့ရဲ့ အားပေးမှုကြောင့် ထောက်ခံမှုကြောင့် ဖြစ်တယ်။ ဒါကြောင့်မို့ ကျမတို့က ပြည်သူရဲ့ ထောက်ခံခြင်းကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ကျမတို့ပြည်သူတွေကိုလည်း တန်ဖိုးရှိတဲ့ ပြည်သူများဖြစ်အောင် ကျမတို့ ပညာပေးသင်တန်းတွေ လုပ်တယ်ဆိုတာ ဒါပါပဲ။ ဗေဒါလို ပညာပေးသင်တန်းတွေ တခြား ပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေ လုပ်တယ်ဆိုတာဟာ ကျမတို့ ပြည်သူအားလုံးဟာ ပညာတွေတိုးတက်ပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်များဖြစ်ရအောင် ဒီလိုရည်ရွယ်ချက်နဲ့ ကျမတို့လုပ်တာပါ။ နိုင်ငံတနိုင်ငံရဲ့ အဓိက ရတနာတွေက ပြည်သူတွေပါပဲ။ ပြည်သူတွေတန်ဖိုးရှိမှ နိုင်ငံဟာ တန်ဖိုးရှိမှာပါ။ ကျမတို့ဟာ သဘာဝ သယံဇာတ ပစ္စည်းတွေကို အားမကိုးပါဘူး။ ပြည်သူတွေကိုပဲ အားကိုးပါတယ်။”
အခမ်းအနားမှာ အဖွဲ့ချုပ်ခေါင်းဆောင်တွေက သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းများ