မြန်မာနိုင်ငံဟာ ငါး၊ ပုစွန်တွေ သွင်းပြီး စားရမယ့်နိုင်ငံ မဟုတ်ဘူး – ဦးဝင်းကြိုင်

မြန်မာနိုင်ငံဟာ တချိန်တုန်းက သဘာဝသယံဇာတ၊ ငါးတွေ၊ ပုစွန်တွေ အရမ်းပေါပြီး အလျှံပယ်စားသောက်နိုင်တဲ့အပြင် ပြည်ပလည်း ပို့လို့ရကြောင်း၊ အခုတော့ အကြောင်းအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးနဲ့ ငါးတွေ၊ ပုစွန်တွေ တင်သွင်းပြီးတော့ စားရမယ့်နိုင်ငံ ဖြစ်သွားတဲ့အတွက် ၀မ်းနည်းစရာကောင်းကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။ လက်ရှိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ငါး၊ ပုစွန်နဲ့ စားသောက်ကုန်တွေ တင်သွင်းဖို့နဲ့ ပတ်သက်ပြီး ဦးဝင်းကြိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အခုလက်ရှိက ထိုင်းကနေ မြန်မာကို ငါးရယ်၊ ပုစွန်ရယ်၊ စားသောက်ကုန်တွေသွင်းဖို့ အဆိုပြုထားတယ်လို့ ကြားတယ်။ ဆရာတို့ဘက်က အဲဒါ ဟုတ်ပါသလား။ ဆရာတို့ရော ဘယ်လို ကြားထားသလဲ။ အဲဒါလေး စပြီး ပြောပေးပါခင်ဗျ။ ဖြေ - ကျနော်တို့ ပို့ကုန်လုပ်ငန်းရှင်တယောက်က ဒီ Border Trade ပေါ့။ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကနေတဆင့် ထိုင်းနိုင်ငံကနေပြီးတော့ ရေထွက်ကုန်ပစ္စည်း ၁၀ မျိုး တင်သွင်းခွင့်တောင်းတာပေါ့။ တောင်းတဲ့အခါမှာ အဓိက ငါးလုပ်ငန်း စီမံခန့်ခွဲတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ကျနော်တို့ရဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်ကို သဘောထားမှတ်ချက် တောင်းလာတယ်ပေါ့နော်။ ဒီတင်သွင်းမှုနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ သဘောထားမှတ်ချက်ကို သိချင်တယ်ပေါ့။ အဲဒီတင်သွင်းဖို့ လျှောက်ထားတဲ့ လုပ်ငန်းရှင်ကလည်း ကျနော်တို့ရဲ့ အတွင်းစည်းထဲကပါပဲ။ အိက်စ်ပို့အသင်းရဲ့ အမှုဆောင်ပေါ့နော်။ သူက ကုမ္ပဏီပေါ့။ အဲဒီကုမ္ပဏီအနေနဲ့ သွင်းဖို့လျှောက်တာပေါ့။ သူ့ကိုလည်းခေါ်တယ်။ မွေးမြူထုတ်လုပ်နေတဲ့ အသင်းတွေလည်း ကျနော်တို့ ဖိတ်လိုက်တယ်ပေါ့။ နောက် အိက်စ်ပို့လုပ်တဲ့အသင်းလည်း  ဖိတ်ပြီးတော့ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ကျနော်တို့ အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေးလုပ်ပြီးတော့ ကျနော်တို့ ဘက်စုံထောင့်စုံက ဆွေးနွေးသုံးသပ် စဉ်းစားပြီးတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူက တင်သွင်းဖို့အတွက် လျှောက်ထားတဲ့ ခွင့်ပြုချက် တောင်းတဲ့အထဲမှာ ငါး ၁၀ မျိုးပါတယ်။ အဲဒီ ၁၀ မျိုးမှာ ကျနော်တို့နိုင်ငံမှာ အောင်အောင်မြင်မြင်နဲ့ မွေးမြူထုတ်လုပ်ပြီးတော့ နိုင်ငံခြားကိုတောင်ပို့နေတဲ့ ငါး ၃ မျိုး ပါတယ်။ အဲဒီ ၃ မျိုးက နံပါတ်တစ် ငါးမြစ်ချင်းပေါ့နော်။ နံပါတ်နှစ်က ငါးကြင်းဖြူ။ နံပါတ်သုံးက ရွှေဝါငါးကြင်းပေါ့။ ဒီ ၃ မျိုးက ကျနော်တို့နိုင်ငံမှာ အောင်အောင်မြင်မြင် မွေးမြူထုတ်လုပ်လို့ ကိုယ့်နိုင်ငံထဲမှာ စားဖို့လုံလောက်ရုံတင်မကဘူး။ ဒီ ငါး ၃ မျိုးက ပြည်ပပို့ကုန်အဖြစ်ပါ ပို့နေရတဲ့ငါးပေါ့။ ငါးမြစ်ချင်းဆိုရင် ကမ္ဘာမှာ ကျနော်တို့က ဒုတိယအများဆုံးမွေးတဲ့ တိုင်းပြည်။ အိန္ဒိယပြီးရင်ပေါ့နော်။ ဧက ၂ သိန်းခွဲမှာ ၈၀ ရာနှုန်း ငါးမြစ်ချင်း အဓိကထားမွေးတယ်။ အိက်စ်ပို့ကျတော့ ကမ္ဘာမှာ အများဆုံးပို့တဲ့တိုင်းပြည်ပေါ့။ ကျနော်တို့နိုင်ငံက အိန္ဒိယက သူ့ရဲ့နိုင်ငံ လူဦးရေနဲ့ အိက်စ်ပို့လုပ်ခွင့်မပေးတော့ ကျနော်တို့က ဒုတိယအများဆုံးပေမယ့် ကမ္ဘာ့ဈေးကွက်ထဲကျတော့ ငါးမြစ်ချင်း အများဆုံးပို့တဲ့ တိုင်းပြည်ပေါ့နော် ကျနော်တို့နိုင်ငံက။ ဒီငါးတမယ်စီအလိုက်လည်း မြန်မာပြည်မှာ ထိပ်ဆုံးအိက်စ်ပို့လုပ်တဲ့ နံပါတ်တစ် ငါးအမျိုးအစားက ငါးမြစ်ချင်းပဲ။ ဒီလောက်အောင်မြင်တဲ့ ငါးကို ထိုင်းနိုင်ငံထဲက မြန်မာနိုင်ငံဈေးကွက်ထဲကို သွင်းလာဖို့ဆိုတာ မလိုအပ်ဘူးပေါ့။ ငါးကြင်းဖြူလည်း ထိုနည်းလည်းကောင်းပါပဲ။ တွဲဖက်မွေးတဲ့ငါးထဲ ပါတယ်။ အိက်စ်ပို့လုပ်တဲ့ငါးထဲ ပါတယ်၊ မြန်မာပြည်က မွေးပြီးတော့။ ရွှေဝါငါးကြင်းလည်း ထိုနည်းလည်းကောင်းပဲ။ ဒါကြောင့် ဒီငါး ၃ မျိုးကတော့ မြန်မာ့ဈေးကွက်ထဲမှာ မလိုအပ်ဘူးလို့၊ သွင်းဖို့မလိုဘူး၊ ခွင့်ပြုစရာ မလိုအပ်ဘူးလို့ ကျနော်တို့က ဒီလိုပဲ အဖြေထုတ်ပြီးတော့။ ကျန်တဲ့ ငါးရောင်။ ငါးရောင်ကတော့ မွေးမြူရေးငါးတော့ မဟုတ်ဘူး။ သဘာဝက ဖမ်းတဲ့ငါး။ ငါးခြောက်လုပ်တဲ့ငါး။ ဒါ ကျနော်တို့ရဲ့ရေပြင်မှာ အရင်တုန်းက အများကြီးဖမ်းမိတယ်။ အခု ငါးရောင်က ရှားသွားပြီပေါ့နော်။ အဲဒီတော့ ငါးခြောက်လုပ်တဲ့ငါးဆိုတော့ လိုအပ်တယ်ပေါ့နော်။ လိုအပ်တဲ့အတွက်ကြောင့်၊ သဘာဝက ဖမ်းတာဖြစ်တဲ့အတွက် ကျနော်တို့က ငါးရောင်ကို သွင်းခွင့် ပြုလိုက်တယ်။ နောက်တခါ ဒုတိယက ကကတစ်ပေါ့။ ကကတစ်ကလည်း ထိုင်းနိုင်ငံကျတော့ သူက မွေးမြူရေးအောင်မြင်တဲ့ငါးပေါ့။ မြန်မာနိုင်ငံမှာကျတော့ မွေးမြူရေးမအောင်မြင်ဘူး ဒီငါးက။ သဘာဝကို အခြေခံပြီးတော့ ဖမ်းတာပဲရှိတော့ သဘာဝက ဖမ်းတဲ့အချိန် မဟုတ်ရင် ရှားတယ်။ ဈေးကြီးတယ်။ ထိုင်းကတော့ မွေးမြူရေး အောင်မြင်နေတော့ ဒီငါးက ဈေးကွက်ထဲမှာ အမြဲရှိတော့ ဒါ မြန်မာ့ဈေးကွက်မှာ ကကတစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိလို့ ဒါကတော့ ကျနော်တို့ ခွင့်ပြုသင့်တယ် ပြောတယ်။ နောက် ပုစွန်တွေပေါ့။ မြန်မာနိုင်ငံမှာ ပုစွန်တွေက မွေးမြူထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရတဲ့အခါကျတော့ ပုစွန်ဖြူ၊ ဘနားမီးဆိုတဲ့ ပုစွန်ဖြူ၊ နောက်တခါ ရေချိုပုစွန်။ သားဖောက်ကရော၊ မွေးမြူရေးရော၊ သဘာဝဖမ်းဆီးမှုရော အခက်အခဲတွေရှိနေတော့ အဲဒီပုစွန်တွေလည်း သွင်းမယ်ဆိုရင် သွင်းခွင့်ပေးသင့်တယ်လို့ ကျနော်တို့က မှတ်ချက်ပေးလိုက်တဲ့အထဲမှာ ပါတယ်။ နောက်တခါ ငါးရံ့နဲ့ ငါးပြေမပေါ့။ ငါးရံ့နဲ့ ငါးပြေမက ကျနော်တို့ဆီမှာ သဘာဝက ရာသီနဲ့ပဲရတဲ့ ငါးမျိုး။ ကကတစ်လိုပဲ။ မွေးမြူရေး မအောင်မြင်ဘူး။ ထိုင်းကျတော့ ငါးပြေမရော ငါးရံ့ရော မွေးမြူရေးအောင်မြင်တဲ့ ငါးတွေ။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ရှားတဲ့ကာလ၊ ဈေးကြီးတဲ့အချိန်ဆိုရင် ထိုင်းရဲ့မွေးမြူရေးငါးကို ပြည်တွင်းကို အစားထိုးသွင်းတာမျိုးပေါ့။ ဒါမျိုးက ယာယီအားဖြင့်ပေါ့။ ကိုယ်လည်း မွေးမြူရေး မအောင်မြင်သေးဘူး။ ကိုယ့်ဈေးကွက်မှာလည်း ရာသီအလိုက်ပဲရတဲ့ငါးမျိုး ဖြစ်နေတော့ ဒီငါးမျိုးတွေ သွင်းမယ်ဆိုရင် ယာယီအားဖြင့်ပေါ့ အကန့်အသတ်နဲ့ သွင်းခွင့်ပြုမယ်ဆို ပြုလို့ရတယ်လို့ မှတ်ချက်ပေးလိုက်တယ်။ ငါးလုပ်ငန်းဦးစီးဌာနကို ပြန်ပြီးတော့ သဘောထားမှတ်ချက် ပေးလိုက်တယ်။ အဲဒီမှတ်ချက်ထဲမှာ ကျနော်တို့ရဲ့ သဘောထားမှတ်ချက်က ဒီလောက်တင် မဟုတ်ဘူး။ နယ်စပ်ကနေပြီးတော့ အဲဒီလို ငါးမျိုးတွေပေါ့နော်။ မြန်မာနိုင်ငံဈေးကွက်လိုအပ်ချက်အရ ဒီငါးမျိုးတွေ သွင်းချင်တယ်ဆိုရင် ကုမ္ပဏီတခုတည်းကို ပေးတာမျိုးထက်စာရင် မည်သည့်ကုမ္ပဏီ၊ မည်သည့်အဖွဲ့အစည်းက လျှောက်လျှောက်ပေးသင့်တယ် နံပါတ်တစ်အချက်က။ နံပါတ်တစ် ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ကုမ္ပဏီတခုတည်းကို သွားပေးရင် မိုနိုပိုလီလုပ်မှာစိုးလို့။ မည်သည့်ကုမ္ပဏီမဆို ပေးပါ နံပါတ်တစ်က။ နံပါတ်နှစ်က တရားဝင်ကုန်သွယ်မှုနဲ့ လိုင်စင်လျှောက်ပြီးတော့ အခွန်ဆောင်ပြီးတော့ သွင်းတဲ့ ကုန်သွယ်မှု ဖြစ်သင့်တယ် နံပါတ်နှစ်ပေါ့။ နံပါတ်သုံးက ပြည်သူတွေ စားသုံးဖို့သွင်းတဲ့ ငါးတွေ ဖြစ်တာကြောင့် ထိုင်းနိုင်ငံ FDA ရဲ့ စားသုံးရန် သင့်၊ မသင့်ဆိုတဲ့ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်ပါဖို့ လိုအပ်တယ်။ နံပါတ်လေးကတော့ ဒီငါးတွေ၊ ပုစွန်တွေ သွင်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်မှာလည်း ငါး၊ ပုစွန်တွေရှိတယ်။ မွေးမြူရေးလည်းရှိတော့ ဒီမွေးမြူရေးရော၊ သဘာဝပတ်ဝန်းကျင်ရော မထိခိုက်တဲ့ ငါး၊ ပုစွန် ရောဂါတွေမပါအောင် လက်မှတ်တွေ ပါရမယ်ပေါ့နော်။ ရောဂါကင်းရှင်းကြောင်း လက်မှတ်တွေ။ အဲဒီအချက်တွေ ကျနော်တို့က Criteria အနေနဲ့ ထည့်ပြီးတော့ အကြံပြုလိုက်တယ်။ အဲဒီတော့ ထိုင်းဘက်က ဘယ်လိုပဲ လက်မှတ်တွေ ပြည့်စုံစေကာမူ မြန်မာနိုင်ငံဘက်ကလည်း လိုအပ်ရင် ပြန်စစ်ပါလို့ ဒီဟာတွေကိုနော်။ ရောဂါကင်းရှင်းကြောင်း၊ လူတွေစားသုံးဖို့အတွက် အဆင်ပြေကြောင်းပေါ့နော်။ ဒါတွေ ကျနော်တို့ ထည့်လိုက်တယ်။ နောက်ပြီးတော့ နယ်စပ်ဝင်ပေါက်တွေကနေပြီး ငါးတင် မဟုတ်ပါဘူး၊ ပုစွန်တင် မဟုတ်ပါဘူး၊ ကြက်သားတွေ၊ ကြက်ဥတွေ၊ ကြက်ကလီစာတွေ၊ ကြက်တောင်ပံ၊ လည်ချောင်းရိုး… ဘေးထွက်ပစ္စည်းတွေပေါ့၊ ဥဒဟို ဝင်လာတာတွေ ရှိတယ်။ စည်းမဲ့ကမ်းမဲ့ပေါ့နော်။ နောက်ဆုံး ကြက်အရှင်၊ ကြက်သားပေါက်တွေတောင် ဝင်တယ်လို့ သတင်းတွေ ကျနော်တို့ရတယ်။ ဆိုတဲ့အခါကျတော့ ဒါတွေလည်း အန္တရာယ်တော်တော်ကြီးတယ်။ တိုင်းပြည်အတွက်လည်း နစ်နာတယ်။ အန္တရာယ်လည်း ကြီးတဲ့အတွက်ကြောင့်မို့ နယ်စပ်ထွက်ပေါက်တွေကို လုံခြုံအောင် ပိတ်ဆို့တားဆီးမှုတွေ လုပ်သင့်တယ်လို့။ တရားဝင်ကုန်သွယ်ရေးပဲ ခွင့်ပြုသင့်တယ်လို့ ကျနော်တို့ အကြံပြုပါတယ်။ နောက်တခုက ကျနော်တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထပ်ပြီးအကြံပြုတာက ကျနော်တို့နိုင်ငံမှာ ဒီငါးမျိုးတွေက အောင်မြင်တဲ့ မွေးမြူရေးစနစ်ကို ထူထောင်ရင် ရတယ်။ ထိုင်းနိုင်ငံကဲ့သို့ ငါးရံ့တွေ၊ ငါးပြေမတွေ၊ ကကတစ်တွေ မွေးလို့ရတယ်။ ဒါပေမယ့် ကျနော်တို့က ဒီစနစ်တွေကို မထူထောင်နိုင်တဲ့အခါကျတော့ သဘာဝကိုပဲ အခြေပြုပြီးတော့ ဒီငါးတွေကို စားရတဲ့အခါကျတော့ ကျနော်တို့မှာ ဒီငါးတွေက ရာသီတိုင်း မပေါတော့ဘူးပေါ့နော်။ သူ့ငါးဖမ်းရာသီမဟုတ်တဲ့အချိန်ကျတော့ ရှားပြီးတော့ ဈေးကြီးတယ်ပေါ့။ အဲဒီအတွက် အောင်မြင်တဲ့ မွေးမြူရေးစနစ်တွေ ထူထောင်ဖို့ အားပေးသင့်တယ်လို့ ကျနော်တို့က မြန်မာနိုင်ငံမှာ အစိုးရကို ဆက်ပြီးတော့ အကြံပြုပြီး တင်ပြလိုက်ပါတယ်။ မေး - ဆရာတို့က ယာယီခွင့်ပြုလိုက်တယ်ဆိုတော့ ဒီရာသီအပေါ်မှာ မူတည်ပြီးတော့ ဖမ်းဆီးနေတဲ့ ရေလုပ်သားတွေအတွက်ရော ဘယ်လိုမျိုး ထိခိုက်မှုတွေ ဖြစ်လာနိုင်မလဲ။ ငါးဈေးတွေ အပြောင်းအလဲ ဘယ်လိုဖြစ်လာမလဲ။ အဲဒါလေး ဆရာ ပြောပေးပါဦး။ ဖြေ - သဘာဝကိုဖမ်းတဲ့ ရေလုပ်သားအတွက်တော့ အခက်အခဲမရှိဘူးဗျ။ သူ့မှာ ငါးဖမ်းကိရိယာနဲ့ လူနဲ့ပဲ ရင်းတာလေ။ သယံဇာတက သဘာဝကို အခြေခံတာဆိုတော့ သူက အရင်းအနှီးမရှိဘူးလို့ ပြောလို့ရတယ်။ အဲဒီတော့ ပြည်သူတွေ စားသုံးဖို့အတွက်ကျတော့ ငါး၊ ပုစွန်ဟာ ရာသီအလိုက် မဟုတ်တော့ဘဲ ပုံမှန်ဈေးကွက်ထဲမှာ ဝယ်လို့ရနေရင် ပြည်သူတွေအတွက် ဈေးကြီးတာတို့ ဘာတို့ မဖြစ်ဘူးပေါ့။ အခက်အခဲမဖြစ်ဘူးပေါ့နော်။ စားသုံးသူများအတွက်ပေါ့။ ဒီအတွက် ရည်စူးပြီးတော့ ကျနော်တို့က ဒါကို ကိုယ်မမွေးနိုင်တဲ့ငါးမျိုးတွေ ပြည်ပက သွင်းလာရင် အကန့်အသတ်နဲ့ ယာယီခွင့်ပြုတာ။ ကိုယ့်ဆီမှာလည်း ဒီမွေးမြူရေးစနစ်ကို ထူထောင်ဖို့ ကြိုးစားပေါ့နော်။ ကိုယ်အောင်မြင်လာလို့ ကိုယ့်ဆီမှာ ထုတ်လာနိုင်ရင် ကိုယ်ကတောင် ပြန်ပို့မယ်ပေါ့။ သဘောကလေ သူများဆီက ပြန်သွင်းစားမယ့်အစား။ တကယ်တော့ မြန်မာနိုင်ငံဟာ ငါးတွေ၊ ပုစွန်တွေ တင်သွင်းစားရမယ့်နိုင်ငံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ရေ၊ မြေ၊ ရာသီဥတု၊ သယံဇာတက တချိန်တုန်းကလည်း သဘာဝ သယံဇာတကလည်း ငါးတွေ၊ ပုစွန်တွေ အရမ်းပေါပါတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ လူတွေအတွက် အလျှံပယ်စားသောက်နိုင်တဲ့အပြင် ပြည်ပလည်း ပို့လို့ရတယ်။ အခုကတော့ အကြောင်းအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးနဲ့ ငါးတွေ၊ ပုစွန်တွေ တင်သွင်းပြီးတော့ စားရမယ့်နိုင်ငံ ဖြစ်သွားတာ။ ဒါလည်း ဝမ်းနည်းစရာပေါ့နော်။ ဒီဝမ်းနည်းစရာအခြေအနေကိုတော့ ကျနော်တို့က ကျော်လွှားလို့ရပါတယ်။ ကိုယ့်ရဲ့ အင်မတန်ကောင်းမွန်တဲ့ သယံဇာတကို အသုံးချရမယ်ပေါ့နော်။ မွေးမြူရေးမှာ အောင်မြင်အောင်ပေါ့။ အဲဒီလို အသုံးချနိုင်လို့ အောင်မြင်လာခဲ့ရင် ကျနော်တို့က ကျနော်တို့ စားဖို့လည်း ပိုမယ်။ သူများလည်း ပို့နိုင်မယ်ဆိုတဲ့အဆင့် ရောက်ဖို့ အခြေအနေ ရှိပါတယ်။ သို့သော်လည်း အဲဒီအခြေအနေ မရောက်သေးခင်မှာ သူများမွေးတဲ့ဟာတွေကို သွင်းပြီး စားရတယ်ဆိုတဲ့အခါကျတော့ မြန်မာလူမျိုးတွေအနေနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပေါ့ဗျာ ရှက်စရာကောင်းတာပေါ့ ဒါနဲ့ပတ်သက်ရင်။ မေး - ဆရာတို့ အခုလိုမျိုး ဖြစ်လာတဲ့အတွက် ငါးလုပ်ငန်းရှင်တွေဘက်ကရော ဘယ်လို စိုးရိမ်မှုတွေရှိကြလဲ။ ဆရာ အဲဒါလေးလည်း ပြောပြပေးပါ။ ဖြေ - မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာ ရှားပြီး ဈေးကြီးငါးတွေ သွင်းလာတာကတော့ ဘယ်သူမှ ဘာမှ ဒီအပေါ်မှာ စိုးရိမ်ပူပန်မှု မရှိပါဘူး ဒါနဲ့ပတ်သက်ပြီးတော့လေ။ အားလုံးက မွေးတဲ့လူကလည်း ကိုယ်လည်း မွေးတယ်၊ ကိုယ်လည်း စားတယ် ဆိုတဲ့အခါကျတော့ ကိုယ်မွေးတဲ့ငါး မဟုတ်လို့၊ သူမွေးတဲ့ငါးမို့လို့ ဒီလို မဟုတ်ပါဘူး။ စားသုံးသူတွေက အဆင်ပြေပြေနဲ့ ဈေးကွက်ထဲမှာ အမြဲရှိပြီးတော့ ပုံမှန်ဈေးနဲ့ စားရမယ်ဆိုရင်။ မြန်မာတွေက ငါးကြိုက်တယ်လေ။ စောစောကပြောတဲ့ ငါးရံ့တို့၊ ကကတစ်တို့၊ ငါးပြေမတို့ဆိုတာ မြန်မာလူမျိုးတွေ ကြိုက်တဲ့ ငါးတွေပဲ။ ဒါပေမယ့် အရင်လို မပေါတော့လို့သာ ထိုင်းကသွင်းဖို့ ကြိုးစားကြတဲ့အခြေအနေ ဖြစ်လာတာကိုး။ ဈေးတွေ ကြီးလာတော့။ အဲဒီလိုမျိုးပါ။ မေး - ဆရာ ခုနကပြောတဲ့ အခက်အခဲတွေ ရှိတယ်ဆိုတဲ့အတွက် ထိုင်းဘက်က သွင်းတယ်ဆိုတာ။ ဘယ်လိုအခက်အခဲတွေရှိနေလို့ ထိုင်းဘက်ကသွင်းလာတဲ့အဆင့်အထိ ဖြစ်သွားတာလဲ။ အဲဒါလေးလည်း ပြောပြပေးပါဦး။ ဖြေ - ဒီမှာပေါ့ဗျာ။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ ရေကြီးတယ်ဗျ နံပါတ်တစ်က။ နံပါတ်နှစ်က ရေကြီးလို့ ငါးကန်၊ ပုစွန်ကန်တွေ မြုပ်သွားတာရှိတယ်။ ဒါက တိုက်ရိုက်ထိခိုက်တာပေါ့။ နောက် ဒုတိယက ကျနော်တို့ ဆုံးရှုံးသွားတဲ့ အဓိက ထိခိုက်နစ်နာမှုက စိုက်ပျိုးရေးလုပ်ငန်းတွေ ရေကြီးတော့ အစာတွေ ရှားပါးတာတွေ၊ ဈေးမြင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့ အစာဈေးနှုန်းကြီးတယ်ဆို ထုတ်လုပ်မှုစရိတ်က တက်တာပဲ။ ထုတ်လုပ်မှုစရိတ် တက်တယ်ဆို ငါးဈေးကလည်း တက်တာပဲ။ အဲဒီတော့ ရေမြုပ်လို့ရယ်၊ အစာရှားလို့ရယ် ထုတ်လုပ်မှုက လျော့သွားတယ် ပုံမှန်ထက်စာရင်။ ဈေးကွက်ထဲမှာ ငါးဈေးနည်းနည်းတက်သွားတယ်။ တက်သွားတဲ့အခါကျတော့ ဒီငါးဈေးပေါ်မှာ မူတည်ပြီးတော့ ထိုင်းဘက်က ဒီငါးရှိတဲ့အခါကျတော့ ဒီကို သွင်းပြီးတော့ရောင်းရင် ဒီမှာ ဈေးနည်းနည်းရတဲ့သဘော ရှိတော့ အကျိုးအမြတ်ရှိတယ်ဆိုတဲ့အခါကျတော့ ကုန်သည်က ဟိုဘက်မှာ ဒီပစ္စည်းရှိတယ်၊ ဈေးသက်သာတယ်။ ဒီဘက်မှာ ဈေးကောင်းတယ်။ ဒီဟာကို အကျိုးအမြတ်သဘောအရ ကုန်သည်က သယ်လာဖို့ ကြိုးစားတာပေါ့နော်။ ကုန်သည်ရဲ့ သဘောသဘာဝက အဲဒီလို ဖြစ်တာပါ။ အဲဒီတော့ ဒီဘက်မှာ အခက်အခဲရှိတယ်ဆိုတာက လက်ရှိမှာ ကျနော်တို့ရဲ့ မွေးမြူရေးဟာ ရေသတ္တဝါမျိုးစုံ မမွေးနိုင်သေးဘူး။ ရေသတ္တဝါမျိုးစုံက တခြားနိုင်ငံတွေမှာ အကုန်မွေးနိုင်နေပြီ။ ကျနော်တို့မှာ မမွေးနိုင်ဘူး။ စီးပွားဖြစ်ငါး နည်းနည်းလေးပဲ မွေးနိုင်သေးတယ်။ အဲဒီတော့ ကျနော်တို့က သဘာဝကို အခြေခံတဲ့ငါးမျိုးတွေမှာ ကျနော်တို့က သဘာဝက ရှားသွားတဲ့အခါကျတော့ ဈေးကြီးတဲ့အခါမှာ ကျနော်တို့ဆီမှာ အဲဒီငါးတွေ ရှားတာတို့၊ ဈေးကြီးတာတို့ ရှိတယ်။ အဲဒီဟာတွေကို အစားထိုးဖို့ဆိုရင် မွေးမြူရေးစနစ်ကို ထူထောင်ရမယ်။ အဲဒီဟာ မထူထောင်နိုင်သေးဘူး။ တခြားနိုင်ငံတွေမှာ အောင်အောင်မြင်မြင် ထူထောင်နိုင်နေပြီ။ ငါးရံ့မွေးတယ်၊ ကကတစ်မွေးတယ်၊ ငါးခူမွေးတယ်၊ ငါးပြေမမွေးတယ်။ တခြားနိုင်ငံတွေမှာ ငါးကျည်းမွေးတယ်ပေါ့။ အဲဒီ သဘာဝကို အခြေခံဖမ်းတဲ့ ငါးတွေပဲ။ သို့သော် သူတို့က အောင်မြင်တဲ့ မွေးမြူရေးစနစ်ကို ထူထောင်နိုင်တဲ့အခါကျတော့ ဒီငါးတွေက ဈေးကွက်ထဲမှာ အချိန်မရွေးရှိတယ်။ ကျနော်တို့ဆီမှာက သဘာဝကို ဖမ်းပြီးတော့ အားကိုးရတော့ သဘာဝက ဖမ်းလို့မမိတဲ့အချိန်ဆိုရင် ဒီငါးတွေက ရှားနေတာပေါ့။ ဈေးကြီးနေတာပေါ့။ အဲဒါပါ။ မေး - ဟုတ်ကဲ့ဆရာ။ နောက်ဆုံးအနေနဲ့ ဆရာ့အနေနဲ့ ဒီလိုတင်သွင်းတာနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေး ပြောပြချင်ပါလဲ ခင်ဗျ။ ဖြေ - အမှန်တကယ်က မြန်မာနိုင်ငံဟာ ငါး၊ ပုစွန်တွေ သွင်းပြီးစားရမယ့်နိုင်ငံ မဟုတ်ဘူး။ ကျနော် ခုနတုန်းက ပြောတဲ့စကားထဲမှာ။ မြန်မာပြည်က အင်မတန် ကိုယ့်ရဲ့ကောင်းမွန်တဲ့ ရေ၊ မြေ၊ ရာသီဥတု၊ သယံဇာတကို အသုံးချပြီးတော့ ငါး၊ ပုစွန်တွေ မွေးမြူထုတ်လုပ်ပြီးတော့ ကိုယ်လည်းစား၊ သူများကို တကမ္ဘာလုံးကိုလည်း ပို့နိုင်တဲ့ အရည်အချင်းရှိတဲ့နိုင်ငံ။ ဒါပေမယ့် အဲဒီနိုင်ငံအဆင့်ကို ရောက်ဖို့မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်စွက်ပြီးတော့ ဆောင်ရွက်ပေးရင် ငါး၊ ပုစွန် တင်သွင်းပြီးစားစရာမလိုတဲ့ နိုင်ငံပါ။ ကိုယ်ကပဲ ပို့ရမယ့်နိုင်ငံပါ။ အဲဒါလေးတော့ ကျနော့်မှတ်ချက်ကလေးနဲ့ ပြောချင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up