ကုလလူသားချင်းစာနာမှုဆိုင်ရာရုံး အကြီးအကဲ ကချင်ဒုက္ခသည်များကို တွေ့ဆုံ
DVB
·
October 14, 2016
မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲ စတီဗင်အိုဘရိုင်ယန်ဟာ အောက်တိုဘာ ၁၃ ရက်က ကချင်ပြည်နယ်ကိုသွား ရောက်ပြီး စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံပါတယ်။
ဝေကျိုင်နဲ့ မိုင်းနား ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းရှိ နေစရာမဲ့ ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာဖြစ်ပြီး စစ်ပွဲတွေကြောင့် ၅ နှစ်ကျော်ကြာ အိမ်မပြန်နိုင်ကြသေးတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံအားပေးစကား ပြောခဲ့တယ်လို့ ရန်ကုန်ရှိ ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပါတယ်။
စတီဗင်အိုဘရိုင်ယန်ဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အောက်တိုဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဒီလို တွေ့ဆုံရာမှာ မြန်မာပြည်သူအားလုံးအတွက် အဓိကအရေးကြီးတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ရေးလုပ်ငန်းတွေ အတူတကွ လုပ်ဆောင်ဖို့ အတွက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂရုံးထုတ်ပြန်ချက်အရ သိရပါတယ်။