DVB Logo
Home
မြန်မာသတင်း
အစာငတ်ခံဆန္ဒပြနေသည့် နိုင်ရေးအကျဉ်းသားတချို့ စစ်ခွေးတိုက်ပို့ခံရ
DVB
·
October 31, 2011
အစာငတ်ခံဆန္ဒပြနေသည့် နိုင်ရေးအကျဉ်းသားတချို့ စစ်ခွေးတိုက်ပို့ခံရ
Donate to DVB

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦး စစ်ခွေးတိုက် ပို့ခံထားရတယ်လို့​​ ​ထောင်တွင်းသတင်း​ ​အရ​ ​ကြားသိရကြောင်း အစာငတ်ခံ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုညီညီထွန်းရဲ့ နှမက ပြောပါတယ်။

“လူတွေ့ရော ပါဆယ်ပါပိတ်ထားတယ်။ အခြေအနေ​ ​မေးကြည့်တဲ့အခါကျတော့​​ ​ထောင်တွင်းပြစ်ဒဏ်တခု ရှိတဲ့အတွက်ကြောင့်မို့လို့ ပါဆယ်ရော လူတွေ့တွေရော ပိတ်ထားတဲ့အကြောင်းပြောတယ်။ အပြင်က ဒီပြင်အမှုတွေနဲ့ သွားတွေ့ကြတဲ့ မိသားစုတွေ ထွက်လာကြပြီး ပြောတာကတော့ အထဲမှာ အစာငတ်ခံ ဆန္ဒပြကြတယ်ဆိုတာ အကျဉ်းသားတချို့လည်း​ ကြားတယ်လေ၊ သူတို့ဆီက ဘယ်လိုထွက်လာလဲဆိုတော့ စစ်ခွေးတိုက်ကို ရောက်နေတယ်လို့ ပြောတယ်။ သေသေချာချာတော့ သတင်းကို တိတိကျကျ မသိရဘူး။”

ကိုညီညီထွန်းဟာ ကန္တာရ၀တီသတင်း အယ်ဒီတာဖြစ်ပြီး အင်းစိန်ထောင်မှာ ထောင် ၁၃ နှစ်ကျခံနေရသူ ဖြစ်ပါတယ်။

ကိုညီညီထွန်း၊ ကိုဥာဏ်ထွန်းလင်းတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စနေနေ့က စစ်ခွေးတိုက် ပို့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုများ ကွန်ရက်က ကိုအောင်ဇော်ထွန်းကလည်း ပြောပါတယ်။

ထောင်တာဝန်ရှိသူတွေက အထက်ကအမိန့်အရ အရေးယူထားလို့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတယ်လို့သာပြောပြီး ဘယ်အချိန်ထိ ပိတ်ထားသလဲ ဆိုတာသေချာမပြောလို့ လာမယ့် ကြာသပတေးနေ့မှာ ထောင်ဝင်စာ သွားတွေ့ဦးမယ်လို့လည်း ကိုညီညီထွန်းရဲ့နှမက ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်ကစပြီး နိုင်ငံရေးအကျဉ်းသား လျှော့ရက် ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက စတင်အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး​​ ​ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ နောက်ထပ် ဆန္ဒပြအကျဉ်းသား ၂၀ ထပ်တိုးလာသလို ​ထောင်အာဏာပိုင်တွေကလည်း ပါဆယ်ပို့ခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီ က တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြတဲ့အခါမျိုးမှာ ထောင်တာဝန်ရှိသူတွေက အခုလိုမျိုး လုပ်လေ့ရှိတဲ့အတွက် ကျန်းမာရေး ချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆုံးနိုင်တာကို အထူးစိုးရိမ်မိတယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

အေအေပီပီရဲ့ စာရင်းတွေအရ အင်းစိန်ထောင်တွင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၅၀ လောက် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013