သေဆုံးသည်အထိ အပြစ်ပေးခဲ့သည့် ဗိုလ်လောင်းကို အရေးယူပေးရန် မိသားစုတောင်းဆို
DVB
·
October 13, 2016
စစ်တက္ကသိုလ်မှာ သင်တန်းသားအချင်းချင်း အသက်သေဆုံးတဲ့အထိ ဆုံးမအပြစ်ပေးခဲ့တဲ့ ဗိုလ်လောင်းကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပေးဖို့ သေဆုံးသူရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။
ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ အခန်းသန့်ရှင်းရေး မလုပ်လို့ဆိုပြီး ဒုတိယနှစ်ကျောင်းသား အောင်ညီညီဇော်ကို နောက်ဆုံးနှစ်ကျောင်းသား ဗိုလ်လောင်းဇွဲမာန်အောင်က အပြစ်ပေးတဲ့အနေနဲ့ ထိုးကြိတ်ကန်ကျောက်ရာမှ ရင်ဘတ်ကိုထိပြီး နှလုံးထိခိုက် သေဆုံးသွားတာပါ။
သေဆုံးသူရဲ့ဖခင် ဦးခင်ဇော်ဝင်းက “ခံစားရတာတော့ ပြောပြလို့ ကုန်မယ်မထင်ဘူး။ အခုလည်း ရက်လည်ဆိုတော့ ဒီနေ့အထိ ခံစားရတုန်းပဲ။ သူ့ကို မျှော်လင့်ထားတာ အများကြီးပဲ။ အကြီးကြီးကို မျှော်လင့်ထားတာ။ အခုလို လမ်းခုလတ်မှာ ဒီလိုဖြစ်မယ်လို့ တခါမှ တွေးမထားဘူး။ ဆုံးမတာတော့ ဆုံးမတာပေါ့။ ဒီလောက်ဖြစ်အောင် ဆုံးမတယ်ဆိုတာကတော့ နောက်နောင် ဒီလိုအဖြစ်မျိုးတွေကို မကြားချင်ဘူး။ ဖြစ်လည်း မဖြစ်စေချင်ဘူး။ ဆုံးမတာ ဆုံးမတဲ့နည်း အများကြီးရှိပေမယ့် ဒီလို အသက်သေလောက်အောင် ဆုံးမတာမျိုးတွေတော့ မတွေ့လည်း မတွေ့ချင်ဘူး။ စစ်ခုံရုံးကနေ အပြစ်ဒဏ်ချမယ်ဆိုတော့ ကျနော်တို့က တောသူတောင်သားတွေ ဘာမှနားမလည်ဘူး။ သူတို့ပြောတဲ့အတိုင်း အပြစ်ဒဏ်ချမယ်ဆိုတာ ကြားသိခဲ့ရတယ်။ အခုလို အဖြစ်ဆိုးမျိုးတွေ နောက်မျိုးဆက်တွေရော၊ အခုလိုကြုံတွေ့ရတဲ့ သားကောင်းမိခင်တွေ၊ ရဲဘော် စသဖြင့်ပေါ့နော်။ ကျနော့်သားလို အဖြစ်မျိုးတွေ မကြုံရပါစေနဲ့။ မဆုံချင်တော့ဘူးပေါ့နော်" လို့ ငိုပြီးပြောပါတယ်။
သေဆုံးသွားတဲ့ ဒုတိယနှစ်ကျောင်းသား အောင်ညီညီဇော် (ဘုရင့်နောင်တပ်ခွဲ) အတွက် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ သေဆုံးသူရဲ့နေအိမ်မှာ မိသားစုတွေက ဒီကနေ့မနက် ရဟန်းသံဃာတော်တွေကို ပင့်ဆောင်ပြီး ရက်လည်ဆွမ်းကျွေးခဲ့ပါတယ်။
အောင်ညီညီဇော်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၁၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
စစ်တက္ကသိုလ်မှာ ၂၀၁၆ ခုနှစ်ဆန်းပိုင်းကလည်း ဗိုလ်လောင်းအချင်းချင်း စီနီယာက ဂျူနီယာကို ထိုးကြိတ်ကန်ကြောက်နေတဲ့ ဗွီဒီယိုတဖိုင် ပေါ်ထွက်ခဲ့ပြီးနောက် အရေးယူမှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်တက္ကသိုလ်မှာ ည ၁၀ နာရီနောက်ပိုင်း ကိုယ်ရေးကိုယ်တာကိစ္စတွေ စေခိုင်းခြင်း၊ အပြစ်ပေးခြင်းတွေ မလုပ်ရဘူးလို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးမိုးအောင်