Home
မြန်မာသတင်း
လက်မှတ်ထိုးတပ်ဖွဲ့များ တောင်းဆိုချက်အရ အန်စီအေ ၁ နှစ်ပြည့် နေပြည်တော်တွင် လုပ်မည်
ရွှေအောင်
·
October 12, 2016
  တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေ ၁ နှစ်ပြည့်အခမ်းအနားကို အစိုးရနဲ့ လက်မှတ်ထိုး ထားတဲ့ တပ်ဖွဲ့တို့ရဲ့ တောင်းဆိုချက်အရ နေပြည်တော်မှာလုပ်မှာဖြစ်ပြီး လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့ တို့ကိုလည်း ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက် အန်စီအေစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များ တက်ရောက်မိန့်ခွန်းပြောကြားကြမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းရက်တချို့မှာတော့ စာချုပ်ကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်နာယက ခွန်ဥက္ကာက “ကျနော်တို့ ဂုဏ်ယူရမယ့်နေ့ဆိုတော့ ကျနော်တို့က အစိုးရက ဦးဆောင်ပြီးတော့ လုပ်ပေးဖို့အတွက် မေတ္တာရပ်ခံတာပေါ့။ ရပ်ခံတော့ အစိုးရက လည်း အားရ၀မ်းသာနဲ့ ဦးဆောင်ပေးတဲ့အတွက် နှစ်ပတ်လည်အခန်းအနားကတော့ ဂုဏ်ပြု အခန်းအနားပါပဲ၊ကျနော်တို့ ခေါင်းဆောင်တွေ ဂုဏ်ပြုမိန့်ခွန်းတွေ ပြောပြီးရင်တော့ ပြီးပါပြီ။ ဒီမှာတော့ အသေးစိတ် အားသာ အားနည်းတာတွေ အောင်မြင် မအောင်မြင်တာတွေ ဆွေးနွေးမှာ မဟုတ်ဘူး။” အောက်တိုဘာ ၁၅ ရက် အန်စီအေ ၁ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး အပါအ၀င် ခေါင်းဆောင်တချို့တို့ တက်ရောက် မိန့်ခွန်း ပြောကြားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ချင်း အမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တို့ ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော တပ်မတော်နဲ့  အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့တပ်ဖွဲ့တို့နဲ့ရော လက်မှတ်မထိုးထားသေးတဲ့ တပ်ဖွဲ့တို့ နဲ့ပါ တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားနေတာမို့ အခုလို အန်စီအေ ၁ နှစ်ပြည့် အခမ်းအနား လုပ်မယ့်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီ အခမ်းအနားကို အစိုးရက ဖိတ်ကြားထားပေမယ့် အစိုးရနဲ့ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ တက် မတက် မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024