Home
မေးမြန်းခန်း
စတော့ဈေးကွက်ရဲ့သဘောကတော့ ရေလှိုင်းလိုပဲ - ဦးသက်ထွန်းဦး
DVB
·
October 12, 2016
ရန်ကုန်စတော့အိက်စ်ချိန်း စတင်ဖွင့်လှစ်တာ ၆ လကျော်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီ ၆ လကျော်ကာလအတွင်းမှာ ဈေးကွက်အခြေအနေတွေ ဘယ်လိုရှိတယ်။ ဈေးကွက်ထဲကို ထပ်မံဝင်ရောက်လာမယ့် ရှယ်ယာကုမ္ပဏီတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်စတော့အိက်စ်ချိန်းက အကြီးတန်းမန်နေဂျာကို ဦးသက်ထွန်းဦးကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး - အခု ရန်ကုန်စတော့ဈေးကွက်ထဲမှာ ဖြစ်နေတဲ့ ဈေးကွက်အခြေအနေလေး တချက်လောက် ရှင်းပြပေးပါ ဆရာ။ ဖြေ - ဟုတ်ကဲ့ပါ။ အခု ရန်ကုန်စတော့အိက်စ်ချိန်း စခဲ့တာ ၆ လကျော် ၇ လထဲ ရောက်လာပါပြီ။ ကျနော်တို့ ပထမဆုံး ကုမ္ပဏီအနေနဲ့ ရှယ်ယာအနေနဲ့ FMI ရှယ်ယာတွေကို ၂၀၁၆ မတ်လ ၂၅ မှာ စပြီးတော့ အရောင်းအ၀ယ် လုပ်ခဲ့ပါတယ်။ မြန်မာသီလဝါရဲ့ ရှယ်ယာကတော့ ၂၀၁၆ မေလ ၂၀ ရက်နေ့မှာ စပြီးတော့ အရောင်းအ၀ယ် လုပ်ခဲ့ပါတယ်။ တတိယမြောက်ကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာ စပြီးတော့ အရောင်းအဝယ်လုပ်ခဲ့ပါတယ်။ အခု FMI ဆိုရင်တော့ ၆ လတာကာလ ကျနော်တို့ ဖြတ်သန်းခဲ့ပြီပေါ့နော်။ အဲဒီကာလအတွင်းမှာ သူတို့ရဲ့ရှယ်ယာ ကျနော်တို့ စတော့ဈေးကွက်ထဲမှာ စုစုပေါင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏကတော့ ၁၃ သိန်း ၄ သောင်းကျော်လောက် တယောက်နဲ့တယောက် အရောင်းအဝယ် Change Hand လုပ်ခဲ့ပြီးပြီပေါ့နော်။ မြန်မာသီလဝါကတော့ အခု ကျနော်တို့ ၄ လတာကာလအတွင်းမှာဆိုရင် ရှယ်ယာအရေအတွက်ပေါင်း ၃ သိန်း ၃ သောင်းကျော်လောက် တယောက်နဲ့တယောက် အရောင်းအဝယ် လုပ်ခဲ့တယ်ပေါ့နော်။ Change Hand လုပ်ခဲ့ပြီ။ မြန်မာနိုင်ငံသားများဘဏ်ကတော့ တလတာကာလအတွင်းမှာတော့ ရှယ်ယာပေါင်း ၁ သိန်းကျော်လောက် အရောင်းအဝယ် လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုလောလောဆယ်ကာလကတော့ ကျနော်တို့ ရှယ်ယာ ၃ ခုစလုံးကတော့ ပထမတော့ ရှယ်ယာတွေက စတော့ဈေးကွက်ရဲ့ ထုံးစံအတိုင်းပေါ့နော်။ စအရောင်းအဝယ်လုပ်တဲ့ ကာလကတော့ တပတ်လောက်အတွင်းမှာ ရှယ်ယာဈေးက မြင့်သွားတယ်။ မြင့်ပြီးရင် တခါ တဖြည်းဖြည်းနဲ့ ပြန်ဆင်းတယ်ပေါ့နော်။ ပြန်ဆင်းပြီးတဲ့နောက်ပိုင်းမှာ စတော့ဈေးကွက်ရဲ့ ထုံးစံအတိုင်း တက်တယ်၊ ကျတယ်၊ တက်တယ်၊ ကျတယ် ဖြစ်ခဲ့တယ်။ အခုလောလောဆယ်ကာလအတွင်းမှာတော့ Down Trend သွားနေတယ်ပေါ့နော်။ Down Trend သွားတဲ့အတွက် ဒါက ဝယ်သူစိတ်ကြိုက်ပေါ့နော်။ ဝယ်သူစိတ်ကြိုက် ဈေးကွက်ဖြစ်နေတဲ့အတွက် ဝယ်သူတွေအနေနဲ့ ဒီအချိန်က ဝယ်သင့်တဲ့ကာလပေါ့နော်။ ဒါကတော့ ဘယ်အချိန်မှာ ပြန်တက်မလဲဆိုတာ ကျနော်တို့ မပြောနိုင်ဘူး။ စတော့ဈေးကွက်ရဲ့ သဘောသဘာဝအတိုင်း အခုကျနေတယ်၊ ပြန်တက်မယ်ပေါ့နော်။ ဒါ သူ့သဘောသဘာဝအတိုင်း Supply Demand ပေါ် မူတည်တာပေါ့။ Supply Side များနေတယ်။ ရောင်းအားများရင် စတော့ဈေးက ကျမှာပဲ။ တချိန်မှာ ဒီကုမ္ပဏီကိုကြိုက်လို့ ဝယ်လိုအား ပြန်တက်လာပြီဆိုတဲ့အချိန်မှာ ဒါ စတော့ဈေးက ပြန်တက်မှာ ဖြစ်ပါတယ်။ နောက် ဒုတိယကတော့ ကျနော်တို့ အော်ဒါအမျိုးအစားပေါ့။ တင်တဲ့အော်ဒါအမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ကာစတန်မာတချို့ Market Order နဲ့တင်တာ ရှိတယ်။ တချို့ Limit Order နဲ့ တင်တာရှိတယ်။ အဲဒီတော့ Market Order နဲ့ တင်တဲ့အခါမှာလည်း Market အရောင်းနဲ့တင်တာ ရှိတယ်။ Market အဝယ်နဲ့ တင်တာရှိတယ်။ Market အရောင်းနဲ့တင်တာဆိုရင် သူက ရှယ်ယာတွေက ထိုးကျသွားနိုင်တဲ့ အနေအထားရှိတယ်။ Market အဝယ်နဲ့ တင်မယ်ဆိုရင်တော့ ရှယ်ယာဈေးက မြင့်တက်သွားနိုင်တဲ့ အလားအလာရှိတာပေါ့နော်။ အဲဒီတော့ ကာစတန်မာတွေ ပေးတဲ့ ရှယ်ယာအမျိုးအစားပေါ်လည်း မူတည်တယ်။ ပြီးတော့ အရေအတွက်ပေါ့နော်။ ရောင်းသူဘက်ရော ဝယ်သူဘက်ရော အရောင်းအဝယ်ဖြစ်တဲ့ပမာဏ၊ အော်ဒါတင်တဲ့ ပမာဏကလည်း တဖြည်းဖြည်း ကျလာတာ တွေ့ရတယ်။ အဲဒီတော့ ဘာကြောင့်ကျလာလဲဆိုတော့ ရှယ်ယာရှင်အရေအတွက် လောလောဆယ်မှာ ကျနော်တို့ စာရင်းပေးပြီးတော့ ရောင်းဝယ်နေတဲ့ ရှယ်ယာဝင်အရေအတွက် နှစ်သောင်းလောက် ရှိတယ်။ နှစ်သောင်းကလည်း နေ့တိုင်းကြီး ရောင်းနေတာမဟုတ်ဘူးလေ။ အဲဒီတော့ ဒါ ဈေးကွက်ရဲ့ သဘောသဘာဝအတိုင်း ဈေးကွက်အီသွားတဲ့သဘော ရှိတာပေါ့။ နောက် ရှယ်ယာအသစ်တွေ ထပ်ရောက်လာမယ်ဆိုရင် ပြန်ပြီးတော့ တက်လာနိုင်စရာ ရှိပါတယ်။ လောလောဆယ်ကတော့ သုံးသပ်ချက်ကတော့ အဲဒီလောက်ပါပဲ။ မေး - ဆရာ နောက်တခုကပေါ့နော်။ ရှယ်ယာဈေးက တဖြည်းဖြည်းနဲ့ ကြမ်းခင်းဈေးအောက်ကို FMI ဆိုရင်လည်း ရောက်သွားပြီဆရာ။ ဒီ့ပြင်ဟာတွေဆိုလည်း ဈေးက မြင့်တက်လာတာမရှိဘဲနဲ့ ရှယ်ယာဈေးတွေက ကျလာတယ်။ အဲဒါကရော ဈေးကွက်သဘောတရား ဘယ်လိုရှိလို့လဲ ဆရာ၊ အဲဒါလေးလည်း ရှင်းပြပေးပါဦး။ ဖြေ - ခုနက ကျနော် ပြောခဲ့သလိုပဲ။ ကြမ်းခင်းဈေးဆိုတာ သူ့ကို ကြမ်းခင်းထားတဲ့ဈေးဆိုတာ မရှိပါဘူး။ အဖွင့်ဈေးကို သတ်မှတ်ပေးလိုက်တဲ့သဘောပါ။ အဲဒါလည်း ကျနော်တို့က Valuation ပေါ့နော်။ Valuation တွက်တဲ့ ကုမ္ပဏီတွေက တွက်ချက်ပေးတဲ့ဈေးနဲ့ ဒါ အခြေခံဈေးဆိုပြီး သတ်မှတ်ပေးလိုက်တာ။ အခြေခံဈေးအောက် မရောက်ရဘူးလို့ ပြောလို့မရပါဘူး။ ကာစတန်မာတွေ ဒီကုမ္ပဏီအပေါ် ဘယ်လောက်ကြိုက်လဲ၊ အဲဒီအပေါ်ပဲ မူတည်တယ်။ ဘယ်သူ့မှ အခြေခံဈေးအောက် မဆင်းရဘူးလို့ သတ်မှတ်ချက် မရှိဘူးပေါ့နော်။ ဒါ ဆင်းရင်လည်းဆင်းမယ်။ အခြေခံဈေးကနေပြီးတော့ ဆယ်ဆတက်ချင်လည်း တက်မယ်။ ဒါက ပြောလို့မရဘူး။ ဒါပေမယ့် ထူးခြားချက်က ကုမ္ပဏီ ၃ ခုစလုံး၊ FMI ဆိုရင်တော့ အခြေခံဈေးအောက်ကို ဆင်းသွားတယ်။ သီလဝါဆိုရင်တော့ အခြေခံဈေးပတ်လည်နားမှာ တဝဲလည်လည် ဖြစ်နေတယ်။ Myanmar Citizens Bank ဆိုရင်လည်း အခြေခံဈေးနားမှာ တဝဲလည်လည် ဖြစ်နေတယ်။ ကုမ္ပဏီ ၃ ခုစလုံးကို လေ့လာသုံးသပ်လိုက်တော့ ၃ ခုစလုံးမှာ စိုးရိမ်စရာ Negative Impact ဘာမှလည်း မရှိဘူး။ ဘာမှမရှိဘဲ ကျတယ်ဆိုတော့ ဒါကတော့ ခုနက ပြောသလိုပဲ။ ရှယ်ယာရှင်တွေ ကုမ္ပဏီ ၃ ခုစလုံး ရိုးအီသွားတဲ့သဘော ဖြစ်တယ်။ နောက် နုနယ်သေးတယ်ပေါ့။ ဈေးကွက်က နုနယ်သေးတယ်။ အဲဒီအတွက်ကြောင့် ဈေးနှုန်းတွေ ဆင်းတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါ ဘယ်လောက်အထိ ခံမယ်ဆိုတာ မသိဘူးပေါ့နော်။ စတော့ဈေးကွက်ရဲ့သဘောကတော့ ကျနော်တို့က ရေလှိုင်းလိုပဲ။ တက်မယ်၊ ကျမယ်၊ တက်မယ် ကျမယ်။ တသက်လုံး Flat သွားနေမယ်ဆိုတဲ့ ဈေးကွက်ဆိုတာ မရှိပါဘူး။ မေး - ဟုတ်ကဲ့ဆရာ၊ နောက်တခုကကျတော့ စတော့ရှယ်ယာဈေးကွက်ထဲမှာ အခုဟာ အရောင်းအဝယ်ဖြစ်တဲ့ဟာလေးတွေကလည်း နည်းနည်းကျဆင်းလာတယ်လို့ သိရတယ်။ တဖြည်းဖြည်းနဲ့ အရင်ကထက်စာရင်ပေါ့နော်။ ဒါကတော့ တချို့ရှယ်ယာရှင်တွေ ပြောတာတော့ အရောင်းအဝယ်တွေ ကျလာတယ်ဆိုတာ အွန်လိုင်းပေါ်က ကိုယ်ပိုင် Trade လုပ်လို့မရသေးဘူး။ သူတို့တွေက အဲဒါလေးကို သိချင်နေကြတယ်။ အဲဒါလေးလည်း နည်းနည်းရှင်းပြပေးပါဦး ဆရာ။ အွန်လိုင်း Trade က ဘယ်တော့လောက် စလုပ်နိုင်မလဲပေါ့နော်။ ဖြေ - အွန်လိုင်း Trade ကတော့ Security ကုမ္ပဏီပေါ့။ Broker နဲ့ Customer ကြားမှာ အွန်လိုင်းဖွင့်ပေးတာပေါ့။ သူတို့ System မှာ Customer တွေအနေနဲ့ ဟန်းဖုန်းနဲ့ဖြစ်စေ၊ မိမိအိမ်က ကွန်ပျူတာနဲ့ဖြစ်စေ တိုက်ရိုက်ချိတ်ဆက် ရောင်းဝယ်နိုင်မယ့်စနစ်ကို အွန်လိုင်း Trading လုပ်တယ်လို့ ပြောတာပေါ့။ အဲဒီစနစ်ကတော့ ခုလောလောဆယ်မှာ Security ကုမ္ပဏီက ၅ ခု ရှိတယ်ပေါ့။ ၅ ခုမှာ တချို့ကုမ္ပဏီက အဆင်သင့်မဖြစ်သေးဘူး။ Develop မဖြစ်သေးဘူး။ တချို့ကုမ္ပဏီကတော့ ဖြစ်ပြီးနေပြီပေါ့နော်။ အဲဒီတော့ အွန်လိုင်း Trading ဖွင့်တယ်ဆိုတာက ကျနော်တို့မှာ ဖွင့်ပိုင်ခွင့်မရှိပါဘူး။ ကျနော်တို့ရဲ့အထက်မှာ Securitization ကော်မရှင် ရှိပါတယ်။ ကော်မရှင်ကပုဂ္ဂိုလ်တွေက ဖွင့်တဲ့အချိန်မှသာ အွန်လိုင်း Trading လုပ်လို့ရမှာပါ။ Security ကုမ္ပဏီကလည်း အကျိုးနဲ့အပြစ်နဲ့ကို စဉ်းစားနေတဲ့အပိုင်း ဖြစ်ပါတယ်။ အကျိုးနဲ့အပြစ်ဆိုတာ အွန်လိုင်းဖွင့်လိုက်လို့ တချို့တွေ ဈေးကွက်ကို ပိုပြီးတော့ အရောင်းအဝယ်တော့ သွက်လက်လာမယ်။ အရေအတွက်လည်း များလာမယ်။ တဘက်မှာလည်း ပိုပြီးတော့ မသမာမှုလုပ်လာနိုင်တဲ့ အလားအလာတွေလည်း လူကြီးတွေ စဉ်းစားကြည့်တာပေါ့။ စဉ်းစားမိတဲ့အတွက် ဒါ ရုတ်တရက်မဖွင့်သေးတာ ဖြစ်တယ်။ နောက် ကုမ္ပဏီ ၅ ခုစလုံးကလည်း တပြိုင်တည်း အဆင်သင့်မဖြစ်သေးဘူး။ အဲဒီအတွက်ကြောင့် မဖွင့်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ထင်ပါတယ်။ မကြာတဲ့ကာလအတွင်းမှာ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ မေး - နောက်ထပ် ရန်ကုန် စတော့အိက်စ်ချိန်းမှာ Security ကုမ္ပဏီ ၃ ခု ထပ်ဝင်လာမယ်လို့ သိရတယ်။ အဲဒီအခြေအနေကရော ဘယ်လိုရှိလဲ ဆရာ။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။ ဖြေ - Security ကုမ္ပဏီ ၃ ခုကတော့ ထပ်ဝင်လာဖို့ ရှိပါတယ်။ နဂိုကတည်းက Short List ထဲမှာပါတဲ့ ကုမ္ပဏီတွေဖြစ်တယ်။ သူတို့ဘက်က ICT စနစ်တွေ အဆင်သင့် မဖြစ်သေးတာရောအတွက် လိုင်စင်မရသေးတာပေါ့။ နောက် ဖိုင်နယ်လိုင်စင် မရသေးတာပေါ့။ အခုတော့ ပြီးလုနီးပါပြီ အားလုံးကလေ။ ကျနော်နဲ့ Testing တွေ ဘာတွေလည်း ပြီးပါပြီ။ နောက်ဆုံး ဒီ Securitization ကော်မရှင်ကိုလည်း တင်ပြပြီးတော့ အတည်ပြုချက်ရမယ်။ သူတို့ ရုံးခန်းတွေ ဘာတွေ အဆင်သင့်ဖြစ်အောင် လုပ်နေတယ်။ နောက် ကျွမ်းကျင်ဝန်ထမ်းတွေ စုဆောင်းနေတဲ့အခြေအနေ ဖြစ်တဲ့အတွက် ကျနော်ထင်ပါတယ်။ ဒီနှစ်ထဲမှာပဲ အဲဒီ ၃ ခုထဲက တချို့တွေ Trading ကို စပြီးတော့လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မေး - နောက်တခုကကျတော့ပေါ့နော်။ အခုအချိန်မှာ ရှယ်ယာရောင်းချတဲ့ကုမ္ပဏီက ၃ ခု ရှိနေပြီဆရာ။ ဒီ စတော့အိက်စ်ချိန်း စလုပ်တုန်းက ဒီ ၂၀၁၆ ခုနှစ်ထဲမှာ ရှယ်ယာရောင်းချတဲ့ကုမ္ပဏီ ၆ ခုထိ ရှိမယ်လို့တော့ ပြောခဲ့တယ်ပေါ့နော်။ အခုရော နောက်ထပ် ရှယ်ယာရောင်းချမယ့် ကုမ္ပဏီတွေက ဘယ်တော့ထပ်ဝင်လာမလဲ။ ၄ ခုမြောက်ကုမ္ပဏီက ဘာဖြစ်မလဲဆရာ။ အဲဒါလေးလည်း ပြောပြပေးပါဦး။ ဖြေ - ၄ ခုမြောက်ကုမ္ပဏီကတော့ အခုထိ ကျနော်တို့ Listing Examination တင်တဲ့အဆင့် မရောက်သေးပါဘူး။ မကြာတော့တဲ့ကာလပေါ့နော် တင်လာနိုင်မယ်လို့ ယူဆပါတယ်။ ဘဏ်တခု ဖြစ်ပါတယ်။ တင်တယ်၊ မတင်ဘူးဆိုတာ သူတို့အပိုင်း ဖြစ်ပါတယ်။ ကျနော်တို့ကတော့ အရင်တုန်းက စတော့ဈေးကွက် စဖွင့်တဲ့ကာလမှာတော့ လူကြီးတွေက ခန့်မှန်းခဲ့တာပေါ့၊ ၆ ခုလောက်ကတော့ အခြေအနေကောင်းတယ်ဆိုပြီးတော့။ အဲဒီထဲမှာက ၃ ခု လာပြီပေါ့နော်။ ၄ ခုမြောက်ကလည်း ခန့်မှန်းထားတဲ့အထဲကတခု လာမှာဖြစ်ပါတယ်။ လာမှာဖြစ်တဲ့အတွက် မကြာခင်မှာ ကျနော်တို့ ထုတ်ပြန်ကြောညာမှာ ဖြစ်ပါတယ်။ အဲဒီတော့ လာမယ့်ကုမ္ပဏီကလည်း နောက်ဆုံး ကျနော့်ဆီကို Examination တင်တဲ့အဆင့် မကြာခင်ရောက်မှာ ဖြစ်ပါတယ်။ ခုနပြောတဲ့ ကျနော်တို့ သတ်မှတ်ထားတဲ့ ၅ ခု၊ ၆ ခုပေါ့နော်။ ဒါကလည်း ၂၀၁၆ ထဲမှာ ဝင်လာနိုင်မယ်လို့ ယူဆပါတယ်။ မေး -  အခုလက်ရှိ ဈေးကွက်အခြေအနေအရရော ရှယ်ယာရောင်းချတဲ့ ကုမ္ပဏီသစ်တွေ ဝင်လာမယ်ဆိုရင် ဈေးကွက်အခြေအနေကရော ပြောင်းသွားနိုင်လား။ ဘယ်လိုဖြစ်သွားနိုင်လဲ။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။ ဖြေ - ဈေးကွက်အခြေအနေကတော့ များလေ ကောင်းလေပေါ့။ ကျနော်တို့က များများလာလေ ကြိုက်လေပေါ့။ ရှယ်ယာရှင်တွေအနေနဲ့လည်း Investor အနေနဲ့လည်း ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုများသွားတာပေါ့။ ဈေးကွက်လည်း ပိုပြီးတော့ Active ဖြစ်မယ်။ အကောင်းချည်းပါပဲ။ ကျနော်တို့က များများလာလေ ကောင်းလေပဲ။ ကျနော်တို့ဘက်က တလအတွင်းမှာ ဘယ်နှခုမလာရဘူးဆိုတာ မရှိပါဘူး။ ကွာလီဖိုင်းဖြစ်တဲ့ကုမ္ပဏီ များများရောက်လာလေ ကောင်းလေပဲ။ Investor တွေအတွက်လည်း ကောင်းတယ်၊ စတော့ဈေးကွက်အတွက်လည်း ကောင်းတယ်။ တိုင်းပြည်အတွက်လည်း ကောင်းတာပဲ။ မေး - ရှယ်ယာကုမ္ပဏီတွေ ရောင်းချမယ့်ကုမ္ပဏီတွေ ထပ်ပြီးဝင်လာရင်ရော ဈေးကွက်က ရှယ်ယာဝယ်ယူမှုတွေရော တက်လာနိုင်လား။ ရှယ်ယာရှင်တွေကရော ပိုပြီး စိတ်ဝင်စားနိုင်မလား။ ဖြေ - ပိုပြီးစိတ်ဝင်စားနိုင်တာပေါ့။ သူတို့ Diversify လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီး ရသွားတာပေါ့။ အဲဒီအခါကျတော့ ကိုယ်တယောက်တည်း Knowledge နဲ့တော့ ရချင်မှ ရတော့မယ်။ အဲဒီအခါကျရင် Security ကုမ္ပဏီတွေ၊ Advisory ကုမ္ပဏီတွေ ပေါ်လာမယ်။ Analysts တွေ၊ Report တွေကို ဖတ်ရတော့မယ်။ အခုကတော့ ၂ ခု၊ ၃ ခုဆိုတော့ ကြည့်နိုင်သေးတယ်။ များလာရင်တော့ ကျနော်တို့က တွက်ရတော့မယ်။ Analysts တွေရဲ့ Role တွေ ပါလာတော့မယ်။ အဲဒီမှာ သူတို့ စတော့ကိုတော့ တိုင်မင်ပေါ့နော်။ ဘယ်စတော့ကိုတော့ ထုတ်ရမယ်။ ဘယ်စတော့ကိုတော့ ၂ လ၊ ၃ လ ကိုင်ထားပါ။ ဘယ်စတော့ကိုတော့ တဝက်တပျက် ထုတ်ရောင်းလိုက်ပါ၊ ဘယ်စတော့ကိုတော့ ဝယ်ပါဆိုတဲ့ တိုင်မင်တွေ တွက်ချက်ပေးရမယ့် အကြံပေးမယ့်ကုမ္ပဏီတွေ အများကြီးပေါ်လာဖို့ လိုပါတယ်။ သူတို့တွေက Advisory ပေးမယ်ပေါ့နော်။ မေး - ရှယ်ယာအရောင်းအဝယ် လုပ်တာပေါ့နော်။ ရှယ်ယာရှင်တွေကို အကြံပေးတဲ့ ကုမ္ပဏီတွေဆိုတော့ ဒီမှာ ခွင့်ပြုချက်ရပြီးသွားပြီလား ဆရာ။ ဒါတွေ ပေါ်လာဖို့အတွက်ကလေ။ ဒါတွေက ရှိနေပြီလား ဆရာ။ ဖြေ - ရှိနေပြီလားဆိုတော့ Security Exchange ကော်မရှင်ပေါ့နော်။ ကော်မရှင်ကြီးကို အကြံပေးလိုင်စင်ရဖို့အတွက် လျှောက်ထားတဲ့ ကုမ္ပဏီတွေ ရှိတယ်လို့ ကြားပါတယ်။ တော်တော်များများရှိပါတယ်။ မကြာခင်လည်း ကျနော်တို့ ကြားသိသလောက်တော့ ချပေးရမှာပေါ့နော်။ အခု Security ကုမ္ပဏီ ၅ ခုကလည်း အကြံပေးလုပ်လို့ရပါတယ်။ Advisory လိုင်စင် သူတို့ ရထားပြီးသားပါ။ မေး - ဆရာ ဒါ နောက်ဆုံးမေးခွန်းပါ။ ရှယ်ယာရှင်တွေ အများစု သိချင်နေကြတာပေါ့နော်။ ရှယ်ယာရောင်းချတဲ့ ကုမ္ပဏီတခုက ဈေးကွက်ထဲ ဝင်လာတယ်။ ဝင်လာပြီဆိုတာနဲ့ စပြီးရှယ်ယာရောင်းတဲ့နေ့ကနေ ၃ ရက်မြောက်ပေါ့နော်။ အဲဒီနေ့အထိဆိုရင် ရှယ်ယာဈေးက နည်းနည်းလေး နိမ့်နေတယ်ပေါ့နော်။ နောက်ပိုင်းကျရင် မြင့်သွားတယ်။ အဲဒီ ၂ ရက်၊ ၃ ရက်မြောက်နေ့အထိ ရှယ်ယာရှင်တွေက ရှယ်ယာဝယ်ယူလို့မရဘူး။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရှယ်ယာအရောင်းအဝယ်ရှိတယ်။ အဲဒီအတွက်ကို တချို့ Security ကုမ္ပဏီတွေက ရှယ်ယာရှင်နဲ့ ပေါင်းပြီးတော့ လုပ်စားနေတယ်လို့ ရှယ်ယာရှင်တွေက ထင်နေတယ်။ အဲဒါလေးလည်း ဆရာ့အနေနဲ့ နည်းနည်းရှင်းပြပေးပါဦး။ ဖြေ - အဲဒါကတော့ မဟုတ်ပါဘူး။ Security ကုမ္ပဏီ ၅ ခုစလုံးမှာ တူညီတဲ့အခွင့်အရေးတွေ ရှိပြီးသားပဲ။ ကြိုက်တဲ့အော်ဒါ သွားပေးလို့ရတယ်။ ကုမ္ပဏီအသစ် Listed ဝင်ပြီဆိုရင် အများအားဖြင့် ဝယ်ချင်ကြတာပဲ။ အဲဒီတော့ Demand တွေ တက်တာပေါ့။ ညီတို့လည်း သိတာပဲ။ ဒီမှာ ဖွင့်ပွဲတွေမှာဆိုရင် Demand တွေ သိန်းချီပြီးတက်တာပဲ။ ဒါပေမယ့် ရောင်းတဲ့လူက ထုတ်ရောင်းမှ ရတာလေ။ ကျနော်က ရောင်းတဲ့လူကို ရိုက်ပြီးတော့ မင်း ထုတ်ရောင်းပါလို့ ပြောလို့မှမရတာ။ သူတို့ကလည်း သူတို့ကြိုက်ဈေးရမှ ရောင်းမှာပေါ့။ မြန်မာထုံးစံအရ မြန်မာတွေက Buy and Hold ပဲ။ ဝယ်မယ်၊ ကိုင်ထားမယ်။ သူတို့စိတ်ကြိုက်ရမှ ရောင်းမှာပေါ့။ မရောင်းဘူး၊ တသက်လုံးကိုင်ထားတဲ့သူတွေလည်း အများကြီးရှိတာပဲ။ မြန်မာ Practice က အဲဒီလို ဖြစ်နေတယ်။ အဲဒီအတွက် ဒါ ဝယ်လိုအားက စတော့ဈေးကွက် ဖွင့်တဲ့နေ့မှာ သိန်းနဲ့ချီပြီး ရှိကြတာပဲလေ။ အဲဒီတော့ ဝယ်လိုအား သိန်းနဲ့ချီပြီးရှိတယ်၊ ဒါပေမယ့် အရောင်းသမားဘက်က မထုတ်ဘူးဗျာ။ ဘာမှမတတ်နိုင်ဘူး။ အဲဒီတော့ အရောင်းသမားကလည်း တဖြည်းဖြည်းနဲ့ Demand တွေက တက်လာလို့ ဈေးဆွဲတင်ပြီးတော့ ကြိုက်ပြီဆိုတဲ့အချိန်မှာ ထုတ်ပြီပေါ့။ ထုတ်တော့ ဝယ်လက်ထဲ ရောက်ပြီပေါ့။ ဝယ်လက်ကလည်း သူ နောက်တရက် ပြန်ရောင်းချင် ရောင်းမှာပဲ။ ဒါ သူတို့သဘောပဲလေ။ အဲဒီတော့ ကျနော်ပြောချင်တာက တဘက်က မရောင်းသရွေ့တော့ ဝယ်လို့မရဘူး။ သူတို့ကို ရောင်းပါလို့လည်း သွားပြီးတော့ Push လုပ်လို့မရဘူး။ Security ကုမ္ပဏီ ၅ ခုမှာ အော်ဒါတင်တာလည်း ကျနော့်ဆီမှာ ၉ နာရီခွဲ ဒေါင်ဆိုတာနဲ့ အော်ဒါလက်ခံပြီ။ အဲဒီတော့ ဘယ်ကုမ္ပဏီက အော်ဒါဦးသလဲဆိုတာ သူတို့ System ပေါ် မူတည်တယ်။ တချို့ မီလီစက္ကန့်ဦးတဲ့ကောင်ကလည်း ရသွားတာပဲ။ ကျနော်တို့ကတော့ ဒါ Equal Chance ပဲ အားလုံးကို ပေးထားတာ။ ဘယ်သူမှ လုပ်စားတဲ့ဟာ မရှိပါဘူး။ ဒါပေမယ့် ကာစတန်မာမှာ ဘယ် Security ကုမ္ပဏီကို ရွေးမယ်ဆိုတာ သူတို့မှာ ဂရပ်ဖ်ရှိတာပဲ။ ကြိုက်တဲ့ဟာကို ရွေးလို့ရတယ်။ ကျနော်တို့က ဒီဈေးကွက်ကို အမြဲတမ်း Fair ဖြစ်အောင် လုပ်ပေးထားတာပါ။ ကာစတန်မာတွေအနေနဲ့တော့ အထင်မလွဲစေချင်ပါဘူး။ တွေ့ဆုံမေးမြန်းသူ - ကျော်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024