ပအိုဝ်းဂျာနယ်အယ်ဒီတာ ၂ဦးကို အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်
ခွန်ဇော်ဦး
·
October 12, 2016

ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် ခမ်းသာင၀်း ပအိုဝ်းဂျာနယ်က အယ်ဒီတာ ၂ ဦးကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတရားရုံးက အသရေဖျက်မှုနဲ့ ထောင်၁လ(သို့) ဒဏ်ငွေ ၃ သောင်းစီကျခံဖို့ မနေ့က အမိန့် ချမှတ်လိုက်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အုပ်ချုပ်ရေးအဖွဲ့က ဒေသခံတွေထံက ငွေကြေးနဲ့ လက်ဖက်ခြောက်ကောက်ခံနေကြောင်း သတင်းဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ခမ်းသာ င၀်းဂျာနယ်က အယ်ဒီတာ ခွန်သန်းအောင်နဲ့ ခွန်ရာဇာတို့ကို PNOရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အရေး အသားတွေပါနေတယ်ဆိုပြီး တရားလို နောင်တရားမြို့နယ် PNO ဒုဥက္ကဋ္ဌ ဦးခွန်သောင်းတင်က ပုဒ်မ ၅၀၀ အသေဖျက်မှုနဲ့ စွဲဆိုခဲ့တဲ့အမှုဖြစ်ပါတယ်။
၂၀၁၅ မေလထုတ် ခမ်းသာင၀်း ဂျာနယ်မှာ “ဒီလိုကိစ္စမျိုး အဘသိပါရဲ့လား” ခေါင်းစဉ်နဲ့ ဆောင်းပါး ဖော်ပြခဲ့တာဖြစ်ပြီး ဒီဆောင်းပါနဲ့ ပတ်သက်လို့ ၂၀၁၅ ဇူလိုင်မှာ စတင်တရားစွဲ ဆိုခဲ့ကာ တနှစ်ကျော်လောက် အမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်တာပါ။
အယ်ဒီတာ ၂ ဦးကတော့ တရားရုံးရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး အယူခံတင်သွားမယ်လို့ ပြောပါတယ်။ အယ်ဒီတာ ၂ ဦးစာအတွက် ပင်လောင်းတရားရုံးကချမှတ်လိုက်တဲ့ ဒဏ်ငွေ ၆သောင်းကိုတော့ ဂျာနယ် စာဖတ်ပရိတ်သတ်တွေက ပေးဆောင်ပေးခဲ့ပါတယ်။