Home မြန်မာသတင်း ကေအိုင်အေကို အစိုးရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့် လက်နက်ဖြင့် တိုက်ခိုက်
ကေအိုင်အေကို အစိုးရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့် လက်နက်ဖြင့် တိုက်ခိုက်
kia ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာအစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ ဓာတုလက်နက်လို့ ယူဆရတဲ့ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကေအိုင်အေတပ်မှူး လမိုင်လှနူးက ပြောပါတယ်။
အခုလ ၂၉ ရက်နေ့က မြစ်ကြီးနား - လိုင်ဇာလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ဂါးဒါယန်ကျေးရွာ ဆုတောင်းကုန်းမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ ကေအိုင်အေတပ်ဖွဲ့တွေကို အစိုးရစစ်တပ်ဘက်က အမြောက်လက်နက်တွေနဲ့ ပစ်ခတ်နေစဉ်အတွင်း ဓာတုလက်နက်လို့ ယူဆရတဲ့ အမြောက်ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အမြောက်ကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကေအိုင်အေစစ်ကြောင်းကို တာဝန်ယူနေရတဲ့ သူကိုယ်တိုင် ဝေဒနာခံစားရလို့ စစ်ကြောင်းတခုလုံး ဆုတ်ခွာပေးခဲ့ရတယ်လို့ ကေအိုင်အေတပ်မှူး လမိုင်လှနူးက ပြောပါတယ်။
“သူတို့ပစ်တဲ့အခါ မီးခိုး အမည်းရောင်ထွက်တယ်။ နှစ်လုံး ပစ်တယ်။ တခြား အမြောက်နဲ့ ရောပြီး ပစ်တယ်။ အဲဒါ ခေါင်းမူးသွားတယ်။ ရင်ဘတ်ထဲမှာ နာသလို ဖြစ်သွားတယ်။ ကျနော်နဲ့ ၄ ယောက်ဖြစ်သွားတယ်။ ကျနော်တို့ ဘုရားဆုတောင်ကုန်းထဲမှာ ထိုင်နေတယ်။ အဲဒီမှာ သူတို့ ဓာတုလက်နက်ပစ်လို့ ခေါင်းမူးသွားလို့ နောက်ဆုတ်သွားတယ်၊ ညနေ ၃ နာရီမှာ ဂါးဒါယန်ဆုတောင်းကုန်းမှာ ထိုင်နေတာ ဆုတ်သွားတယ်လေ။”
အဆိုပါ ကေအိုင်အေအဖွဲ့ဟာ အခုလလယ်ပိုင်းကစလို့ မြစ်ကြီးနား - လိုင်ဇာလမ်းပေါ်ရှိ ရွှေညောင်ပင်နဲ့ ဂါးဒါယန်ကျေးရွာအကြားမှာ ခြေကုတ်ယူပြီး မြစ်ကြီးနားမှ ချီတက်လာတဲ့ အစိုးရစစ်ကြောင်းတွေကို ရက်သတ္တ ၂ ပတ်နီးပါး ခုခံတိုက်ခိုက်နေခဲ့တာပါ။ အဲဒီဒေသမှာရှိတဲ့ ရင်ခွဲတောင်ဆိုတဲ့ နေရာမှာ ခုခံနေစဉ် အခုလို ဓာတုလက်နက်လိုမျိုးနဲ့ တိုက်ခိုက်တာ ကြုံခဲ့ရသေးတယ်လို့ ကေအိုင်အေတပ်မှူး လမိုင်လှနူးက ပြောပါတယ်။
“ကျနော် လက်ဖက်ခြောက်စားတယ်။ စားပြီးမှ နည်းနည်းသက်သာသွားတယ်။ လဲတော့ မလဲပါဘူး။ ဒါပေမယ့် ခဏတဖြုတ်ခေါင်းမူးသွားတာ။ ကြုံဖူးတာပေါ့။ တလတောင် မကြာသေးဘူး။ နှစ်ပတ်လောက်။ ရင်ခွဲတောင်မှာ နေတယ်။ အဲဒီမှာ ပစ်တဲ့အချိန်မှာလည်း အဲလိုမျိုး ၂ လုံး ၃ လုံးလောက် ပစ်တယ်။ အဲဒီအချိန်မှာလည်း ကျနော့်ရဲဘော် တယောက် အန်တောင် အန်တယ်။”
အစိုးရစစ်တပ်ဘက်က စစ်ကြောင်းတွေမှာ ပေါ်တာအထမ်းသမားတွေအသုံးပြုလို့ လက်နက်ကြီးကျည်တွေ သယ်ဆောင်ကာ အမြောက်တွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်ပြီး ကေအိုင်အေဘက်ကတော့ မိုင်းနဲ့ တိုက်ခိုက်ကာ အနီးကပ်ချုံခိုပစ်ခတ်နေတာဖြစ်ကြောင်း၊ အဲဒီအတွက် ထိခိုက်ကျဆုံးမှုက အစိုရတပ်တွေဘက်က ပိုများလာနေပြီး ဓာတုလက်နက်လိုမျိုး လက်နက်ဆန်းတွေပါ သုံးလာနေတာလို့ အဆိုပါ ကေအိုင်အေအရာရှိက ပြောပါတယ်။
အခုနှစ် ဇွန်လဆန်းပိုင်းကစလို့ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာနေပြီး ကေအိုင်အေဘက်က တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ထားလိုက်ရာ ထိုလမ်းကြောင်းများကို ပြန်လည်စိုးမိုးဖို့အတွက် အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
dvb88web2011@
ဆက်စပ်သတင်းများ