Home
မေးမြန်းခန်း
ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက အားရစရာတော့မရှိဘူး - ကိုစိုးမင်း (စာကြည့်တိုက်မှူး)
DVB
·
October 11, 2016
မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုသုတေသန ရည်ညွန်းစာကြည့်တိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ စာကြည့်တိုက်မှူး ကိုစိုးမင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ဖွင့်ထားတယ်လို့ သိရတယ်ရှင့်။ အဲဒီတော့ ရည်ညွှန်းစာကြည့်တိုက် စပြီးတော့ ဖွင့်ဖြစ်တဲ့ အကြောင်းလေးပေါ့နော်။ အဲဒီအကြောင်းလေးကို အရင်ဆုံး ပြောပြပေးပါရှင့်။ ဖြေ - ရည်ညွှန်းစာကြည့်တိုက်ကို ကျနော်တို့ ဘာကြောင့် စပြီးဖွင့်ဖြစ်လဲဆိုတော့ အရင်ဆုံး မြန်မာယဉ်ကျေးမှုသုတေသနအသင်း ဆိုပြီးတော့ စဖွဲ့တယ်။ အဲဒီမှာ ကျနော်တို့ ဘာတွေ ဆုံးဖြတ်လဲဆိုတော့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဂျာနယ်တခု ထုတ်မယ်ပေါ့။ ပြီးရင် ရည်ညွှန်းစာကြည့်တိုက်တခုကို ဂျာနယ်နဲ့တွဲပြီးတော့ ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အဲဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ အရင်ဆုံး စာအုပ်တွေစုတယ်။ အချင်းချင်းမှာရှိတဲ့ စာအုပ်တွေပေါ့။ ကျနော်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ ကိုဖိုးသင်္ကြန်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ အဲလိုပေါ့။ ဒေတာတွေစုပြီးတော့မှ တခြားဆီကလည်း ကျနော်တို့ ၀ယ်တာတွေရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့ ရုံးခန်းမရှိဘူး။ ၂၀၁၆၊ ၅ လပိုင်းလောက်မှာ ကျနော်တို့ ဒီရုံးခန်းကို ငှားလိုက်တယ်။ ရုံးခန်းလည်းရှိပြီ၊ နေရာလည်းရှိပြီဆိုတော့မှ ကဲ အဲဒါဆိုရင်တော့ ငါတို့ စာကြည့်တိုက်ဖွင့်လို့ရပြီ၊ စာအုပ်တွေကလည်း အတော်အသင့် ကျနော်တို့ စုဆောင်းမိပြီဆိုတော့ ၇ လပိုင်း ၁ ရက်နေ့မှာ ကျနော်တို့ စဖွင့်တာပေါ့။ မေး - အခုဆို ၂ လလောက်ပဲ ရှိသေးတာပေါ့နော်။ အဲဒီတော့ ဘယ်လောက်အထိ ရသွားပြီလဲရှင့် စာအုပ်အရေအတွက်က။ ဖြေ - စာအုပ်အရေအတွက်က အခုလက်ရှိ ၅၀၀၀ လောက်တော့ ရှိပြီခင်ဗျ။ မေး - တဖြည်းဖြည်းနဲ့လည်း ထပ်စုသွားဖို့ ရှိတယ်ပေါ့နော်။ ဖြေ - ဟုတ်။ ထပ်စုသွားဖို့ ရှိပါတယ်။ မေး - အမျိုးအစားအနေနဲ့ရော ဘယ်လိုမျိုး ခွဲခြားထားလဲရှင့်။ ဖြေ - အမျိုးအစားက ကျနော်တို့က သမိုင်းရှိမယ်။ ပြီးရင် နိုင်ငံရေးရှိမယ်။ ပြီးရင် ရည်ညွှန်းစာအုပ်တွေရှိမယ်။ ပြီးတော့ မြန်မာ့စာပေနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ အင်္ဂလိပ်ပိုင်းကတော့ အရမ်းကြီးတော့ မများဘူး။ အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ Burma Study ဆိုတဲ့ မြန်မာနိုင်ငံအကြောင်းကို ရေးထားတဲ့ စာအုပ်တွေ ရှိမယ်ပေါ့။ ပြီးတော့ အင်္ဂလိပ်ဝတ္ထုတို့၊ ဘာတို့။ အဲဒါတွေရှိမယ်။ မေး - အဲဒီတော့ အစ်ကို၊ ရည်ညွှန်းစာကြည့်တိုက်ပေါ့နော်၊ ဒါက ရိုးရိုးစာကြည့်တိုက်တခုနဲ့ ဘယ်လိုကွာခြားမှုရှိလဲ။ ဘယ်လိုထူးခြားမှုရှိလဲ။ ဖြေ - ရည်ညွှန်းစာကြည့်တိုက်က အများအားဖြင့်တော့ ပုံမှန် စာဖတ်တဲ့လူတွေနဲ့တော့ အရမ်းကြီးတော့ မသက်ဆိုင်ဘူး။ ရည်ညွှန်းရဲ့ သဘောသဘာဝကိုက လိုအပ်တဲ့ဒေတာပေါ့။ အချိန်တိုတိုနဲ့ အညွှန်း၊ အကိုးအကားပြုနိုင်အောင် စုဆောင်းထားတဲ့၊ ပြောရရင်တော့ စာအုပ်အမျိုးအစားတွေ ပိုများတယ်ပေါ့နော်။ မေး - ပညာရပ်တခုအတွက် လိုအပ်တဲ့ အထောက်အထားတွေပေါ့နော်။ ဖြေ - ဟုတ်တယ်ခင်ဗျ။ မေး - စာကြည့်တိုက်ရဲ့ အသုံးပြုတဲ့ ရက်တွေကရော ဘယ်လိုမျိုးလဲ။ နေ့တိုင်းဖွင့်လား။ ဖြေ - ကျနော်တို့က တနင်္လာကနေ စနေအထိပေါ့ စာကြည့်တိုက်ဖွင့်တာကတော့။ မနက်ဆိုရင် ၁၀ နာရီကနေ စဖွင့်တယ်။ ညနေ ၅ နာရီအထိပေါ့။ မေး - အဲဒီတော့ အစ်ကိုတို့ ဒီမှာဆိုရင် လာတဲ့လူတွေအတွက်ရော ဘာတွေလိုအပ်လဲ။ ဒီမှာ အသုံးပြုဖို့အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲရှင့်။ ဖြေ - လာတဲ့လူတွေအတွက်ကတော့ စာကြည့်တိုက်ကို သုံးမယ်ဆိုရင် ကျနော်တို့ ဖောင်တော့ဖြည့်ရတယ်။ စာကြည့်တိုက် သုံးစွဲခွင့်ဖောင်ပေါ့။ ပြီးရင် ဓာတ်ပုံတပုံလိုမယ်။ ဒါပဲ။ ၀န်ဆောင်မှုအနေနဲ့က ကျနော်တို့က ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် စာအုပ်တော့ ကျနော်တို့ မငှားဘူး။ မငှားတဲ့အတွက်ကြောင့် ကျနော်တို့ စာကြည့်တိုက်ကတ် မထုတ်ပေးတာ။ ဒါပေမယ့် လိုချင်တဲ့ဒေတာ ရှိမယ်ဆိုရင် ကျနော်တို့ မိတ္တူဆွဲပေးတယ်။ ဒါမှမဟုတ် ဓာတ်ပုံရိုက်ချင်တယ် ဆိုရင်လည်း ဓာတ်ပုံရိုက်လို့ရမယ်။ မိတ္တူဆွဲပေးမယ်။ တကယ်လို့ Scan လိုချင်တယ်ဆိုရင်လည်း Scan ဖတ်ပေးမယ်။ ဒါ ကျနော်တို့ဘက်က ၀န်ဆောင်မှုပေးတာပေါ့။ ပြီးရင်လည်း ကော်ဖီတွေ ဘာတွေလည်း Free တိုက်တယ်။ အဲလိုမျိုးပေါ့။ မေး - အဲဒီတော့ ဒီမှာရော ခုနက အစ်ကိုတို့ပြောတဲ့ စာအုပ်ပေါင်း ၅၀၀၀ ၀န်းကျင် အဲဒီလောက် ရှိသွားပြီဆိုတော့ ဒီထဲမှာ ရှားရှားပါးပါး ထူးထူးခြားခြား စာအုပ်မျိုးတွေ စုဆောင်းမိတာ ရှိလားရှင့်။ ဖြေ - ရှားရှားပါးပါးက ကျနော်တို့အနေနဲ့က အဲလောက်ကြီးတော့ စုဆောင်းမိတာ မရှိဘူး။ ဒါပေမယ့် စာနယ်ဇင်းတွေတော့ရှိတယ်။ ဒီဘက်ခေတ်မဟုတ်တဲ့ စာနယ်ဇင်းတွေပေါ့။ တချို့စာနယ်ဇင်း ရှားရှားပါးပါးတွေဆိုရင် ဥပမာ GPRS ဆိုရင် အခုနောက်ပိုင်းက GPRS က ၀ယ်လို့ရတယ်။ CD နဲ့ဖြစ်ဖြစ်။ အရင်တုန်းကဆိုရင် GPRS ကို မ၀ယ်နိုင်ဘူး။ ရောင်းတဲ့နေရာ သိတယ်။ ဒါပေမယ့် အရမ်းဈေးကြီးတယ်။ ကျနော်တို့အနေနဲ့ လက်လှမ်းမမီဘူး။ အခုဆိုရင် ကျနော်တို့ဆီမှာ အတွဲလိုက်လည်း ရှိတယ်။ လိုချင်ရင် ကျနော်တို့ Free ကိုပေးတယ်။ မေး - ခုနက အစ်ကိုပြောတဲ့ သုတေသနအသင်းရဲ့ အညွှန်းပေါ့နော်။ ဖြေ - GPRS အသင်းရဲ့ သူတို့ထုတ်ခဲ့တဲ့၊ အညွှန်းအပြင်ကို စာအုပ်တွေက ကျနော်တို့ဆီမှာ CD နဲ့ ရှိတယ်။ လိုချင်ရင် ကျနော်တို့ CD ခုတ်ပေးတယ်။ မေး - အရင်ကထုတ်ခဲ့တဲ့ မြန်မာသုတေသနအသင်းရဲ့ စာအုပ်တွေ၊ အညွှန်းတွေကို အစ်ကိုတို့ဆီမှာ ၀န်ဆောင်မှု ပေးနေတယ်ပေါ့နော်။ ဖြေ - ဟုတ်ကဲ့။ ၀န်ဆောင်မှု ပေးနေပါတယ်ခင်ဗျ။ မေး - အစ်ကိုတို့ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ တခြားလှုပ်ရှားမှုတွေကရော စာကြည့်တိုက်တခုအနေနဲ့ ဘာတွေရှိသေးလဲရှင့်။ ဖြေ - စာကြည့်တိုက်တခုရဲ့ လှုပ်ရှားမှုတွေအနေနဲ့ လောလောဆယ်တော့ ကျနော်တို့က ပြောရရင် တည်ထောင်ခါစဆိုတော့ လှုပ်ရှားမှုက အဲဒီလောက်ကြီး မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ အမှန်ဆိုရင် ကျနော်တို့ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့ လုပ်ရမှာ။ ကျနော်တို့ အဲဒီအပိုင်းကတော့ မလုပ်နိုင်သေးဘူး။ ရိုးရိုးသားသားပြောရရင် အားနည်းနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာကြည့်တိုက်ကို စနစ်တကျဖြစ်အောင်ပဲ အရင်ဆုံး ကျနော်တို့ တည်ထောင်ချင်တာ။ စနစ်တကျ ဖြစ်သွားပြီဆိုတော့မှ တခြား Activity တွေပေါ့။ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ဥပမာ ဟောပြောပွဲတွေ ကျနော်တို့ လုပ်မယ်။ နောက် စာကြည့်တိုက်နဲ့ပတ်သက်တဲ့ သင်တန်းတွေ။ ပြောရရင်တော့ စာကြည့်တိုက်အကြောင်းနဲ့ ကျနော်တို့ စာကြည့်တိုက်ကိုလည်း လူပိုသိလာမယ်။ ပြီးတော့ စာကြည့်တိုက်အကြောင်းဆိုတာ ကျနော်တို့ စာကြည့်တိုက်မှ မဟုတ်ဘူး။ စာကြည့်တိုက်ဆိုတာ ဘာလဲဆိုတဲ့ဟာကို သူတို့တွေလည်း သိစေချင်တယ်။ အဲလိုမျိုးလုပ်ဖို့တော့ ကျနော်တို့ Plan တော့ ချထားပါတယ်။ မေး - အစ်ကိုတို့စာကြည့်တိုက်က ရည်ညွှန်းစာကြည့်တိုက်ဆိုတော့ ရည်ညွှန်းစာကြည့်တိုက်တခုရဲ့ အရေးပါပုံပေါ့နော်။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောပြပေးပါဦးရှင့်။ ဖြေ - ရည်ညွှန်းစာကြည့်တိုက်က၊ ပုံမှန်စာကြည့်တိုက်တွေဆိုရင် စာအုပ်တွေက အမျိုးအစားစုံတယ်ဗျာ။ ကျနော်တို့ကျတော့ ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် တခုခုကိုပဲ ဦးစားပေးပြီးတော့ Special ပေါ့။ Special စုဆောင်းထားတာ ဖြစ်တဲ့အတွက်၊ ဥပမာ ထားပါ၊ ကျနော်တို့ဆိုရင် ယဉ်ကျေးမှုနဲ့ဆိုင်တယ် ကျနော်တို့စာကြည့်တိုက်က။ ဆိုတော့ ဥပမာ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စာအုပ်တွေဆိုရင် ကျနော်တို့ဆီမှာ အများဆုံးရှိနိုင်တယ်။ ဒါက နာမည်ကို ကြည့်ပြီးတော့ အရင်ဆုံး ကောက်ချက်ချလိုက်လို့ရတယ်။ အဲဒီအခါကျတော့ သူများတကာ စာကြည့်တိုက်တွေကျတော့ အမျိုးအစားစုံတယ်ဗျာ။ ကိုယ်လိုချင်တဲ့ဟာကို ချက်ချင်းရှာလို့ခက်တယ်။ ရည်ညွှန်းစာကြည့်တိုက်ကျတော့ အဲလိုမျိုးမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို မကြာဘဲနဲ့ လျင်လျင်မြန်မြန် သိနိုင်တယ်။ ကျနော်တို့ဆီမှာ ရည်ညွှန်းကို ၁၀ မျိုး ခွဲထားတယ်။ ဆရာကြီးဦးသော်ကောင်းတို့ပေါ့၊ သူတို့လက်ထက်၊ ဆရာဇော်ဂျီတို့ လက်ထက်ကတည်းကိုက ရည်ညွှန်း ၁၀ မျိုးရှိတယ်။ ဥပမာ စွယ်စုံကျမ်းတွေ ပါမယ်။ Dictionary တွေ၊ စာစုစာရင်းတွေ။ ဆိုတော့ ဒါတွေက အပျော်ဖတ်မဟုတ်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အပျော်ဖတ်မဟုတ်ဘူး။ သူက သုတနဲ့ဆိုင်တယ်။ အချက်အလက်ပေါ့လေ။ ဥပမာ အမျိုးသားအဘိဓာန်လိုမျိုးတို့။ ကျနော်တို့ဆီမှာ အခုထိ အမျိုးသားအဘိဓာန် မရှိဘူး။ ပြင်ပက လုပ်တဲ့လူတွေတော့ ရှိတယ်။ ဒါပေမယ့် မစုံလင်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အဲလိုမျိုးပေါ့။ အရေးကြီးတဲ့ဟာလောက်ပဲ သူက ပါတာ။ ရသပိုင်းကို အဲလောက်ကြီး ဦးစားမပေးဘူး။ အချက်အလက်တွေပေါ့။ ဥပမာ ကျမ်းပြုတဲ့ လူတယောက်က သူလိုချင်တဲ့ပွိုင့်ပေါ့။ ဒေတာလေးကို ရည်ညွှန်းကျမ်းတွေထဲမှာ ရှာလို့တွေ့ပြီဆိုမှ ရှေ့ဆက်ပြီးတော့၊ ပြောရရင်တော့ ရည်ညွှန်းဆိုတာ သုတေသနသမားတွေအတွက် အများအားဖြင့် ပေါင်းကူးပေါ့။ ဒီကနေဖြတ်ပြီးတော့မှ ရှေ့ဆက်ပြီးတော့ ကျယ်ပြန့်တဲ့ သူလိုချင်တဲ့ဟာကို သွားလို့ရမှာကိုး။ ရည်ညွှန်းကျမ်းမရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး။ မေး - အစ်ကိုတို့ဆို ဒါ လူငယ်တွေစုပြီးပေါ့နော်၊ လူငယ်ရော လူကြီးရော အများအားဖြင့် လူငယ်တွေစုပြီးတော့မှ ကိုယ့်ဘာသာကိုယ် တနိုင်တပိုင် တည်ထောင်ထားတယ်ပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုအခြေအနေကရော ဘယ်လိုရှိလဲရှင့်။ ဒီလိုမျိုးဖြစ်လာအောင် အစ်ကိုတို့ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။ ဖြေ - မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက ကျနော်သိသလောက်ပေါ့လေ အားရစရာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အမျိုးသားစာကြည့်တိုက်တောင်မှပဲ နေရာ ခဏခဏ အပြောင်းခံနေရတာ။ အခုတော့ မြို့ထဲကိုတော့ ပြောင်းမယ်လို့တော့ ပြောတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ စာကြည့်တိုက်ကို စပြီးတော့ ကြိုးစားတုန်းကတော့ ခက်ခဲတာပေါ့။ အဓိကက နေရာဗျာ။ စာကြည့်တိုက်ဆိုတော့ နေရာကို အရင်ရှာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်ပိုင်မဟုတ်ဘူး။ ကိုယ်ပိုင်မဟုတ်တဲ့အတွက် ငှားရတယ်။ ပြောရရင်တော့ ပိုက်ဆံကုန်တယ်။ ဒီကြားထဲ စာအုပ်ကလည်း စုရသေးတယ်။ ကိုယ်နဲ့ဆိုင်တဲ့ စာအုပ်တွေပေါ့။ တွေ့သမျှ စာအုပ်တွေကိုလည်း ကျနော်တို့ ၀ယ်လို့မရဘူး။ တချို့စာအုပ်တွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ မူရင်းတွေက ပြောရရင် မရှိတော့ဘူးဗျာ။ မတွေ့နိုင်တော့ဘူး။ အဲဒီဟာမျိုးတွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ အများဆုံးကတော့ ဈေးများကြတာ များတယ်။ ဘာလို့လဲဆိုတော့လေ ပြန်ထုတ်တဲ့ စာအုပ်တွေလည်း မဟုတ်ဘူး။ တချို့စာအုပ်တွေဆို ပြန်မထုတ်တော့ဘူး။ ရှေးတုန်းက စာအုပ်တွေမျိုးဆိုရင် တအုပ်ကို ပထမပုံနှိပ်ဆိုရင် ပိုပြီးဈေးကြီးတယ်။ ဒီမှာ လုပ်နေကြတာ ၀ါသနာအရင်းခံနဲ့ပဲ လုပ်နေကြတာဆိုတော့။ တခြားဘက်ကနေ ကိုယ်က အလုပ်တခုခုလုပ်။ ပိုက်ဆံရလာတယ်။ ရလာတဲ့ဟာကို ဒီထဲမှာထည့်။ ထည့်ပြီးတော့မှ ကိုယ်ထူကိုယ်ထ ၀ိုင်းပြီးတော့ လုပ်နေရတာ။ မေး - အဲဒီတော့ ရှေ့လျှောက် ဒီရည်ညွှန်းစာကြည့်တိုက်ကို အစ်ကိုတို့အသင်းက ဖွင့်ထားတဲ့ ရည်ညွှန်းစာကြည့်တိုက်ရဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်လေးတွေ နည်းနည်းပြောပြပေးပါလားရှင့်။ ဖြေ - ရည်ညွှန်းစာကြည့်တိုက်ကတော့ ခုနက ပြောသလိုပဲ ကျနော်တို့ ပုံမှန်တော့ Activity လေးတွေ လုပ်ဖြစ်မယ်။ Society အနေနဲ့ကတော့ ကျနော်တို့ တလကို ပုံမှန် တခုလုပ်တယ်။ ဟောပြောပွဲတခု လုပ်တယ်လေ။ Debate သဘောမျိုးပါ။ အဲလိုမျိုး တခုလုပ်တယ်။ စာကြည့်တိုက်အနေနဲ့က နောက်ပိုင်းကျရင်တော့ ကျနော်တို့ ဟောပြောပွဲပေါ့၊ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆရာတွေကို ဖိတ်ပြီးတော့ စာကြည့်တိုက်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အဲလိုမျိုးတွေ ဟောပြောပွဲတွေ လုပ်ဖို့တော့ ရှိတယ်။ ပြီးရင် ကျနော်တို့ စာကြည့်တိုက်သင်တန်းပေါ့။ အဲဒါကို ကျနော်တို့ ဖွင့်နိုင်အောင်တော့ ကြိုးစားနေတယ်။ ရက်ရှည်တော့ မဟုတ်ဘူးပေါ့။ ဥပမာ နှစ်လဖြစ် နှစ်လ၊ သုံးလဖြစ် သုံးလပေါ့။ အလွန်ဆုံးတော့ သုံးလပါပဲ။ အဲလိုမျိုးဖွင့်ဖို့တော့ ကြိုးစားနေတယ်။ ပြီးရင် စာကြည့်တိုက်ကိုတော့၊ အဓိကက စာကြည့်တိုက်တခု ဖွင့်ပြီးရင်တော့ သုံးတဲ့လူရှိမှ။ သုံးတဲ့လူမရှိရင် သေနေတဲ့၊ ပြောရရင် ဂိုဒေါင်သဘောမျိုး ဖြစ်နေလိမ့်မယ်။ ဆိုတော့ သုံးမယ့်သူတွေ များများသိအောင်လို့ လုပ်ရမယ်လို့ ကျနော်တို့ ရည်မှန်းထားတယ်။ တက္ကသိုလ်တွေထဲမှာ ကျနော်တို့ ကြော်ငြာကပ်ချင် ကပ်မယ်ပေါ့။ သုတေသနလုပ်တဲ့ လူမျိုးတွေ၊ ပြင်ပသုတေသနပညာရှင်တွေ၊ အဓိကက သူတို့ကို သိစေချင်တာ။ သူတို့သိအောင် ကျနော်တို့ တခုခုပေါ့၊ ဥပမာ ရန်ကုန်တက္ကသိုလ်၊ တခြားတက္ကသိုလ်တွေပေါ့။ ကျောင်းတွေထဲမှာ ကြော်ငြာတခုခု လုပ်ချင်လည်း လုပ်မယ်။ ဒါမှမဟုတ် သူတို့ကိုဖိတ်ပြီးတော့ ကျနော်တို့ စာကြည့်တိုက်မှာ စာအုပ်တအုပ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ပေါ့။ အဲလိုမျိုးလေးတွေ၊ စာပေစကားဝိုင်းလေးတွေ လုပ်မယ်။ အဲဒါမျိုးလေးတွေတော့ ရည်မှန်းထားတယ်ပေါ့။ အကြီးကြီးတော့လည်း ကျနော်တို့ မရည်မှန်းထားပါဘူး။ နည်းနည်းပဲ။ မေး - ဟုတ်ကဲ့။ ဒါ အခုမှ အစဆိုတော့ ရှေ့လျှောက် တိုးချဲ့သွားဖို့လည်း ရှိတာပေါ့။ ဖြေ - ဟုတ်ကဲ့။ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့၊ ပူးပေါင်းပြီးတော့ လုပ်ဖို့ ကျနော်တို့ အစီအစဉ် ရှိပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024