Live
Home
မြန်မာသတင်း
အနှေးယာဉ်ဆိုက်ကားသမားများ မင်းပြားမြို့တွင် ဆန္ဒပြ
DVB
·
October 10, 2016
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ တရားမဝင် ဘေးတွဲဆိုင်ကယ်သမားတွေ ပြေးဆွဲနေတာကို ရပ်တန့်ပေးဖို့ အနှေးယာဉ်ဆိုက်ကားသမားအသင်းက ဒီကနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေ ပြေးဆွဲတာ များလာတာကြောင့် ဆိုက်ကားသမားတွေ အဆင်မပြေမှုကြုံရပြီး မိသားစု စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ အနှေးယာဉ် ဆိုက်ကားအသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ “ဘေးတွဲဆိုင်ကယ်တွေ ပေါ်လာတော့ ကျနော်တို့ အနှေးယာဉ်ဆိုက်ကားသမားတွေ ဘာမှ အလုပ်မဖြစ်တော့ဘူး။ နှစ်စဉ်နှစ်တိုင်း အစိုးရထံမှာ အခွန်ဆောင်ပြီးတော့ မောင်းနေတဲ့ ကျနော်တို့ ဆိုက်ကားသမားတွေ လုပ်ကိုင်လို့ အဆင်မပြေတော့ဘူး။ ကျနော်တို့ မိသားစုတွေလည်း အရင်လို စားရေးသောက်ရေး အဆင်မပြေတော့ဘူး။ သူတို့က အစိုးရကို အခွန်ဆောင်ထားပြီး မောင်းနှင်ခွင့်ရထားတာလည်း မဟုတ်ဘူး။ တကယ်လို့ သူတို့ တရားဝင်အဖြစ် မောင်းချင်တယ်ဆိုရင် အစိုးရဆီမှာ အခွန်ဆောင် တရားဝင်လုပ်ကြပေါ့။” ခရီးသည်တချို့ကလည်း အမြန်လိုတဲ့အခါ ဆိုက်ကားကို ငှားစီးလေ့မရှိဘဲ အမြန်ရောက်တဲ့နည်းနဲ့ ဆိုင်ကယ်ဘေးတွဲ ငှားလေ့ရှိတာကြောင့် အခုအခါမှာ ဆိုက်ကားမောင်းနှင်တဲ့သူတွေ အဆင်မပြေမှု ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ အခုလို လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေ ပြေးဆွဲနေတာ တလကျော်ရှိနေပြီး မင်းပြားစည်ပင်ကို လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေ အရေးယူပေးဖို့ တိုင်တန်းခဲ့ပေမယ့် စည်ပင်သာယာရေးကော်မတီက သူတို့နဲ့မဆိုင်ဘူးလို့ ပြောကြောင်း ဦးသန်းဌေးက ဆိုပါတယ်။ “အခုကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ဆိုက်ကားသမားကော်မတီက စည်ပင်ကို တိုင်ပြီးပါပြီ။ စည်ပင်ဦးစီးကို ဒါက ငါတို့နဲ့မဆိုင်ဘူးလို့ ပြောပါတယ်။ ဒါကို ကျနော်တို့ကလည်း မကျေနပ်လို့ မင်းပြားအုပ်ချုပ်ရေးမှူး သွားတိုင်ပါတယ်။ အုပ်ချုပ်ရေးက ဘေးတွဲဆိုင်ကယ်တွေကို မြို့ပြင်တွေမှာ မောင်းနှင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် ထိရောက်မှုမရှိဘူး။ အခုပြန်ပြီး မြို့ထဲလာမောင်းလာတယ်။ အခုလိုမောင်းနေတာ တလလောက်ရှိနေပြီ၊ အရင်ကတည်းက သူတို့ မြို့ထဲမှာ မမောင်းတော့ဘူးလို့ တရားဝင်လက်မှတ်ထိုးထားပြီးသားပါ။ ဒါပေမယ့် ဘာမှ အရေးယူတာတွေ မလုပ်ဘူး။" မင်းပြားမြို့မှာ မင်းပြားစည်ပင်က ခွင့်ပြုချက်ချပေးထားတဲ့ တရာဝင်အနှေးယာဉ် အစီး ၃၅၀ ရှိပြီး စည်ပင်ခွင့်ပြုချက်မရှိ တရားမဝင် ဘေးတွဲဆိုင်ကယ်မောင်းနှင်နေတာ ၁၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ၀ဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024