စင်ကာပူကို မြန်မာခရီးသွား ၂ ဆတိုး လာလည်ရန်မျှော်မှန်း
DVB
·
October 10, 2016
စင်ကာပူနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံက ခရီးသွားဧည့်သည် ၁ သိန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ၂ ဆတိုးလာရောက်မယ်လို့ မျော်လင့်တဲ့အကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောပါတယ်။
စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရဲ့ အရှေ့တောင်အာရှ အမှုဆောင်ညွှန်ကြားရေးမှူး အက်ဒ်ဝပ်ခိုးက စင်ကာပူအခြေစိုက် စီအန်အေ သတင်းဌာနကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာခရီးသွားတွေ စင်ကာပူကို အရေအတွက် အတော်များများ ပိုမိုလာလည်ကြဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပိုမိုတိုးတက်လာမယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်း စင်ကာပူကို မြန်မာခရီးသွားတွေ အနည်းဆုံး တသန်းရဲ့ လေးပုံတပုံ (၂ သိန်းခွဲ) လောက် နှစ်တိုင်း လာရောက်တာတွေ့ရမယ်လို့ ပြောပါတယ်။
မြန်မာနဲ့ စင်ကာပူ နှစ်နိုင်ငံအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် လာမယ့်ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူကို ဗီဇာလျှောက်ထားစရာမလိုဘဲ ရက်ပေါင်း ၃၀ ကြာ သွားရောက်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ခြင်္သေ့မြို့တော် စင်ကာပူကို မြန်မာတွေလာရောက်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ စင်ကာပူ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ရန်ကုန်မြို့ မြန်မာပလာဇာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂ ရက်ကြာ စင်ကာပူပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသွားပါတယ်။