Sunday, June 11, 2023
HomeLead Storyအစုလိုက်လူသတ်မှု နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့ ထိုင်းတက္ကသိုလ်ကျောင်းသားများ ကျင်းပ

အစုလိုက်လူသတ်မှု နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့ ထိုင်းတက္ကသိုလ်ကျောင်းသားများ ကျင်းပ

ထိုင်းနိုင်ငံအတွင်း စစ်အစိုးရ အုပ်ချုပ်နေဆဲ ဖြစ်ပေမယ့် ထိုင်းကျောင်းသားတွေဟာ တက္ကသိုလ်အတွင်း အစုလိုက်လူသတ်မှု နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့ကို ဒီနေ့ ကျင်းပပါတယ်။

စစ်တပ်က နိုင်ငံရေးမှာ ဝင်စွက်ဖက်တဲ့ ယဉ်ကျေးမှုက အမြစ်တွယ်နေပြီလို့ လူ့အခွင့်အရေးအုပ်စုတစုက ပြောပါတယ်။

ထမာဆတ်တက္ကသိုလ်အတွင်း ကျောင်းသားအယောက် ၂၀၀ လောက် စုဝေးခဲ့ပြီး ၁၉၇၆ အစုလိုက်လူသတ်မှု အမှတ်တရပွဲကို ကျင်းပရင်း အထိမ်းအမှတ်နေရာမှာ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

အဲဒီလူသတ်ပွဲမှာ ရှင်သန်ကျန်ရစ်သူနဲ့ လက်ရှိ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆူချာ့တ် ဘမ်ရွန်ဆခ်က နိုင်ငံရေး တပတ်လည်ခဲ့ပြီမို့ ၇၆ အရေးအခင်းကို မှတ်မိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရေး အပြောင်းအလဲက သံလမ်းပေါ်ပြေးနေတဲ့ ကစားစရာ ရထားလိုပဲ ရှေ့ကို ဘယ်လိုသွားသွား အရင်နေရာကိုပဲ ပြန်ရောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသားကိုယ်စားလှယ် အက္ခရာပွန် စရီမုံကူးလ်ကတော့ သမိုင်းကနေ သင်ယူရမှာဖြစ်ပြီး ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ လေ့လာရမယ်လို့ ပြောပါတယ်။

ဘန်ကောက်မြို့တော်က တက္ကသိုလ် ၂ ခုမှာ စကားပြောဖို့လာတဲ့ ဟောင်ကောင်ကျောင်းသား တက်ကြွလှုပ်ရှားသူ ဂျိုရှောင်ဟွာကို ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြည်ဝင်ခွင့်မပေးဘဲ ပြန်ပို့ခဲ့အပြီး နောက်နေ့မှာ ခုလို အထိမ်းအမှတ်ပွဲကို ကျင်းပတာပါ။

အရင်လကလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ထိုင်းစစ်အစိုးရဟာ နှိပ်စက်တဲ့ယဉ်ကျေးမှုကို ၂၀၁၄ အာဏာသိမ်းပြီးတည်းက ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ထိုင်းအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

အောက်တိုဘာ ၆ ရက် နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုလည်း ထိုင်းအစိုးရက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular