အလုပ်သမားအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား
နန်းမြနဒီ
·
October 6, 2016
မွန်ပြည်နယ်၊ မော်လမြိုင်မှာ လုပ်ဖော်ကိုင်ဘက် အလုပ်သမားအချင်းချင်း စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက် ည ၁၀ နာရီခွဲလောက်က ညောင်ပင်ဆိပ်ရပ်ကွက်ထဲမှာ လူတဦး သွေးအိုင်ထဲ လဲကျနေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် သွားရောက်စစ်ဆေးပြီး ချက်ချင်း စုံစမ်းစစ်ဆေးကာ လူသတ်တရားခံကိုလည်း ညတွင်းချင်းဖမ်းမိခဲ့တယ်လို့ မော်လမြိုင်စက်မှုဇုန် နယ်မြေရဲစခန်းမှူး ရဲအုပ်လွင်လွင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ သွားစစ်တဲ့အခါကျတော့ ညောင်ပင်ဆိပ်ရပ်ကွက် ကူးတို့ဆိပ်က တဲနားလေးမှာ လူတယောက်လည်ပင်းက ထိုးသွင်းဒဏ်ရာနဲ့ တစောင်းလဲနေတာ တွေ့ရတယ်၊ သွားကြည့်တဲ့အချိန်မှာ သေဆုံးနေပြီ။ သူ့နာမည်က ဦးဝင်းနိုင် အသက် ၅၂ နှစ် ရွှေမြိုင်သီရိရပ်ကွက်ထဲ မှာနေတယ်။ ကျဘမ်းအလုပ်သမားပေါ့။ အဲဒါ အနီးတ၀ိုက်က လူတွေကို မေးကြည့်တော့ ညနေ ၅ နာရီလောက်က ဦးခင်မောင်မြင့်နဲ့ စကားများကြတယ်တဲ့။ သေတဲ့သူက ဦးခင်မောင်မြင့်ကို လက်သီးနဲ့အရင်ထိုးပြီး ဟိုက နှာခေါင်းသွေးယိုသွားတယ်၊ အိမ်ပြန်ရေမိုး ချိုးအ၀တ်အစားလဲပြီး ဒေါသကမပြေသေးတာနဲ့ ပြန်လာပြီး ဦးဝင်နိုင်ကို ထိုးသတ်ခဲ့တာလို့ ၀န်ခံပါတယ်။”
ဦးခင်မောင်မြင့်ကို ညောင်ပင်ဆိပ်ရပ်ကွက်ရှိ သူ့နေအိမ်မှာဘဲ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သက်သေအဖြစ် ကွပ်ပျစ်ပေါ်က ဓနိကြားထဲထိုးထားတဲ့ ၁၅ လက်မအရှည်ရှိ သစ်သားအရိုး ဓားတချောင်းပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်သူ ဦးခင်မောင်မြင့်ကို စက်မှုဇုန်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ စခန်းမှူးက ပြောပါတယ်။