ဧည့်လမ်းညွှန်များ သတ်မှတ်ဝတ်စုံမဝတ်လျှင် လိုင်စင်သိမ်းသည်အထိ အရေးယူမည်
ရွှေအောင်
·
October 28, 2011
ဧည့်လမ်းညွှန်တွေ သတ်မှတ်ဝတ်စုံမဝတ်ရင် လိုင်စင်သိမ်းတဲ့ထိ အရေးယူမယ် ဆိုတာကြောင့် ဧည့်လမ်းညွှန် တော်တော်များများ မကျေမနပ် ဖြစ်နေကြပါတယ်။
အာဏာသုံးပြီး အရေးယူမယ်၊ လိုင်စင်သိမ်းမယ်လို့ သက်ဆိုင်ရာ ဟိုတယ်ခရီးဝန်ကြီးဌာနက လုပ်လာတဲ့အပေါ် မကျေမနပ် ဖြစ်နေကြတာပါ။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းက ဧည့်လမ်းညွှန်တွေအနေနဲ့ ဧည့်သည်ကို လေဆိပ်အကြိုအပို့ လုပ်တဲ့နေ့တွေနဲ့ ရွှေတိဂုံဘုရားပေါ် လိုက်လံရှင်းလင်းပြသတဲ့ နေ့တွေမှာ သတ်မှတ်ဝတ်စုံဝတ်ကြဖို့ စည်းရုံးပြောကြားပြီး ဖြစ်ပါတယ်။
အမျိုးသားတွေက ကော်လံပြတ် ရှပ်အင်္ကျီ အဖြူနဲ့ ပုဆိုးအပြာ၊ အမျိုးသမီးတွေက ပန်းရောင်ရင်ဖုံးအင်္ကျီနဲ့ ချိတ်ထမီ အပြာ စတဲ့ သတ်မှတ် တူညီဝတ်စုံတွေကို နိုဝင်ဘာ ၁ ရက်ကစပြီး ဝတ်ကြဖို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကတော့ နေပြည်တော် ဟိုတယ်ခရီး ဝန်ကြီးဌာနက ဧည့်လမ်းညွှန်အသင်းက ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးကို ခေါ်ပြီး ဗဟိုအမှုဆောင်အဖွဲ့ထဲကို ဝန်ကြီးဌာနက အမှုဆောင် ၇ ဦး ထပ်ထည့်ပြီး ဧည့်လမ်းညွှန်တွေ သတ်မှတ်နေရာတွေမှာ သတ်မှတ်ဝတ်စုံတွေ ဝတ်မဝတ် စောင့်ကြည့် အရေးယူမယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးဘုရားပေါ် တက်တဲ့အခါမှာလည်း ဝတ်စုံဝတ်ရမယ်လို့ နေရာထပ်တိုးထည့်ခဲ့ပါတယ်။
အဲ့ဒီလို အသိပေး ပြောကြားပြီးတဲ့နောက် အခုလိုမျိုး မကျေနပ်ချက်တွေ ထွက်ပေါ်လာတာလို့ ဧည့်လမ်းညွှန်အသင်းက ကိုညီညီက ပြောပါတယ်။
“အခု ဧည့်လမ်းညွှန်တွေရဲ့ မကျေနပ်ချက်ကတော့ အရေးယူမယ်ဆိုတဲ့ အပိုင်းတွေပေါ့။ ပုလိပ်ဖမ်းသလိုမျိုး သွားစောင့်ကြည့်တာမျိုးကျတော့ ကျနော်တို့ ဧည့်လမ်းညွှန်တွေ အချင်းချင်းကျတော့ မလုပ်ချင်ဘူး။ အချင်းချင်း သူငယ်ချင်းတွေကိုသွားပြီး အရေးယူတာမျိုးတော့ ဘယ်သူမှ မလုပ်ချင်ဘူး။ အဲဒါတော်တော်များများကိုတော့ သဘောမတူဘူး။ ကျနော်တို့က အရေးယူတာနဲ့စာရင် ခင်ခင်မင်မင်နဲ့ ပြောလိုက်ချင်တယ်။ အားလုံးကို ဝတ်ကြပါဆိုရင် ဝတ်မှာပါ။ အရေးယူမယ်ဆိုတော့ တမျိုးဖြစ်သွားတာပေါ့။”
မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်လမ်းညွှန်ပေါင်း ၇၀၀ ရာကျော် ရှိပေမယ့် အမှန်တကယ် ဧည့်လမ်းညွှန် အလုပ် လုပ်နေသူက ၂၀၀ ကျော်ပဲ ရှိပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေဟာ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်လည်ပတ်မှု အများဆုံးလတွေ ဖြစ်ပါတယ်။