စစ်မီး၊ အမုန်းမီးရှို့နေသူတွေဟာ ငြိမ်းချမ်းရေးမလိုလားသူတွေ ဖြစ်တယ်
DVB
·
October 6, 2016
ဒုစရိုက်သမားတွေဟာ အလင်းရောင်ကို မကြိုက်ကြဘူး။ အမှောင်ကို အကာအကွယ်ယူပြီး မကောင်းမှု၊ ရာဇဝတ်မှုတွေ ကျူးလွန်တတ်ကြတယ်။ အဲဒီလိုပဲ ဉာဏ်ရည်နိမ့်ကျတဲ့အပြင် အကျင့်သီလ ချို့ယွင်းနေတာမို့ လက်နက်အားကိုးပြီး ဗိုလ်ကျစီးပိုး အနိုင်ကျင့်ချင်တဲ့ လူမိုက် လူ့အန္ဓတွေဟာ ငြိမ်းချမ်းရေးရမှာကို လုံးလုံးမလိုလားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းနိုင်ငံတခုမှာ ငြိမ်းချမ်းမှုမရှိဘဲ ပြည်တွင်းစစ်ကြီး တောက်လောင်နေရင် အလင်းရောင်နဲ့တူတဲ့ တရားဥပဒေစိုးမိုးမှု ကွယ်ပျောက်နေတော့တာ မဟုတ်လား။ တရားဥပဒေမစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတခုမှာ မိမိမှာ သာတဲ့အင်အားတခုခုနဲ့ ဗိုလ်ကျအနိုင်ကျင့်တတ်သူတွေ နေရာယူ ခြယ်လှယ်ခွင့်ရလို့ မကောင်းမှု ဒုစရိုက်တွေ သူတို့စိတ်ကြိုက် ကျူးလွန်ခွင့်ရတော့တာကိုး။
မြန်မာပြည်တနံတလျားမှာ နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားခဲ့တဲ့ ဗိုလ်ကျမှုတွေ၊ လူမှုအနိဋ္ဌာရုံတွေ အားလုံးရဲ့ အရင်းခံဇာစ်မြစ်ဟာ တရားဥပဒေမစိုးမိုးမှု ဆိုတဲ့ အမှောင်ထုကြီးကို အကာအကွယ်ပြုလို့ အာဏာသိမ်း၊ မြေသိမ်း၊ သယံဇာတတွေသိမ်း၊ တိုင်းပြည်ဘဏ္ဍာတွေ ဓားပြတိုက်၊ လူသတ် မုဒိမ်းကျင့်၊ လာဘ်ပေး လာဘ်ယူ၊ အဂတိလိုက်စား၊ ဇီးသီးဗန်း နှိုက်စား၊ ခိုးစားလုပ်နေကြတာ ဟိုးထိပ်ဆုံးက အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေက စလို့ အောက်ခြေ၀န်ထမ်းတွေ၊ အိမ်ထောင်စုတွေထဲအထိ တတိုင်းတပြည်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့တာပေါ့။
ဥပဒေဖောက်ဖျက်လည်း အရေးယူမခံရတဲ့အပြင် ကြီးပွားချမ်းသာကြ၊ ရာထူးတိုး ကောင်းစားနေရာရကြတော့ လူ့ပတ်ဝန်းကျင်ကြီးတခုလုံး သွက်သွက်ခါအောင် ပျက်စီးယိုယွင်းခဲ့တာ မဟုတ်လား။ ဒီတော့ နှစ်ပရိစ္ဆေဒ ကြာညောင်းစွာ တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးတောက်ကြီးကြောင့် တရားဥပဒေစိုးမိုးခြင်း အလင်းရောင် ပျောက်ဆုံးနေတာကို အခွင့်ကောင်းယူပြီး မတရားသဖြင့် ကြွယ်ဝချမ်းသာ၊ အခွင့်ထူးအာဏာ ရာထူးရနေတဲ့ နှစ်ဖက်စလုံးက စစ်ဂျပိုး၊ လူဂျပိုးတွေနဲ့ သူတို့နောက်လိုက် ကပ်ပါးမျောက်တွေဟာ စစ်နဲ့ လုပ်စား၊ စစ်နဲ့ ကြီးပွားချင်တဲ့ လောဘ၊ ဒေါသ၊ မသိမှု အကြောက်တရားတွေ (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ) နဲ့ ငြိမ်းချမ်းရေးမရအောင် လူသတ်စစ်ပွဲတွေ တိုးမြှင့်ဆင်နွှဲနေကြတာ အလွန်ထင်ရှားပါတယ်။
၂၀၁၅ ခုနှစ်က ကောက်ခံခဲ့တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကလေးသူငယ် တသန်း နှစ်သိန်း ခုနစ်သောင်း ရှစ်ထောင် ကိုးရာကျော်ဟာ စာမသင်ကြားနိုင်ဘဲ အန္တရာယ်များတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ခအလွန်နည်းပါးစွာနဲ့ အလုပ်လုပ်ကိုင်နေရပါတယ်။ အဲဒီ အရွယ်မရောက်သေးတဲ့ ကလေးလုပ်သား ၁.၃ သန်းနီးပါးထဲက ကလေးသူငယ် ဘယ်နှယောက်ဟာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်အန္တရာယ်တွေနဲ့ တွေ့ကြုံမိပြီး ထိခိုက်နာကျင်၊ ဘ၀ဆုံး၊ အသက်ဆုံးရှုံးသွားရတဲ့ ကလေးငယ်အရေအတွက် ဘယ်လောက်ရှိမလဲ ဆိုတာတော့ မတွေးရဲလောက်စရာပါပဲ။
မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ လူမမည်ကလေးသူငယ်တွေ ကျောင်းမနေနိုင်ဘဲ အချိန်မတန်ခင် ဘာကြောင့် အလုပ်လုပ်နေကြရတာလဲဆိုတဲ့ မေးခွန်းနဲ့ ထပ်ပေါ်လာတဲ့ ဆင့်ကဲမေးခွန်းတွေကို စာရေးသူ တွေးမိတဲ့အဖြေကို ချရေးပေးထားပါတယ်။ စာရှုသူတွေ ဝေဖန်ပိုင်းခြား ဆင်ခြင်ကြည့်ကြပါကုန်။
(အဖြေ) စားစရာ၊ ဝတ်စရာ၊ နေစရာ မလုံလောက်လို့ပါ။
ဘာကြောင့် စားစရာ ဝတ်စရာ နေစရာ မလုံလောက်ရတာလဲ။
(အဖြေ) မိဘအုပ်ထိန်းသူတွေက လုံလောက်တဲ့ဝင်ငွေ မရှာနိုင်လို့ပါ။
ဘာကြောင့် မိဘအုပ်ထိန်းသူတွေက လုံလောက်တဲ့ဝင်ငွေ မရှာနိုင်ရတာလဲ။
(အဖြေ -၁) အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ များပြားနေလို့ပါ။
(အဖြေ -၂) ခေတ်ပညာ သို့မဟုတ် အသက်မွေးဝမ်းကျောင်းအတတ်ပညာ မတတ်မြောက်ခဲ့လို့ပါ။
ဘာကြောင့် အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ များပြားရတာလဲ။
(အဖြေ) တိုင်းပြည်မှာ ကုန်ထုတ်လုပ်ငန်း ပီပီပြင်ပြင် မရှိလို့ပါ။
ဘာကြောင့် ခေတ်ပညာ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အတတ်ပညာ မတတ်ခဲ့ရတာလဲ။
(အဖြေ) နိုင်ငံရဲ့ ပညာရေးစနစ် မှားယွင်းခဲ့လို့ပါ။
ဘာကြောင့်တိုင်းပြည်မှာ ကုန်ထုတ်လုပ်ငန်း ပီပီပြင်ပြင် မရှိရတာလဲ။
(အဖြေ) တိုင်းပြည်ကို အာဏာရှင်တွေလွှမ်းမိုးချုပ်ကိုင်ပြီး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့လို့ပါပဲ။
ဘာကြောင့် နိုင်ငံရဲ့ ပညာရေးစနစ် မှားယွင်းခဲ့ရတာလဲ။
(အဖြေ) တိုင်းပြည်ကို အာဏာရှင်တွေ လွှမ်းမိုးချုပ်ကိုင်ပြီး ပညာရေးစနစ်ကို ဖျက်ဆီးသွားခဲ့လို့ပါ။
ဘာကြောင့် တိုင်းပြည်ကို အာဏာရှင်တွေ လွှမ်းမိုးချုပ်ကိုင်ခွင့် ရသွားတာလဲ။
(အဖြေ) ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကြားက ညီညွတ်မှုပြိုကွဲပြီး ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့လို့ပါ။
ဘာကြောင့် ပြည်တွင်းစစ်မီးကြီး မငြိမ်းသတ်နိုင်ဘဲ ငြိမ်းချမ်းရေးမရနိုင်တာလဲ။
(အဖြေ) နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအတိုင်း ဆွေးနွေးအဖြေမရှာချင်ဘဲ လက်နက်အားကိုးပြီး အကြမ်းဖက် အနိုင်ကျင့်ချင်တဲ့ အလေ့အထဆိုးကြောင့်ပါ။
ဒါကြောင့် ငြိမ်းချမ်းရေး မရနိင်စေအောင် အခွင့်ထူးခံချင်သူ၊ အနိုင်ယူ ဗိုလ်ကျချင်သူ၊ အကြမ်းဖက်ဝါဒနဲ့ စစ်တိုက်ချင်ကြတဲ့ စစ်ဂျပိုး လူဂျပိုးတွေ၊ မိမိလူမျိုးတမျိုး၊ ဘာသာတခုအတွက်သာ အခွင့်ထူးခံခွင့် တောင်းဆိုရင်း အခြားလူမျိုးနဲ့ ဘာသာအပေါ် အမုန်းတရားဖြန့်ဖြူးနေသူ အားလုံးကို ငြိမ်းချမ်းရေး လိုလားတဲ့ ခွင့်တူညီမျှ ဝါဒဖြူစင်မှုကို ရချင်တဲ့၊ လူ့ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တဲ့ မြန်မာပြည်သူပြည်သားအားလုံးက ဝိုင်းဝန်းဆန့်ကျင် ဖယ်ရှားဖို့ တာဝန်ရှိပါတယ်။
တိုင်းပြည်ကို ငြိမ်းချမ်းရေးမြန်မြန်ရပြီး တရားဥပဒေစိုးမိုးခြင်းဆိုတဲ့ အလင်းရောင် ထွန်းတောက်လာနိုင်ဖို့ ကြယ်ငါးပစ်သူ ပုံပြင်ထဲက လူငယ်လေးလို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း မိမိနိုင်သလောက် ကူညီဆောင်ရွက်လို့ ရပါတယ်။
မိမိဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေ တွေ့ရင် အင်းဝစက်ချုပ်ဆိုင်က အကူမိန်းကလေးနှစ်ဦး လူမဆန်စွာ နှိပ်စက်ခံရတာကို ဖော်ထုတ်ခဲ့တဲ့ ‘Myanmar Now’ သတင်းဌာနက သတင်းထောက်ချုပ် ကိုဆွေဝင်းလို၊ ပန်ဒိုရာအဆီချလုပ်ငန်းက အနှိပ်စက်ခံ မိန်းကလေးငယ်တွေကို ကယ်တင်ခဲ့တဲ့ မန္တလေးက မအမာနီတို့၊ သတင်းထောက် ကိုမြူငှက်တို့လို စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ရင်တောင်မှ မိမိတတ်နိုင်သလောက် သက်ဆိုင်ရာနဲ့ ပြည်သူတွေ သိအောင် သတင်းပို့ အကြောင်းကြားပေးလို့ ရပါတယ်။
မိမိဝန်းကျင်မှာ လူမျိုး တမျိုးနဲ့တမျိုး၊ ကိုးကွယ်ရာ ဘာသာတခုနဲ့တခု မုန်းတီးအောင်၊ အထင်အမြင်လွဲအောင် အမုန်းတရားတွေ ဖြန့်ချိနေတဲ့သူတွေကို တွေ့လာခဲ့ရင် ပထမဦးစွာ ယဉ်ကျေးစွာ သတိပေး ဖျောင်းဖျပါ။ ပြောလို့ တားလို့မရဘဲ အများပြည်သူ တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို တမင်ရည်ရွယ် နှောင့်ယှက်လာခဲ့ရင် အထောက်အထား ခိုင်လုံစွာနဲ့ သက်ဆိုင်ရာကို တိုင်ကြားဖို့ လိုပါတယ်။
၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံ မျှော်မှန်းချက်တွေ လမ်းချော်အောင် အပြစ်မဲ့ပြည်သူတွေ သေကျေပျက်ဆီးနေရတဲ့ ထိုးစစ်တွေ၊ လူသတ်စစ်ပွဲတွေ၊ တိုင်းပြည်ဘဏ္ဍာ ဖြုန်းတီးနေတဲ့ ပြည်တွင်းစစ်ကြီးကို ပိုလောင်ကျွမ်း နေအောင် စစ်မီးရှို့နေတဲ့ တပ်မတော်ထဲက မပြောင်းလဲလိုသူ စစ်သွေးကြွတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက စစ်အလွန်တိုက်ချင်နေတဲ့ စစ်ခေါင်းဆောင်တွေ၊ သူတိုရဲ့ မိုက်မဲမှုတွေကို ဆင်ခြင်တုံမဲ့ လိုက်ပါထောက်ခံပြီး ပြည်ထောင်စုသားအချင်းချင်းကို သတ်ဖို့ ဖြတ်ဖို့ လှုံ့ဆော်နေသူတွေကို ပြည်သူအားနဲ့ ၀ိုင်းဝန်းတားဆီးရေးဟာ ကနေ့ခေတ်ရဲ့ အရေးကြီးတာဝန်တရပ် ဖြစ်ပါကြောင်း ငြိမ်းချမ်းရေးလိုလားတဲ့ မိဘပြည်သူများကို တိုင်တည်အပ်ပါတယ်။
နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးခြင်း အလင်းရောင် ရွှန်းလက်တောက်ပနိုင်ပါစေ။
မင်းကောင်းချစ်
အောက်တိုဘာ (၅) ရက် ၂၀၁၆ ခုနှစ်