Live
Home
မေးမြန်းခန်း
ဇီကာဗိုင်းရပ်စ်မပြန့်အောင် စောစောစီးစီး ထိန်းချုပ်နိုင်ဖို့ အဓိကပါပဲ - ဒေါက်တာဝင်းနိုင်
DVB
·
October 5, 2016
ဒေသတွင်း အာဆီယံနိုင်ငံအချို့မှာ ကူးစက်ပြန့်ပွားလာတဲ့ ဇီကာရောဂါဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်တိုင်းမှာ လိုအပ်တဲ့ ပိုစတာတွေ၊ ပန်းဖလက်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဇီကာဗိုင်းရပ်စ် နှိမ်နင်းကာကွယ်ရေးတွေနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဝင်းနိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဆရာ အခု မန္တလေးမြို့ အပါအ၀င် အထက်မြန်မာပြည်မှာ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဖို့အတွက် ဆရာတို့ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားတာရှိပါလဲ။ ဖြေ - ကျနော်တို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ပေါ့နော်။ ဇီကာဗိုင်းရပ်စ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နဲ့အညီ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ ကြေညာခဲ့ပါတယ်။ ကြေညာခဲ့တဲ့အခါ ကျနော်တို့ ဒါတွေလည်း တောက်လျှောက် သတင်းလည်းနားထောင်တယ်။ နောက် ကျနော်တို့ရဲ့ နေပြည်တော်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေလည်း ထုတ်ပြန်ကြေညာခဲ့တယ်။ ဒီလိုထုတ်ပြန်တဲ့အခါကျတော့ ကျနော်တို့ ကာကွယ်ရေးလုပ်ငန်းတွေကိုတော့ သေချာလုပ်မှရမယ်။ မန္တလေးတိုင်းမှာက ခြင်လည်းများတယ်။ အေးဒီးစ်ခြင်ကလည်း ရှိတယ်။ နောက် အေးဒီးစ်ခြင်ကလည်း သွေးလွန်တုပ်ကွေးလည်း ဖြစ်လာခဲ့တယ်။ ဖြစ်ဖူးတယ်။ ၂၀၁၅ မှာဆိုရင် ဖြစ်တာလည်း များခဲ့တယ်။ ဒါကြောင့် ဇီကာဖြစ်ရင်လည်း မဖြစ်လာအောင်လို့ ကျနော်တို့က စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်တာတွေကတော့ ကျနော်တို့ ၄ ရက်နေ့မှာ ဝန်ကြီးဌာနကနေပြီးလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကျနော်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ပြီး ပြန်လာတာနဲ့ ကျနော်တို့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲ ကျနော်တို့ လုပ်ငန်းကော်မတီအနေနဲ့ရော၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုနဲ့ နောက် ဒီဘက်မှာရှိတဲ့ ဆေးရုံအုပ်ကြီးရယ်၊ အထူးကုဆရာဝန်ကြီးတွေရယ်၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတွေ၊ ကလေးအထူးကုဆရာဝန်ကြီးတွေ၊ နောက် မြို့တော်စည်ပင်၊ နောက် အကုန်လုံးနဲ့ ကျနော်တို့က ဇီကာရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့ပြီးတော့ ကျနော်တို့ မြို့နယ်တိုင်းမှာလည်း လိုအပ်တဲ့ ပိုစတာတွေ၊ ပန်းဖလက်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ပထမ ဆောင်ရွက်နေတာလည်း ကျနော်တို့ အများပြည်သူသိတဲ့အတိုင်းပဲ အီဘိုလာရောဂါရှိတယ်။ အီဘိုလာအရင်ကတော့ ကျနော်တို့ ကြက်ငှက်တုပ်ကွေး စမ်းသပ်တွေ့ရှိမှု၊ နောက် အီဘိုလာ၊ မားစ်ရောဂါ။ ဒါတွေကလည်း ကျနော်တို့ ဆီးဂိမ်းလုပ်တုန်းကတည်းက တပြိုင်နက်တည်း အရှိန်အဟုန်မြှင့်ပြီးတော့ မန္တလေးတိုင်း တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရှိန်အဟုန်မြှင့်ပြီး ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့အခါကျတော့ ကျနော်တို့က အဖျားရောဂါ စမ်းသပ်ကြည့်ရှုခြင်းလုပ်ငန်းကို ကျနော်တို့ အဖျားတိုင်းတဲ့ စက်ကိရိယာနဲ့ နေ့စဉ် ဆောင်ရွက်ကြည့်ရှုတယ်။ လူနာသံသယတွေ့ရင် သတင်းပို့တဲ့လုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ဒါ လေဆိပ်မှာ ဖမ်းလိုက်တာပေါ့။ နောက်တခုကကျတော့ ကျနော်တို့ ဘယ်မှာလုပ်လဲဆိုတော့ ဆေးရုံတွေမှာ ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာစုတွေကို အများကို အသိပေးဆွေးနွေးပွဲလုပ်ပြီးတော့ စောင့်ကြပ်ကြည့်ရှုတာ။ ဇီကာရောဂါလက္ခဏာစုရှိရင် ဓာတ်ခွဲစမ်းသပ်ဖို့ ကျနော်တို့ ဆောင်ရွက်ပါတယ်။ နောက်ကျတော့ ပြည်သူလူထု အခြေပြုပေါ့။ ပြည်သူလူထုထဲမှာ ကျနော်တို့ ဇီကာရောဂါ သံသယလူနာတွေ့ရင် သတင်းပို့ဖို့ သက်ဆိုင်ရာမြို့နယ်တွေကတဆင့် အခြေခံ ကျန်းမာရေးဝန်ထမ်းတွေအထိ၊ ကျေးရွာတွေအထိ ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တခုကတော့ ကပ်ရောဂါအသွင် ဖြစ်ပွားမှုပေါ့နော်။ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကတော့ ဒီရောဂါလက္ခဏာစုတွေ့လို့ လူအများကြီး တွေ့တယ်ဆိုရင်လည်း ဒါ ကျနော်တို့ စောင့်ကြပ်ကြည့်ရှုမှု လုပ်ပါတယ်။ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကို အဓိကလုပ်တယ်။ နောက်တခုကတော့ ကာကွယ်ရေးလုပ်ငန်းအနေနဲ့ကတော့ ကျနော်တို့က ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းကို အပတ်စဉ်လုပ်ပါတယ်။ မြို့တော်စည်ပင်နဲ့ပေါင်းပြီး မန္တလေး Downtown ၆ မြို့နယ်မှာ လုပ်တယ်။ နောက် ကျနော်တို့ ကျန်တဲ့ ၂၈ မြို့နယ်မှာလည်း စီမံချက်ချပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ မေး - ဆရာ၊ အခုဆိုရင်ပေါ့နော် ကျနော်တို့ ဒေသတွင်းအာဆီယံနိုင်ငံတွေဖြစ်တဲ့ စင်ကာပူတို့၊ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ မလေးရှားတို့မှာလည်း အခု ဇီကာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေက တွေ့နေရတယ်ပေါ့။ ကျနော်တို့ဆီမှာလည်း အခုလို ကာကွယ်မှုတွေတော့ လုပ်နေတယ်။ လုပ်နေတဲ့ကြားထဲမှာ ဆရာတို့ ဇီကာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာလူနာ တွေ့ရှိလားဆရာ။ ဖြေ - ဒီနေ့အထိတော့ မတွေ့သေးဘူးပေါ့နော်။ ဒီနေ့အထိတော့ ကျနော်တို့ သံသယလက္ခဏာရှိရင် ပို့ပါ။ ဖျားတယ်။ အနီအပိန့်တွေ ထွက်တယ်။ မျက်စိနီတယ်။ နောက် ကိုယ်လက်ကိုက်ခဲတယ်။ ကြွက်သားတွေ နာမယ်။ ဒီရောဂါလက္ခဏာ ၄ ခု အဓိကတွေ့ရင် ပို့ပါပေါ့။ ဒီနေ့ထိတော့ မပို့သေးဘူးပေါ့။ မတွေ့သေးတာပဲလား၊ ကျနော်တို့ ဒါ ဂရုစိုက်ပြီးတော့ ကျနော်တို့ Inform လုပ်ဖို့ လိုပါတယ်။ ဆေးရုံတွေမှာတော့ ကျနော်တို့က ဒီ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပုံမှန်ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒီလိုလက္ခဏာတွေတော့ ဆေးရုံတွေပေါ်မှာလည်း မတွေ့သေးဘူးပေါ့။ မန္တလေးတိုင်းဒေသကြီးတခုလုံးပေါ့နော်။ ကျနော်တို့အနေနဲ့ မတွေ့ရသေးပါဘူး။ မေး - ဆရာ၊ ဒီ ဇီကာရောဂါလက္ခဏာတွေက ဘယ်လိုအနေအထားတွေရှိလဲ ဆရာ။ အဲဒါတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဘယ်လိုမျိုး လှုံ့ဆော်မှုတွေ လုပ်ထားတာမျိုး ရှိလဲဆရာ။ ဖြေ - ဟုတ်ကဲ့။ ကျနော်တို့ ဒီ ဇီကာရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်ဆိုရင် ပိုစတာတွေနဲ့ပေါ့၊ ကျနော်တို့က ကြေညာထားပါတယ်။ အဲဒီတော့ ဖျားမယ်ပေါ့။ ရုတ်တရက် ဖျားမယ်။ နောက်ကျတော့ မျက်စိနီမယ်။ အသားနီရဲတာတွေ၊ အပိန့်တွေထွက်တာ ရှိမယ်။ နောက်ကျတော့ ကြွက်သားတွေနာမယ်၊ ကိုယ်လက်ကိုက်ခဲမယ်။ ဒီရောဂါလက္ခဏာ ၄ ခုကို အဓိကထားပြီးတော့ ရှိလို့ရှိရင် ဇီကာသံသယအနေနဲ့ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ စမ်းသပ်စစ်ဆေးလို့လည်း ကျနော်တို့ ဖြစ်ခါစ ပထမ မတ်လနောက်ပိုင်းမှာတော့ ကျနော်တို့က ပရိုင်မာလို့ ခေါ်ပါတယ်။ ဓာတ်ခွဲပစ္စည်းကို ကျနော်တို့ ရန်ကုန်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနမှာ ကျနော်တို့က ရောက်ရှိပြီး ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့ စမ်းသပ်နိုင်တဲ့အနေအထား ရှိပါတယ်။ ၁၂ နာရီအတွင်း ရောဂါအတည်ပြုနိုင်တယ်။ ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ကတော့ ဖျားတာပဲ၊ ဖျားတာတွေကလည်း အမျိုးစုံ ရှိတာပေါ့နော်။ ရိုးရိုးရာသီတုပ်ကွေးတွေ ရှိတယ်။ သွေးလွန်တုပ်ကွေးရှိတယ်။ နောက် ဆင်တုပ်ကွေးရှိတယ်။ ခြင်ကနေတဆင့်ဖြစ်တဲ့ ရောဂါပဲပေါ့။ ဒီဟာ ဖျားတာတွေရှိရင်တော့ ကျနော်တို့ ပြည်သူတွေအနေနဲ့က ဇီကာနဲ့ပတ်သက်လို့ကတော့ မျက်စိနီသလား၊ မျက်စိနီပြီး ရောင်တာရှိရင်တော့ ကျနော်တို့က ဒါတွေလည်း တီဗွီတွေ၊ ရုပ်မြင်သံကြားတွေကတဆင့် ကျနော်တို့ရဲ့ ရုံးချုပ်ကနေပေါ့နော်၊ ထုတ်လွှင့်ပြီးတော့ ပြသနေတာ ရှိပါတယ်။ ဒါတွေလည်း ပြည်သူတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သတင်းတို့၊ ရုပ်ရှင်တို့ ကြည့်တာအပြင် ကျနော်တို့ ကျန်းမာရေးဌာနက နှိုးဆော်ချက်တွေကို စောင့်ကြည့်ပြီးတော့ ဒီလိုမျိုးလက္ခဏာ တွေ့ရင်လည်း ကျနော်တို့ ကျန်းမာရေးဌာနတွေကို သတင်းပို့ပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်။ မေး - ဆရာ ဇီကာရောဂါလက္ခဏာတွေက ဘယ်လိုမျိုးတွေကနေ ကူးစက်တာရှိလဲ ဆရာ။ အဓိက ကူးစက်တာကတော့ ခြင်လို့ သိထားတယ်ပေါ့။ အခြားနည်းလမ်းတွေက ဘယ်လိုမျိုး ကူးစက်နိုင်လဲ။ ဖြေ - ဇီကာရောဂါ ကူးစက်နိုင်တာ အခုနောက်ပိုင်း တွေ့တာတော့ ကျနော်တို့ ပထမ ခြင်ကနေပဲ ကူးစက်တယ်လို့ ယူဆတယ်။ အခုနောက်ပိုင်းတော့ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တယ်လို့ တွေ့လာတယ်။ ဒါတွေ့တဲ့အခါကျတော့ ကျနော်တို့က ၆ လလောက် နိုင်ငံခြားကို သွားဖူးတယ်၊ ဇီကာဗိုင်းရပ်စ် ဖြစ်ဖူးတဲ့လူနဲ့ ၆ လအတွင်း လိင်မဆက်ဆံဖို့။ လိင်ဆက်ဆံရင်လည်း ကွန်ဒုံးတွေသုံးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဇီကာဗိုင်းရပ်စ် ကူးစက်နည်းကတော့ ခြင်ကနေတဆင့် ကူးစက်တယ်။ ဇီကာဗိုင်းရပ်စ်ပိုး ရှိတဲ့လူကို ခြင်က ကိုက်လိုက်တယ်။ အဲဒီခြင်ကနေမှ တခြားလူကို ကိုက်မှ ကူးတာအပြင် လိင်ကနေတဆင့် ကူးစက်တာကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ မေး - ဆရာ ဇီကာဗိုင်းရပ်စ်ရောဂါ ကူးစက်လာပြီဆိုရင် ဘယ်လိုမျိုး အနေအထားတွေ ခံစားရလဲ။ အသက်ဆုံးရှုံးဖို့အထိ ဖြစ်နိုင်တဲ့ အနေအထားမျိုးတွေရှိလား။ စိုးရိမ်စရာ အနေအထားတွေပေါ့။ ဖြေ - ဇီကာဗိုင်းရပ်စ်ဖြစ်ရင်တော့ သူက ခုနကပြောတဲ့ ရောဂါလက္ခဏာတွေက ၂ ရက်ကနေ ၇ ရက်အထိ ကြာတတ်ပါတယ်။ ကြာတတ်ပြီးတော့ အသက်ဆုံးရှုံးမှုတော့ မဖြစ်တတ်ဘူးပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေကို ကူးမယ်ဆိုရင်လည်း ကလေးတိုင်းတော့ ဖြစ်တာမဟုတ်ဘူးပေါ့။ သူတို့ Percentage တွေအရတော့ ၁ ရာခိုင်နှုန်းက ၁၃ ရာခိုင်နှုန်း ဦးနှောက်သေးတဲ့ ကလေးတွေ မွေးတတ်တယ်ဆိုတာကို တွေ့ရှိတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်တဲ့ စာတွေမှာ ဖတ်ရပါတယ်။ ဒါကြောင့်မို့လို့ သေဆုံးမှုအထိတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ဦးနှောက်သေးတဲ့ ကလေးတွေ ၁ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအတွင်း မွေးဖွားနိုင်တာတခု။ နောက်တခုက ရောဂါကလည်း ဖြစ်တယ်၊ ကိုယ်ခံအားကလည်း နည်းတယ်ဆိုရင် ဦးနှောက်အာရုံကြော ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါတွေလည်း Percentage နဲ့တော့ မပြောထားဘူးပေါ့။ ရောဂါပြင်းထန်ရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်တဲ့ ရောဂါစုပေါ့နော်။ ဒီဥစ္စာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်တဲ့ ရောဂါစုတွေ ဖြစ်နိုင်တယ်။ ဒီနှစ်ခုကိုတော့ ဂရုစိုက်ရပါတယ်။ ကျန်တာတော့ ကျနော်တို့က သေဆုံးလောက်တဲ့အထိ မဖြစ်ဘူး။ တချို့ဆိုရင်လည်း ကျနော်တို့က ရောဂါလက္ခဏာက ၅ ယောက် ကူးစက်ခံရရင် ၁ ယောက်မှာပဲ ပြတယ်။ ကျန်တဲ့ ၄ ယောက်က မပြဘူးပေါ့။ ကိုယ်ခံအားကောင်းတဲ့အခါကျတော့ ရောဂါလက္ခဏာတော့ မပြဘဲနဲ့ လူထဲမှာပဲ ရှိနေတယ်ပေါ့။ လူက ကိုယ်ခံအားဓာတ်ကနေပြီး ရောဂါကို နိုင်အောင် နှိမ်နင်းထားနိုင်တော့ ရောဂါလက္ခဏာမပြဘူး။ ဒါမျိုးတွေလည်း ကျနော်တို့ စမ်းသပ်တွေ့ရပါတယ်။ မေး - ဟုတ်ကဲ့ဆရာ။ ဒါဆို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတိုင်း တအား အစိုးရိမ်လွန်စရာ မရှိဘူးဆိုတဲ့ သဘောပေါ့။ ဖြေ - ဒါပေါ့။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတိုင်း စိုးရိမ်စရာတော့ မရှိဘူးပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ဦးနှောက်သေးငယ်တဲ့ရောဂါ၊ ကိုယ်ခန္ဓာ မွေးရာပါချို့တဲ့တဲ့ ရောဂါတွေ မဖြစ်အောင် ကျနော်တို့က ဒါ အာလ်ထရာဆောင်းပေါ့။ တယ်လီဗွီးရှင်းဓာတ်မှန်ကို ပုံမှန် သားဖွားမီးယပ် အထူးကုဆရာဝန်တွေနဲ့ ပြပြီးတော့ ရိုက်ကူးနေဖို့ လိုပါတယ်။ ဒါမှလည်း ကျနော်တို့ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှု ရှိ၊ မရှိ Access လုပ်နေဖို့ တခုလိုတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ဇီကာဗိုင်းရပ်စ် ဖြစ်တယ်ဆိုပြီးတော့ အရမ်းစိုးရိမ်သောကမများဖို့ လိုသလို ကိုယ့်နိုင်ငံထဲမှာလည်း မပြန့်အောင်ပေါ့၊ စောစောစီးစီးသိပြီး စောစောစီးစီး ထိန်းချုပ်နိုင်ဖို့ကလည်း အဓိကပါပဲ။ မေး - ဟုတ်ကဲ့ဆရာ။ ဒီလို ရောဂါကူးစက်ခံထားရတယ်ဆိုရင် ဘယ်လို ကုသမှုတွေ ခံယူဖို့ လိုအပ်သလဲ။ ဖြေ - ဒီရောဂါကူးစက်ပြီဆိုရင် ကျနော်တို့က လိုအပ်တဲ့ အနားယူမှု လုပ်ရပါမယ်။ အရည်များများ သောက်ရပါမယ်။ သစ်သီးရည်တွေ ဘာတွေ သောက်ရမယ်။ အကိုက်အခဲပျောက်ဆေးဆိုရင်လည်း ပါရာစီတမောလ်ကို လိုအပ်တဲ့ ပမာဏအတိုင်းပဲ သောက်သင့်တယ်။ တခြား အကိုက်အခဲပျောက်ဆေးတွေကိုတော့ မသောက်သင့်ဘူးပေါ့။ ခုနကလို အာရုံကြောထိခိုက်မှုတွေ ရှိတယ်ဆိုရင်တော့ ဆေးရုံတက်ရောက်ကုသဖို့ လိုပါတယ်။ ဒါ ပုံမှန်လူတယောက်ပေါ့။ ကိုယ်ဝန်ဆောင်မိခင်ကတော့ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်ဆီ ပြပြီးတော့ စစ်ဆေးကုသမှု လိုပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်ပါ။ ကိုယ်ဝန်ဆောင်လည်း မဟုတ်ဘူး၊ ကျန်တဲ့လူတွေကတော့ ခုနကလို ဆေးကုသမှုကို ပါရာစီတမောလ်သောက်မယ်၊ အရည်များများသောက်မယ်၊ အနားယူမယ်၊ နောက်ပြီးတော့ ကိုယ့်ကို ခြင်ကိုက်မခံရအောင်ရယ်၊ ကိုယ်ကနေတဆင့် တခြားလူကို မကူးစက်အောင် နေထိုင်ပြီးတော့ ခြင်ထောင်နဲ့အိပ်မယ်။ ဒီလိုမျိုး ကျနော်တို့ ဆောင်ရွက်ဖို့ လိုမှာပါ။ တွေ့ဆုံမေးမြန်းသူ - ငြိမ်းမိုးနောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024