DVB Logo
Home
သုံးသပျခကျြ
ဘာလို့ ပြည်တော် ပြန်မလာကြတာလဲ
DVB
·
October 28, 2011
ဘာလို့ ပြည်တော် ပြန်မလာကြတာလဲ
Donate to DVB

လောလောဆယ် ပြည်တွင်း​ နိုင်ငံရေး​ အသိုင်းအဝိုင်းမှာ မေးနေကြတဲ့ မေးခွန်းတခုကတော့ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်နေတာတောင် ပြည်ပရောက် မြန်မာတွေ ဘာလို့ ပြန်မလာကြသေးတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို အဖြေပေးဖို့ ပြည်တွင်းနိုင်ငံရေးသမားတွေကလည်း အမျိုးမျိုး အဖြေရှာနေကြပါတယ်။

ဒီမေးခွန်းကို ဖြေဖို့အတွက် ပြည်ပရောက် မြန်မာ ဘယ်နှမျိုးလောက် ရှိသလဲဆိုတာ အရင် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောရရင် နိုင်ငံရေးသမားတွေ၊ အာဏာရအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေ၊ မီဒီယာသမားတွေ၊ စီးပွားရေးအရ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားကြသူတွေ၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမှု​ ​ပြုနေသူတွေ၊ ဒုက္ခသည်တွေနဲ့ ပြစ်မှုတခုခုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူတွေရယ်လို့ ခွဲခြားနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရည်ညွှန်းချက်ထဲမှာ အဓိက ပါသူတွေကတော့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်း​ ကိစ္စကြောင့် ပြည်ပ ရောက်နေသူတွေ ဖြစ်ပါတယ်။ ဒီလူတွေ ပြန်လာရင် နိုင်ငံရေး လုပ်ခဲ့တာတွေအတွက် အရေးယူ မခံရဘူးလို့ သမ္မတ အကြံပေးတွေ အပါအဝင် အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါပေမယ့် အခြားတဖက်ကို ကြည့်လိုက်ရင် အရင် စစ်အစိုးရနဲ့ စစ်အစိုးရကို အမွေဆက်ခံတဲ့ ဦးသိန်းစိန်အစိုးရဟာ ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်လို့တောင် လုံးဝ အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့ အုပ်ချုပ်ခဲ့စဉ်ကာလ တလျှောက်လုံး နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ အခြား ပြစ်မှုဆိုင်ရာ ပုဒ်မအမျိုးမျိုးတပ်ပြီး အလွန်ရက်စက်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ထောင်ချပြီးတာတောင် အားမရသေးဘဲ မိသားစုဆွေမျိုးတွေနဲ့ ဝေတဲ့ နယ်ဝေးထောင်တွေဆီ ပို့တာ၊ သီးသန့်ထားတာ၊ လျှော့ရက်မပေးတာ စသဖြင့် ရက်စက်တဲ့ လုပ်ရပ်တွေကို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ပြီး ပြည်ပရောက်နေသူတွေ ပြန်လာရင် အဲဒီအတွက်တော့ ဖမ်းမှာ ဆီးမှာ ထောင်ချမှာ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် သူတို့ ဖမ်းချင်ပြီဆိုရင်တော့ နိုင်ငံရေး လုပ်လုပ် မလုပ်လုပ်၊ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချခံရမယ့် အန္တရာယ် အမြဲရှိနေမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပါဘူးလို့ ဘယ်သမ္မတရဲ့ အကြံပေးကမှ အာမခံပေးထားတာ မရှိသေးပါဘူး။ ဒီတချက်တည်းကို ကြည့်ရင်ပဲ နိုင်ငံရေးသမားတွေ ပြန်လာဖို့ စိတ်ကူးမရှိတာ ဖြစ်နိုင်ပါတယ်။ နောက် အခြား​ အကြောင်းအချက်ကို ကြည့်လိုက်ရင်လည်း ပြည်တွင်းမှာ လက်ရှိ ရှိနေသူတွေတောင် နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတာ မဟုတ်သေးပါဘူး။ နိုင်ငံရေးလုပ်ဖို့ နိုင်ငံရေးပါတီ ထောင်ဖို့ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို လက်ခံရမှာ ဖြစ်သလို တရားမျှတမှု လုံးဝ မရှိတဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေတွေ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေကို လိုက်နာရမှာလည်း ဖြစ်ပါတယ်။ အဲဒါတွေကို လက်မခံနိုင်လို့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဒီနေ့ထက်ထိ ပါတီ မှတ်ပုံမတင်နိုင်သေးသလို နိုင်ငံရေးကိုလည်း လွတ်လွတ်လပ်လပ် လုပ်နိုင်တာ မဟုတ်သေးပါဘူး။ နိုင်ငံခြားကနေ ပြန်ရောက်လာမယ့် နိုင်ငံရေးသမားတွေဟာလည်း ဒါတွေကို ရင်ဆိုင်ရမှာမို့ တော်ရုံတန်ရုံ တွေးတတ်သူတိုင်း ပြန်လာချင်ကြမှာ မဟုတ်ပါဘူး။

နောက်တခုကတော့ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီးမှ ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားသူတွေပါ။ နိုင်ငံရေးသမားတွေတောင် ပြန်လာဖို့ မသေချာရင် သူတို့တွေအတွက်ကျတော့ ပိုဆိုးပါတယ်။ တကယ်တော့ တိုင်းပြည်မှာ အုပ်ချုပ်သူ ပြောင်းသေးတာ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေကပဲ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်အကြီးအကဲ၊ ပြည်နယ်ဝန်ကြီးချုပ် စသဖြင့် နေရာအားလုံးကို ဖြန့်ကြက် ရယူထားဆဲ ဖြစ်တာကြောင့် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေအတွက် ဘာအာမခံချက်မှ မရှိတာ မဆန်းပါဘူး။

မီဒီယာသမားတွေကလည်း သူတို့ ပြန်လာဖို့ သင့်မသင့် ပြည်တွင်းမီဒီယာသမားတွေရဲ့ အခြေအနေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီမိုကရေစီကိုသွားမယ် ဆိုတဲ့ ဒီကနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက အနေနဲ့ ရုပ်သံမီဒီယာ ထုတ်လုပ်ခွင့်၊ ထုတ်လွှင့်ခွင့်၊ ရေဒီယို ထုတ်လွှင့်ခွင့်၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် စတာတွေ လုံးဝ မရှိသေးပါဘူး။ အပတ်စဉ် ထုတ်ခွင့်ရထားတဲ့ သတင်းဂျာနယ်တွေတောင် သတ်မှတ်ချက်အတိုင်း တင်ပြရ၊ ဖြုတ်ဆိုတာတွေဖြုတ်၊ ဖြတ်ဆိုတာတွေ ဖြတ်ပြီးမှ ထုတ်ဝေခွင့်ရကြတာပါ။ တကြိမ်ခွင့်ပြုထားပြီးသားကို နောက်တကြိမ် ထုတ်ချင်ရင်လည်း ပြန်ပြီး တင်ပြရတာမျိုး လုပ်နေရတုန်းပါ။ ဒီဂျာနယ်ဖော်ပြခွင့်ပေးပြီး ဟိုဂျာနယ်မှာ ပိတ်ပင်တဲ့ မျက်နှာလိုက်တာမျိုးလည်း ရှိနေတုန်းပါ။ ဒီတကြိမ် ခွင့်ပြုပေမယ့် ဟိုတကြိမ် ပိတ်ပင်တာမျိုးလည်း လုပ်နေဆဲပါ။ ဒါတင်မက ပြင်ပမီဒီယာတွေကို သတင်းပို့လို့ဆိုပြီး နှစ်ရှည်ထောင်ချထားသူတွေလည်း ထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒါတွေကြောင့်လည်း မီဒီယာသမားတွေ အလုပ် ပြန်လာလုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

နောက်တမျိုးကတော့ စီးပွားရေးအတွက် ရေကြည်ရာမြက်နုရာ ထွက်ခွာသွားကြသူတွေပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတာ အနှစ် ၂ဝ ကျော်ပြီဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးပုံစံ လုံးဝ မဟုတ်သေးပါဘူး။ အမိန့်ပေးစီးပွားရေးစနစ်အောက်မှာ အရင်စစ်အာဏာပိုင် ဒါမှမဟုတ် လက်ရှိ အစိုးရထိပ်ပိုင်း ခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ အခွင့်ထူးခံတွေလောက်သာ အဆင်ပြေနေကြတဲ့ စီးပွားရေးစနစ်ပါ။ ပွင့်လင်းမြင်သာမှုလည်းမရှိ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုလည်းမရှိတဲ့ စနစ်ပါ။ စီးပွားရေးဆိုင်ရာ ဥပဒေတွေကလည်း ဘာမှ ခိုင်ခိုင်မာမာ ရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပရောက်နေတဲ့ စီးပွားရေးသမားတွေ ပြည်တွင်းပြန်လာပြီး စီးပွားရှာဖို့ ဆိုတာဟာ သိပ်ပြီးဖြစ်နိုင်တဲ့ အခြေအနေ ရှိမနေပါဘူး။

နောက်တမျိုးက နိုင်ငံခြားမှာ ပညာရှင်တွေအဖြစ် ရပ်တည် လုပ်ကိုင်နေသူတွေပါ။ ဒီလိုလူတွေအတွက်လည်း မြန်မာပြည် ပြန်လာရင် ဘာလုပ်နိုင်မှာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ပညာရှင်တွေကို နေရာပေးလေ့ မရှိတဲ့၊ ဒီနေ့အထိလည်း တန်ဖိုးမထားသေးတဲ့ မြန်မာပြည်ကို နိုင်ငံတကာအဆင့် အဲဒီပညာရှင်တွေ ပြန်လာဖို့ ဆိုတာကလည်း ဝေးနေဦးမယ် ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာတခုက ဒုက္ခသည်တွေ ပြန်လာနိုင်ရေးပါ။ သမ္မတ ဦးသိန်းစိန်ကသာ တကယ် ​စေတနာ​ ရှိမယ်ဆိုရင် အခြားပြည်ပရောက် မြန်မာတွေ ပြန်လာမပြန်လာ ဆိုတာထက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေး စနစ်တကျ စီစဉ်ပေးသင့်ပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် နယ်စပ်တိုင်းရင်းသားဒေသတွေမှာ အတိုက်အခိုက်တွေ ရပ်စဲပေးဖို့ လိုပါတယ်။ တိုင်းရင်းသား ဒုက္ခသည်တွေ သူတို့ ရပ်ရွာပြန်လာပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် သူတို့တွေကိုယ်တိုင် စိတ်ချယုံကြည်လောက်တဲ့ စောင့်ကြည့်စနစ်တွေ ထားခွင့်ပြုသင့်ပါတယ်။ ဒီလို ပြည့်ပြည့်စုံစုံ စီစဉ်ပေးရင် သန်းနဲ့ချီရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ ပြည်တော်ပြန်လာကြမှာပါ။

ဒီအတွက် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တော်ပြန်လာကြပါ ဆိုပြီး စကားတခွန်းလောက်ပဲ ပြောရုံနဲ့ မပြီးပါဘူး။ ကိုယ့်တိုင်းသူပြည်သားတွေ စိတ်ချလက်ချ ပြန်လာနိုင်အောင် ပြည်တွင်းမှာ နမူနာကောင်းတွေ အရင်ပြရပါမယ်။ ပြည်ပက လူတွေ ပြန်လာနိုင်ဖို့ လုံလောက်တဲ့ ဥပဒေ အကာအကွယ်တွေ ပေးရပါမယ်။ ဒုက္ခသည်လိုမျိုးတွေ ပြန်လာနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်ပေးရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013