Home
သုံးသပျခကျြ
ဒေသန္တရအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ဘာတွေဖြစ်လာမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
October 5, 2016
ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဒေသန္တရအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တာပါ။ သြဂုတ်လ ၁၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေအုပ်ချုပ်ရေးဌာန၊ ထွေအုပ်လို့ လူသိများတဲ့ ဌာနရယ်၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်၊ နောက်ပြီးတော့ စသုံးလုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ပြည်နယ်နဲ့တိုင်း ၀န်ကြီးချုပ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းသွားဖို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲလိုပဲ စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ ထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အထူးသဖြင့် စာသားကတော့ အစောတုန်းက ဦးစီးဌာန ၅ ခုကို ကြီးကြပ်စစ်ဆေး ပေါင်းစပ်ညှိနှိုင်းသွားဖို့လို့ ပြုပြင်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ဒီချုပ်အစိုးရ တက်လာပြီး ၆ လအတွင်းမှာ ဒေသန္တရအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာမလဲဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ယခင် သင့်ဘ၀မဂ္ဂဇင်းအယ်ဒီတာ ဦးတင်မောင်သန်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။ “အခုလိုမျိုး ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီးဌာနကြီး ၅ ခုကို တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေ ပေးခဲ့တယ်၊ ပေါင်းစပ်ဖွဲ့ဖို့အထိ ပေးခဲ့တယ်။ နောက်တခါကျတော့ ပြန်ပြင်သွားတယ်။ စကားလုံးအရတော့ ကြီးကြပ်စစ်ဆေး ပေါင်းစပ်ညှိနှိုင်းတဲ့ အဆင့်တခု ပြန်လျှော့တဲ့ပုံစံမျိုး ဖြစ်သွားတယ်ပေါ့နော်။ တလလောက် အကြာပြီးမှာပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဒီဥစ္စာသည် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပေါ့ဗျာ။ အခုလက်ရှိ မြန်မာပြည်သည် ဥပဒေပြုရေးမှာ အများစုက အရပ်သားတွေဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း အရပ်သားတွေ။ ဒါပေမယ့် တကယ့်အုပ်ချုပ်ရေးအပိုင်းကိုကျတော့ ပြည်ထဲရေးက ကိုင်ထားတယ်ဆိုတော့၊ ဦးစီးဌာန၊ ထွေအုပ် အပါအ၀င် ၅ ခုကို ကိုင်ထားတယ်ပေါ့။ တကယ်တမ်း ဒီဥစ္စာသည် ပြုပြင်ပြောင်းလဲရေးပေါ့နော်။ အန်အယ်လ်ဒီအစိုးရ ပြုပြင်ပြောင်းလဲရေးမှာ ပြန်လည်ပြောင်းလဲမှုက ဘာကိုဖွင့်ဆိုနေတာလဲ။ သက်ရောက်မှုတွေ ဘာရှိလဲဆိုတာ ပထမဆုံး ဆွေးနွေးပေးပါခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဒီဖြစ်စဉ်တွေကိုကြည့်ရင် အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ကျနော်ကမြင်တယ်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာတွေမှာ ဝေါဟာရတွေကို နားလည်တဲ့နေရာတွေမှာ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အခါကျတော့ ဒီဌာန ၅ ခုနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးပေါ့လေ၊ အယူအဆအမျိုးမျိုး ဖြစ်တယ်လို့ ကျနော်က မြင်တယ်။ ဒါပေမယ့် ကျနော်တို့ ဒီဌာနတွေ အပါအ၀င်ပေါ့လေ။ အုပ်ချုပ်ရေးယန္တရားကြီး တခုလုံးကို ပြုပြင်နိုင်တဲ့ဘက်ကို ကျနော်တို့ ဦးတည်နိုင်မှ ဒီပြဿနာတွေကို ကျနော်တို့ ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။ နောက် လက်ရှိအခြေအနေမှာ ကျနော်မြင်တာကတော့ အုပ်ချုပ်ရေးပိုင်းကို စစ်တပ်ဘက်က ကိုင်ထားပြီးတော့ ဥပဒေပြုရေးပိုင်းကို အရပ်ဘက် ရွေးကောက်ခံကိုယ်စားလှယ်တွေက စိုးမိုးထားတဲ့ သဘောမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် အဲဒီမှာ ကျနော် ဘာသွားတွေ့ပြန်လဲ ဆိုတော့ ကျနော်တို့ ၂၀၁၀ တုန်းကပေါ့လေ ပြဋ္ဌာန်းခဲ့တဲ့၊ ကျနော်မှတ်မိသလောက်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဥပဒေတို့၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတို့၊ ဒီဥပဒေတွေကို အခုချိန်ထိပြန်ပြီးတော့ အသစ်ရေးတာမျိုး မလုပ်သေးဘူး။ ကျနော်ဆိုလိုချင်တဲ့သဘောက ဥပမာ ဥပဒေပြုရေးဘက်ကရော အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိလဲ။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကရော ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲ။ အဲဒီတော့ အဲဒီလို စိတ်ဝင်စားမှုရှိလာတယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ဒီအစိုးရအဖွဲ့တွေရဲ့ ဥပဒေတွေကို ဒီလွှတ်တော်သက်တမ်းအတွင်းမှာ ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်။ နောက်တချက်က ဒီအုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ရင် သီးသန့်ပေါ့လေ။ ဥပမာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ဒီဥစ္စာအားလုံးကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးယန္တရားတခု ဖော်ဆောင်နိုင်အောင် ဥပဒေပြုနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဒါ ဒေါက်တာရန်မျိုးသိမ်းကတော့ Constitutional Crisis လိုမျိုး ဖြစ်နေတယ်။ သေချာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုတယ်ပေါ့။ အဲဒီတော့ ဆရာတင်မောင်သန်းကိုလည်း ကျနော်မေးပါမယ်။ တကယ်တမ်းကျတော့ စောစောက ပြောသလိုပဲ၊ အရပ်သားဝန်ကြီးချုပ်တွေက များတယ်။ အုပ်ချုပ်ရေးစနစ် ၅ ခု။ အထူးသဖြင့် ထွေအုပ်ပေါ့။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးအောက်မှာ ရှိနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာ ဘယ်လိုများ လောလောဆယ် ပြုပြင်ပြောင်းလဲဖို့တန်ပြီ၊ ဒီဟာကို ဒေသန္တရအုပ်ချုပ်ရေး Level မှာ ဘယ်လို Reform သွားမယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ။ တကယ် လက်တွေ့ကျကျ ဟန်ချက်ညီညီဖြစ်အောင် အစိုးရနဲ့၊ စောစောကပြောတဲ့ ဥပဒေပြုတဲ့သူတွေနဲ့ အုပ်ချုပ်တဲ့သူတွေ တကယ်တမ်း ဟန်ချက်ညီညီသွားအောင် ဘာလုပ်ဖို့လိုလဲ ဆရာ ဖြည့်စွက်ပြီး ပြောပေးပါဦး။” ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘ၀မဂ္ဂဇင်း) “စောစောက ဆရာရန်မျိုးသိမ်း ပြောသွားသလိုပဲပေါ့နော်။ ဥပဒေကြောင်းအရ ကြည့်ရမယ့်ဟာတွေ ရှိတယ်။ ဥပမာအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒါမှမဟုတ် တခြားဌာနတွေက ပြည်ထဲရေးအောက်မှာ ရှိနေတယ်။ အဲဒါကို ဥပဒေအရ ဖွဲ့စည်းပုံတင်မကဘူး။ တခြားဥပဒေတွေအရရော ပြောင်းလို့မရဘူးလို့ ပြောတယ်။ အရင်အစိုးရ လက်ထက်တုန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သမ္မတရုံးအောက် ပြောင်းဖို့ ကြိုးစားခဲ့တယ်။ ပြောင်းလို့မရခဲ့ဘူး။ ဆိုလိုတာက ဥပဒေရဲ့ အကန့်အသတ်ကြောင့်ပေါ့နော်။ ဖွဲ့စည်းပုံကြောင့် ဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး အခက်အခဲပေါ့လေ။ ဒါ တခုပေါ့။ ဒုတိယက စောစောက ဆရာရန်မျိုးသိမ်း ပြောသလိုပဲ ကျနော်တို့ စကားလုံးတွေပေါ့။ ခုနက ကြေညာချက်ဆိုရင် Constitution ရဲ့ ပုဒ်မ ၂၅၆(ခ) ထဲက စကားလုံးတွေ ယူသုံးသွားတာ။ ဒါပေမယ့် ၂၅၆(က) မှာကျတော့ စီမံခန့်ခွဲခြင်းဆိုတာ ပါလာတယ်။ ဒါပေမယ့် အဲဒီစကားလုံးတွေကို အဓိပ္ပာယ် ဘယ်လိုဖွင့်ဆိုမလဲဆိုတာ မရှင်းဘူး။ ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို ကျနော်တို့ ဖွင့်ဆိုပေးဖို့ တောင်းဆိုလို့ရတယ်။ ဒါပေမယ့် အဲဒီလိုတောင်းဆိုမယ့် လှုပ်ရှားမှုမျိုး၊ စီစဉ်မှုမျိုးကို လွှတ်တော်ဘက်ကနေ ကျနော်တို့ မမြင်ရသေးဘူး။ ပါတီဆိုက်ကလည်း မမြင်ရသေးဘူးပေါ့နော်။ ဒါပေမယ့် အဲဒီ အကန့်အသတ်တွေကြားထဲမှာ လက်ရှိ ဖွဲ့စည်းပုံထဲကပဲ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင်တော့ ပြည်နယ်နဲ့တိုင်း လွှတ်တော်နဲ့ အစိုးရတွေက ပုဒ်မ ၂၅၇ မှာ ပေးထားတဲ့ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းကို ဖွဲ့စည်းပိုင်ခွင့်ရှိတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု လုပ်ငန်းအတွက် ဖွဲ့စည်းပိုင်ခွင့်ရှိတယ်ဆိုတော့ အဲဒီပုဒ်မအရ မိမိရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ချမှတ်၊ မူဝါဒကနေမှ Program တွေကို ဒီဇိုင်းလုပ်။ အစီအစဉ်တွေပေါ့။ အဲဒီကနေ စီမံချက်တွေရေးဆွဲ၊ ဘတ်ဂျက်ကိုတွက်၊ ပြီးရင် အကောင်အထည်ဖော်မယ်။ အဲဒီဖြစ်စဉ်ကို သွားရင်းနဲ့ အဲဒီစီမံချက်တွေ၊ အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတွေကို ပုဒ်မ ၂၅၇ ဖွဲ့စည်းပုံ ပေးထားချက်အရ ဖွဲ့စည်းလို့ရတယ်။ အဲဒါကတော့ ပြုပြင်ပြောင်းလဲရေးရဲ့ ခြေလှမ်းအစပေါ့၊ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ တိုင်းဒေသကြီးအဆင့်မှာပေါ့။ ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာတင်မောင်သန်းက အခြေခံဥပဒေပုဒ်မနဲ့ ပြောတော့ ကျနော်တို့ ဒီမှာ အခြေခံဥပဒေပုဒ်မ ၂၅၀ ကို ရှေ့နေတွေကလည်း ပြန်ပြောပါတယ်။ အဲဒီမှာ ဘာပြောထားလဲဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တာဝန်ရှိသည်တဲ့။ အဲဒီတော့ ဒီလိုတာဝန်ရှိတာကို ဖော်ဆောင်ဖို့ စောစောက ထွေအုပ်တို့၊ ရဲတပ်ဖွဲ့တို့၊ အကျဉ်းဦးစီးတို့၊ စသုံးလုံးတို့ အဲဒါတွေ လိုတယ်ဆိုတဲ့ဘက်ကနေ ရှေ့နေတွေက ပြောလာပါတယ်။ အခြေခံဥပဒေ ၂၅၀ ပေးထားချက်အရ အဲဒီတော့ တကယ်တမ်း အရပ်သား တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေ အုပ်ချုပ်ရေးလွယ်အောင် အခြေခံဥပဒေကလည်း ပေးထားတာ ဖြစ်တဲ့အတွက် အဲဒါကို တကယ်အသက်ဝင်အောင် ဘာလုပ်ဖို့လိုမလဲ၊ တကယ် လက်တွေ့ကျကျ အုပ်ချုပ်နိုင်အောင် စောစောကပြောတဲ့ ဦးစီးဌာနတွေကို တကယ်တမ်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် ဘာလုပ်ပေးရမလဲဆိုတာ ဖြည့်စွက်ပြီး ဆွေးနွေးပါဦးခင်ဗျာ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ တကယ်တမ်း အဲဒီလိုပေါ့လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပေးထားတဲ့ လုပ်ပိုင်ခွင့် ရှိနေတယ်။ အဲဒီပုဒ်မကို ကျနော်တို့က အကိုးအကားပြုပြီးတော့ ကျနော့်အမြင်ကတော့ အကောင်းဆုံးကတော့ ဥပဒေပြဋ္ဌာန်းနိုင်ရင် အကောင်းဆုံးပဲလို့ ကျနော်က မြင်တယ်။ ဥပမာ ပြည်ထောင်စုလွှတ်တော်မှာ ဒီကိစ္စကို ဆွေးနွေးပြီးတော့ ဥပဒေပြဋ္ဌာန်းနိုင်မယ်။ နောက် နည်းဥပဒေကိုလည်း အလျင်အမြန် ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ဒီထွေအုပ်ဌာန အပါအ၀င်ပေါ့လေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအောက်မှာရှိတဲ့ အဓိက တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒါတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဌာန ၅ ခုကိုလည်းပဲ စနစ်တကျ ပေါင်းစပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်လာနိုင်မယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ကျနော့်အမြင်က မြေပြင်မှာဖြစ်နေတဲ့ အနေအထားကျတော့ မြို့နယ်တမြို့နယ်မှာ၊ ခရိုင်တခုမှာ၊ တိုင်း၊ ပြည်နယ်တခုမှာ သူက အခြားဌာနတွေထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အပေါ်ကို ရောက်သလို ဖြစ်နေတယ်။ အဲဒါကလည်း ဘာနဲ့ဆက်စပ်လဲဆိုတော့ အဲဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တိုင်းဦးစီးမှူးတွေ၊ ပြည်နယ်ဦးစီးမှူးတွေက တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ အတွင်းရေးမှူးအဖြစ် ပါနေတဲ့ အနေအထားမျိုး ရှိနေတယ်။ ကျနော့်အမြင်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီဦးစီးမှူးတွေကို အစိုးရအဖွဲ့ အတွင်းရေးမှူး ပေးရမယ်လို့ မဆိုလိုထားဘူး။ မဖော်ပြထားဘူး။ ဒါပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဥပဒေမှာ အဲဒီလို ဖော်ပြပြီးတော့ တာဝန်ပေးထားတာကို တွေ့ရတယ်။ အဲဒီတော့ ကျနော့်ရဲ့ စဉ်းစားချက်က အစိုးရအဖွဲ့ အတွင်းရေးမှူးဆိုတဲ့ နေရာမျိုးမှာ ဥပမာ ၀န်ထမ်းနဲ့ဆိုင်တဲ့ပေါ့၊ သူတို့က တကယ်တော့ ၀န်ထမ်းပဲ၊ အဲဒီတော့ ၀န်ထမ်းနဲ့ဆိုင်တဲ့ အသုံးအနှုန်းမျိုးကို ရွေးချယ်ပြီးတော့ ထားတာ ပိုပြီးကောင်းမယ်လို့ မြင်တယ်။ ဥပမာ အစိုးရအဖွဲ့ရဲ့ ရုံးအဖွဲ့မှူးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း အစိုးရအဖွဲ့ရဲ့ အတွင်းဝန်ပဲဖြစ်ဖြစ်။ ဒီလိုပုံစံမျိုးက ပိုပြီးကောင်းတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ထွေအုပ်ရဲ့ ညွှန်ကြားရေးမှူးတွေကို အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးအဖြစ် ပေးလိုက်တဲ့အခါ စီမံခန့်ခွဲမှုအပိုင်း၊ အုပ်ချုပ်မှုအပိုင်းမှာ ပိုပြီးတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာပြီးတော့ ထွေအုပ်ဌာနကလည်းပဲ အခြားဌာနတွေထက် ခေါင်းတလုံး ပိုပြီးမြင့်သလို ဖြစ်သွားတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဒေါက်တာရန်မျိုးသိမ်းကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထွေအုပ်တွေရဲ့  အခန်းကဏ္ဍကို ပြောတယ်။ အဲဒီတော့ ဆရာတင်မောင်သန်းအနေနဲ့လည်း တကယ်တမ်း ကျနော်တို့ ပြုပြင်ပြောင်းလဲရေးမှာ အလယ်အလတ်ရှိတဲ့ အုပ်ချုပ်ရေးသမားတွေ ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာကို ဆရာတို့လည်း အဖြေရှာနေကြတဲ့သူတွေ၊ စာတမ်းတွေလည်း ရေးနေတာ တွေ့ရတယ်။ အဲဒီတော့ စောစောကပြောတဲ့ ထွေအုပ်တွေရဲ့ အခန်းကဏ္ဍ၊ အစိုးရ အသွင်ကူးပြောင်းရေးမှာ ဘယ်လို တကယ်ပြောင်းသင့်တာလဲ၊ နောက်ပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဘယ်လိုပေါင်းစပ်ပြီး လုပ်လို့ရမလဲ။ အဲဒါလည်း ဆရာ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။” ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘ၀မဂ္ဂဇင်း) “ဖွဲ့စည်းပုံအရတော့ ဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အတွင်းရေးမှူးရာထူးကို ယူထားပြီးတော့ သူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ အတွင်းရေးမှူးအဖွဲ့ရုံးပေါ့။ အစိုးရအဖွဲ့ရုံးရဲ့ တာဝန်ကို ပေးထားတာပေါ့။ ပေးထားတဲ့အခါကျတော့ ကျနော်တို့ သုတေသနလုပ်တဲ့အခါကျရင် ပြောကြတာကတော့ ဒီလို ပြောင်းလဲရေးလားရာကို သွားမယ်ဆိုရင် နံပါတ်တစ်ကတော့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ လုပ်ဆောင်တဲ့အဆင့်တဆင့်ကို သွားရမယ်ပေါ့လေ။ ဒါ တခုပေါ့။ ဒုတိယတချက်ကတော့ Performance Space လို့ပြောတဲ့ စွမ်းဆောင်ရည်တက်လာအောင် အဲဒီစွမ်းဆောင်ရည်ပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲကို သွားရမယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာ အရာရှိကြီးတွေက ၀န်ထမ်းတွေပေါ့နော်၊ မြို့နယ်အဆင့်ကနေ ကျနော်တို့ တိုင်းအဆင့်အထိပေါ့။ ကျနော်တို့ လေ့လာမိသလောက် အဲဒီလို မြင်ကြတယ်ပေါ့နော်။ ဆိုတော့ ယေဘုယျအားဖြင့် အဲဒါတွေကိုလုပ်ဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တခုလုံးမှာတော့ အဓိက လပ်ဟာနေတာက မူဝါဒကို စိစစ်သုံးသပ်တဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံတွေ၊ လက်တွေ့လုပ်ဆောင်ပုံတွေ မရှိတာဘဲ။ အဲဒါ ဗဟိုမှာလည်း မရှိဘူး။ နောက် ပြည်နယ်နဲ့ တိုင်းအဆင့်မှာလည်း မရှိဘူး။ မူဝါဒလေ့လာသုံးသပ်ရေး မရှိဘူး။ ယေဘုယျအားဖြင့် မူဝါဒဆွေးနွေးချက် စာတမ်းတွေ ထုတ်ပြီးတော့ ပြည်သူလူထုကို တိုင်ပင်နှီးနှောခြင်း မရှိဘူး။ အဆိုပြုစာတမ်းမှာလည်း ထပ်မံတိုင်ပင်နှီးနှောခြင်းတွေ မရှိဘူး။ ဒါပေမယ့် အဲဒါလေးတွေက အခုတော့ စတင်ပြီးတော့ တိုင်ပင်နှီးနှောတဲ့ဘက်လေးကို ရွေ့ရွေ့တော့လာနေပြီ။ ဗဟိုအဆင့် ၀န်ကြီးဌာနတွေမှာလည်း လုပ်ဖို့ စဉ်းစားနေပြီ။ အဲဒီတော့ ကျနော်တို့အမြင်ကတော့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာလည်းပဲ ပြည်နယ်နဲ့တိုင်း ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခုနကပြောတဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်း၊ ကျနော်တို့ ပညာပိုင်းဆိုင်ရာအရပေါ့နော်။ စိစစ်လေ့လာသုံးသပ်တဲ့ လုပ်ငန်းတွေကိုပါ လုပ်သွားမယ်ဆိုရင်တော့ ပုဒ်မ ၂၅၇ အရ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတွေကို ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုထင်တယ်။ အဲဒီအတွက် လုပ်ဆောင်ဖို့ စဉ်းစားနေကြတာတွေလည်း ကျနော်တို့ တွေ့ရတယ်ပေါ့လေ။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ အခု အထွေထွေဦးစီးဌာနက ၅ ခုနဲ့ ပတ်သက်ပြီး နောက်ထပ်ပြောလာတာက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဘက်ကို ပိုပြောလာတာပေါ့။ အဲဒီတော့ နောက်ထပ် မေးခွန်းတခုကလည်း နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေး အကြီးအကဲလား။ ဒါမှမဟုတ် ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း အုပ်ချုပ်ရေး အကြီးအကဲလား ဆိုတဲ့ မေးခွန်း နောက်ထပ် တက်လာတယ်။ အဲလိုပဲ ပထမ ပူးပေါင်းဖွဲ့စည်းဖို့ တိုင်းနဲ့ပြည်နယ်အဆင့် ပြောတော့ တပ်က တဖြည်းဖြည်း ဆုတ်ခွာပေးသွားတယ်ဆိုတဲ့ သဘောကို၊ အုပ်ချုပ်ရေးဘက်က ဆုတ်ခွာသွားပေးတယ်ဆိုတဲ့ သဘောကို မြင်လာပြီးတော့မှ ပြန်ပြောင်းလိုက်တော့လည်း တချို့အမြင်တွေ မြင်ကြတယ်ပေါ့။ အဲဒီတော့ ဒေါက်တာရန်မျိုးသိမ်းကိုပဲ မေးပါမယ်။ ဒီဟာက တကယ်တမ်းကျတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲသည် အုပ်ချုပ်ရေးအကြီးအကဲလား။ ၂၀၀၈ ဖွဲ့စည်းပုံက တကယ်တမ်းတော့ တပ်မတော်ကိုပဲ အုပ်ချုပ်ရေးအကြီးအကဲ ပေးတာလား။ အဲဒီအတွက် ဘာလုပ်ဖို့လိုလဲ။ အဲဒါလေးကို ဖြည့်စွက်ပြီး ပြောပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲဟာ သမ္မတပဲ။ သမ္မတကနေပြီးတော့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းတယ်။ အဲဒီအခါကျတော့ ပြည်ထောင်စုအစိုးရအဖွဲ့ အပါအ၀င် အားလုံးဟာ သမ္မတရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုအောက်မှာ ရှိရမယ်လို့ ကျနော်မြင်တယ်။ နောက် ကိုတိုးဇော်လတ် ခုနက ဆွေးနွေးတဲ့အထဲမှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးမှာ ကျနော့်အမြင်အားဖြင့် ဒီပြဿနာတွေက ကျနော်တို့ လုံခြုံရေးကဏ္ဍ၊ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး၊ Security Sector Reform နဲ့လည်းပဲ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မြင်တယ်။ အဲဒီတော့ တဘက်မှာလည်း ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေပြီးတော့ Security Sector Reform ပေါ့၊ ဒီလုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့အခါမှာ မလွဲမသွေ ဒီကိစ္စတွေကို ကျနော်တို့ ဆွေးနွေးလာရမယ်၊ အဖြေရှာလာရမယ်။ နောက်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်လာရမယ့် အနေအထားမျိုး ရှိတယ်လို့ ကျနော်က သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ နောက်ဆုံးအနေနဲ့ ဆရာတင်မောင်သန်းကိုလည်း ဒီမေးခွန်းပဲ မေးပါမယ်။ မြန်မာပြည်ဟာ ဒီ Constitution နဲ့ နောက် ၅ နှစ်လည်း သွားကြဦးမှာပဲ။ လက်ရှိမှာလည်း အရပ်သားတွေသည် ဥပဒေပြုရေးမှာ အများစု၊ ကျနော်တို့ အုပ်ချုပ်ရေးမှာကျတော့ တပ်မတော်ကလူတွေ များတယ်။ သမ္မတသည် အုပ်ချုပ်ရေးရဲ့ အကြီးအကဲလား၊ ရှေ့လျှောက် ကျနော်တို့ မြန်မာပြည်ကို နောက်ထပ် ဘယ်လိုဆက်သွားသင့်သလဲဆိုတာ ဆရာတင်မောင်သန်းအနေနဲ့ နောက်ဆုံး ဆွေးနွေးပေးပါဦး။” ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘ၀မဂ္ဂဇင်း) “၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အုပ်ချုပ်ရေးရဲ့ အကြီးအကဲအဖြစ်နဲ့ သမ္မတက အကြီးအကဲဖြစ်တယ်ဆိုတာ အသိအမှတ်ပြုထားပြီးသား။ လက်တွေ့လုပ်တဲ့အခါမှာလည်း ပြည်ထဲရေးဝန်ကြီးက သမ္မတကိုပဲ အစီရင်ခံတယ်ပေါ့နော်။ ကာကွယ်ရေးဦးစီးချုပ်ကို သွားတယ်လို့ အဲဒီလိုတော့၊ ကျနော်လည်း မေးကြည့်တယ်။ စောစောက မေးခွန်းမျိုးကိုပဲ လက်တွေ့လုပ်နေတဲ့လူတွေကို မေးကြည့်တဲ့အခါမှာ အများစု အထူးလုံခြုံရေးကိစ္စတွေကလွဲပြီး ကျန်တာတွေအကုန်လုံးက သမ္မတကိုပဲ တိုက်ရိုက်အစီရင်ခံတဲ့စနစ်နဲ့ သွားနေတယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး တာဝန်အကြီးဆုံးက သမ္မတ၊ ဒါပေမယ့် တဘက်မှာကျတော့လည်း ခင်ဗျား ခုနကပြောသလိုပေါ့နော်။ တပ်မတော်ထဲက ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် ထွေအုပ်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ၁၇ ဦးရှိတယ်။ ၃ ဦးကပဲ အရပ်ဘက်က လာတယ်ပေါ့နော်။ ဗဟိုမှာဆိုရင် နှစ်ယောက် ရှိတယ်။ တယောက်ကပဲ ရှိတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် မွန်နဲ့၊ ကျနော်ထင်တယ်၊ နှစ်ဦးကပဲ အရပ်သားထဲကလာတာ ကျနော်တို့ တွေ့ရတယ်လေ။ မွန်နဲ့ မကွေးနဲ့ပေါ့နော်။ ကျန်တာက စောစောက ခင်ဗျားပြောသလို ရှိနေတာပေါ့။ ဒါပေမယ့် အုပ်ချုပ်ပုံ စီးဆင်းပုံစနစ်အရကတော့ သမ္မတဆီကိုပဲ တိုက်ရိုက်အစီရင်ခံတယ်လို့ ကျနော်တို့က ဒီလိုပဲ လေ့လာတွေ့ရှိတယ်ပေါ့နော်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024