ဟောင်ကောင်ကျောင်းသားခေါင်းဆောင် ဂျိုရှောင်ဟွာကို ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင် ဂျိုရှောင်ဟွာကို အောက်တိုဘာ ၄ ရက် ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ  ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဂျိုရှောင်ဟွာဟာ ချူလာလောင်ကွန်းတက္ကသိုလ်မှာ ထိုင်းကျောင်းသားတွေကို မိန့်ခွန်းပြောကြားဖို့  ဟောင်ကောင်ကနေ ဘန်ကောက်ကို Emirates လေကြောင်းလိုင်းနဲ့ လာရောက်စဉ် ဖမ်းဆီးခံခဲ့ရတာလို့ သူ့ရဲ့ ဒီမိုစစ်တိုပါတီက ထုတ်ပြန်ပါတယ်။ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရဟာ တရုတ်ရဲ့ ဖိအားပေးခံခဲ့ရတဲ့အကြောင်းနဲ့ ဂျိုရှောင်ဟွာရဲ့ လွတ်လပ်ခွင့်နဲ့ ထိုင်းနိုင်ငံကို ၀င်ရောက်ပိုင်ခွင့်အတွက် ထိုင်းအစိုးရဲ့ စွက်ဖက်မှုကို အပြင်းအထန် ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဂျိုရှောင်ဟွာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး သူ့ရဲ့လုံခြုံရေးအတွက် ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေးဌာနက ကူညီပေးဖို့လည်း ပန်ကြားထားပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ဒီကိစ္စ မသိရသေးဘူးလို့ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။ ဂျိုရှောင်ဟွာဟာ ၂၀၁၄ သြဂုတ်လက ဟောင်ကောင်မြို့လယ်ခေါင်ကို သိမ်းပိုက်ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ၃ ဦးထဲက တဦးဖြစ်ပြီး ဒီအရေးအခင်းနဲ့ ပတ်သက်လို့ တရားစွဲခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up