Home
ဆောင်းပါး
ဒီမိုကရေစီစနစ်ရဲ့ ရန်သူတော်များ
DVB
·
October 4, 2016
min-kaung-chit-article
လက်တင်အမေရိကသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဆိုင်ရာ တတိယအကြိမ် ထိပ်သီးညီလာခံမှာ ဥရုဂွေးသမ္မတဟောင်း ဂျိုစီက အောက်ပါအတိုင်း သတိပေးခဲ့ပါတယ်။ “The biggest threat to democracy is the concentration of power & wealth in the hands of few. Inequality is the enemy of democracy.” ဒီမိုကရေစီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ နိုင်ငံရဲ့ ဓနဥစ္စာ၊ ကြွယ်ဝမှု အများစုဟာ လက်တဆုပ်စာ လူတစုလက်ထဲ စုပုံကျရောက်နေခြင်းပါပဲ။ ဒီမိုကရေစီရဲ့ ရန်သူတော်ကတော့ မညီမျှမှုတွေလို့ သူက ဆိုထားပါတယ်။ မညီမျှမှု (Inequality) ဆိုတာထဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အစရှိတဲ့ အာဏာခွဲဝေမှု မညီမျှမှုတင်မကပါဘူး။ အလုပ်အကိုင်ရရှိခွင့် မညီမျှမှု၊ လွတ်လပ်မျှတစွာ စီးပွားပြိုင်ဆိုင်ခွင့် မရရှိမှု၊ ညီညီမျှမျှ ပညာသင်ကြားခွင့် မရရှိမှု၊ မိမိယုံကြည်ရာဘာသာကို အများပြည်သူ မထိခိုက်စေဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရရှိမှု၊ မိမိစာပေယဉ်ကျေးမှုတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိမှု၊ မိမိနှစ်သက်ရာအရပ်မှာ ငြိမ်းချမ်းစွာ နေထိုင်ခွင့်မရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်း မညီမျှမှု၊ ဘ၀တိုးတက်မှု အခွင့်အလမ်းများ မညီမျှမှုတွေ အားလုံးပါဝင်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ်အစုံမှာ မျှမျှတတမရှိဘဲ လူနည်းစုက အခွင့်ထူးခံခွင့်ရ၊ အချောင်ကြီးပွားချမ်းသာခွင့်တွေ ရပြီး လူများစုကြီး ဆင်းရဲတွင်းနက်လို့  ဆင်းရဲ ချမ်းသာ၊ ဆူကြုံနိမ့်မြင့် ကွာဟမှု ကြီးမားနေတာကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေမျိုး ရောက်ရှိစေတဲ့ အင်အားကြီးသူက အခွင့်ထူးခံ အနိုင်ယူဗိုလ်ကျတဲ့ဓလေ့ ထွန်းကားခဲ့တာ တိုင်းပြည်လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ဆိုတော့ အင်အားနည်းသူတွေ၊ မျက်နှာမွဲတွေ၊ မသိနားမလည်တဲ့ ဆင်းရဲသားပြည်သူ အများစုဟာ လက်နက်ရှိသူ၊ အာဏာရှိသူ၊ ဓနဥစ္စာ ကြွယ်ဝတဲ့လူစုတွေနဲ့ ကပ်ပါးမျောက်တွေရဲ့ အနိုင်ကျင့်မှုကို အတိတ်ကုသိုလ်ကံအပေါ် ပုံချရင်း  ခေါင်းငုံ့ လည်စင်းခံခဲ့ရတာ နှစ်ပေါင်း ၇၀ နီးပါး ရှိခဲ့ပါပြီ။ အဲဒီလို လူလူချင်းဗိုလ်ကျတဲ့၊ လူပေါ်လူဇော်လုပ်ပြီး အခွင့်ထူးခံတတ်တဲ့ အာဏာရှင်စနစ် ထွန်းကားတဲ့ အမှောင်ခေတ်တလျှောက်လုံးမှာ လူကို လူလို အသိအမှတ်ပြုတတ်တဲ့၊ ဂုဏ်သိက္ခာကြီးမြတ်တဲ့ လူသားဝါဒဟာ မှေးမှိန်အားနည်းခဲ့ရပါတယ်။ တကယ်တော့ လူသားဝါဒဆိုတာ ဆင်းရဲချမ်းသာ၊ အယုတ်အလတ် အမြတ်မရွေး လူကိုလူလို တန်ဖိုးထားတတ်တဲ့ ကိုယ်ကျင့်သီလကောင်းတွေအပေါ် အခြေပြုထားတာမို့ ကျင့်ကြံအပ်တဲ့ အယူဝါဒကျင့်စဉ်တခုပါပဲ။ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ ပြယုဂ်ဖြစ်တဲ့ ဗိုလ်ကျစီးပိုးတဲ့ ယဉ်ကျေးမှုဆိုးကြီးကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက တရားဝင် နမူနာပြ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပါ။ စစ်အာဏာရှင်အဆက်ဆက်ကနေ အုပ်ချုပ်ရေးအာဏာပိုင်တွေဆီ ကူးစက်ရာက တတိုင်းတပြည်လုံးမှာ ဗိုင်းရပ်စ်ပိုးလို ပြန့်ပွားလာလိုက်တာ အခုဆို မြန်မာတပြည်လုံးမှာ၊ လူ့အဖွဲ့အစည်းကြီးတရပ်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလိုက်စားလာခဲ့ကြတာဟာ ပိုင်ရာပိုင်ရာ၊ နိုင်ရာနိုင်ရာတိုင်းမှာ လူမဆန်အောင် အနိုင်ကျင့်ဗိုလ်ကျနေလိုက်ကြတာများ ဖိနှိပ်ခွင့်ဆိုတာ အားကြီးသူရဲ့ မွေးရာပါအခွင့်အရေးလို့ ထင်မှတ်တဲ့အဆင့် ရောက်လာတော့တာပေါ့။ ဒါကြောင့်လည်း ဗိုလ်မှူးကျော်နုမော်အိမ်က နှိပ်စက်ခံရတဲ့ အရွယ်မရောက်သေးတဲ့ အိမ်ဖော်ကလေးအမှုကိစ္စ၊ ပဲခူးမြို့ တရားသူကြီးအိမ်က တရားသူကြီးကတော် နှိပ်စက်တာခံရတဲ့ အိမ်ဖော်မိန်းကလေး အမှုကိစ္စ၊ ပန်ဒိုရာအဆီချလုပ်ငန်းဆိုင်က ဆိုင်ရှင်အမျိုးသမီး နှိပ်စက်တာခံရတဲ့ ဆိုင်အကူမိန်းကလေးတွေရဲ့ အမှုကိစ္စ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ၂ဝ၁၅ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ အိမ်အကူမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမှုကိစ္စ အစရှိတဲ့ လူ့ကျင့်ဝတ်ဖောက်ပြားတဲ့ ဖိနှိပ်မှုတွေ အမြဲတစေလိုလို ကြားနေကြရတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းကလည်း အိမ်အကူမိန်းကလေး ၂ ဦးကို လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ အထက်ဘလောက်က အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူလိုက်တဲ့ သတင်းတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ ဖတ်လိုက်ရပါတယ်။ တချောင်းတည်း အချိုးခံရတာ မဟုတ်ဘူး၊ ဆယ်ချောင်းစလုံး အချိုးခံရတာကို ခေါင်းငုံ့ခံခဲ့တဲ့ အိမ်ဖော်လေးတွေရဲ့ အကြောက်တရားနဲ့ နာကျင်လွန်းလို့ အသံနက်နဲ့ အော်ဟစ်ညည်းညူသံတွေကို ဘေးအိမ်အနီးနားက အိမ်တွေက ဘာလို့ မစွက်ဖက်ခဲ့ကြသလဲ ဆိုတာ၊ ဘာကို ညွှန်ပြနေသလဲဆိုတာ နိုင်ငံရေးကိစ္စကို ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်ထမင်း ကိုယ်စားရတာ မလုပ် မရှုတ် မပြုတ် ဆိုတဲ့ တာဝန်မဲ့ အသိစိတ်ဓာတ်နဲ့ နေသာသလိုနေပြီး လျစ်လျူရှု နေစိမ့်တဲ့ လူ့ဝန်းကျင်ရဲ့ နိုင်ငံရေးရေချိန်ကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ အမြင်မတော်တာတွေ့ရင် တည့်မတ်ပေးတတ်တဲ့ ရပ်မိရပ်ဖယဉ်ကျေးမှု ဆိတ်သုဉ်းသွားတာကိုလည်း ညွှန်ပြနေတာပါပဲ။ ဖိနှိပ်အနိုင်ကျင့်တယ်ဆိုတဲ့ စရိုက်ဆိုးဟာ အခွင့်ထူးခံ စစ်ဗိုလ်ချုပ်တွေမှ၊ အကျင့်ပျက်ရဲတွေမှ၊ တိုင်းရင်းသားလက်နက်ကိုင်တွေမှ၊ အိန္ဒိယကုလားမှ၊ ဗမာမှ၊ တရုတ်မှ၊ ဘင်္ဂါလီတွေမှ မဟုတ်ဘူး။ အသိဉာဏ်နိမ့်ကျပြီး သီလချွတ်ယွင်းသူတိုင်း ပြုမူကျင့်ကြံတတ်တဲ့ အကျင့်ယုတ်တရားပါ။ အင်းဝအပ်ချုပ်ဆိုင်က ဗိုလ်ကျအနိုင်ကျင့်မှုမျိုးနဲ့ အလားသဏ္ဌာန်တူတဲ့၊ လူမဆန်တဲ့ ဘူလီဗိုလ်ကျမှုတွေ မြန်မာတနိုင်ငံလုံးမှာ၊ နေရာအနှံ့အပြားမှာ၊ မြို့တိုင်းမြို့တိုင်း၊ ရပ်ရွာတိုင်းမှာ၊ တိုင်းရင်းသားဒေသတွေမှာ မရေတွက်နိုင်အောင် ရှိနေမှာ ဗေဒင်မေးစရာ မလိုဘူး။ မဖော်ထုတ်နိုင်လို့ လူမသိသေးတာပဲ ရှိတာပါ။ အဲဒီလို နိုင်တဲ့သူကို ဖိနှိပ်ချင်တဲ့ အရင်းခံအကြောင်းတရားတွေကတော့ ကျူးလွန်သူတွေရဲ့ အသိဉာဏ်နိမ့်ကျမှု၊ ကိုယ်ကျင့်သီလချို့တဲ့မှု၊ ဥပဒေမစိုးမိုးမှု၊ အုပ်ချုပ်သူ စစ်အာဏာရှင်တွေ ကိုယ်တိုင်က ပြည်သူတွေအပေါ် ဖိနှိပ်ဗိုလ်ကျခဲ့တော့ စိတ်ပညာသဘောအရ ဗိုလ်ကျခံရတဲ့သူတွေဟာ အသိပညာ မရင့်ကျက်ခဲ့ရင် သူတို့ကိုယ်တိုင်က ဘူလီလုပ်သူတွေအဖြစ် ရောက်ရှိလို့ နိုင်တဲ့သူအပေါ် ဗိုလ်ကျတတ်တဲ့ အားနည်းချက်သဘောပါပဲ။ အဲဒီ အိမ်ဖော်အကူသမီးလေးနှစ်ယောက် နာကျင်ခံစားရတာထက် ပိုဆိုးပြီး လူမသိသူမသိ ဆိုဆိုးဝါးဝါး အနှိပ်စက်ခံရရုံမက အသက်ပါ ဆုံးပါးသွားခဲ့ရ၊ ခံနေရဆဲ၊ ခံစားရဦးမယ့်ဘဝတွေ မြန်မာပြည်အနှံ့အပြားမှာ၊ အထူးသဖြင့် တိုင်းရင်းသားတောင်တန်းဒေသတွေမှာ ဘာမှမသိရှာ၊ ပြန်ပြောခွင့်မသာတဲ့ အားကိုးရာမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီ ရှိသေးတာကို တွေးယူခံစားနိုင်ပါတယ်။ အဲဒါတွေအားလုံးရဲ့ လက်သည်တရားခံ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ အမြစ်မကျွတ်သေးပါဘူး။ ပုံစံတမျိုးနဲ့ အသွင်းပြောင်းပြီး ပြည်တွင်းစစ်မီးတောက်ကို မငြိမ်းနိုင်အောင် လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပနဲ့ အင်တာနက် သတင်းမီဒီယာတွေ အပေါ်မှာပါ ကန့်လန့်တိုက် တရွတ်ဆွဲလိုက်နေတာကို လူတိုင်း ထင်ထင်ရှားရှား မြင်နေကြရတာပါ။ အခွင့်အရေး မညီမျှမှုတွေနဲ့အတူ မွေးဖွားလာတဲ့ အခွင့်ထူးခံခွင့်ရှိတဲ့ လူတန်းစားနဲ့ အနွယ်တော်ထောက်ခံသူတွေဟာ လူတိုင်း အခွင့်အရေး ညီညီမျှမျှရစေနိုင်မယ့် ဒီမိုကရေစီစနစ်ကို အသိအမှတ် မပြုချင်ကြပါဘူး။ မိမိအုပ်စု၊ မိမိအဖွဲ့အစည်း၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိအကျိုးစီးပွား အခွင့်ထူးခံခွင့်တွေ ထိပါးလာရင် လူ့ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေးတွေဆိုတာ ဘေးချိတ်ထားစေချင်ကြတာပါ။ တချို့ ဒီမိုကရေစီ လိုချင်ပါတယ်လို့ တောင်းဆိုခဲ့သူတွေထဲက တချို့တောင် သူတို့ရဲ့ အမျိုးဘာသာ သာသနာအတွက်ဆိုရင် လူ့အခွင့်အရေးနဲ့ လူ့ကျင့်ဝတ်တွေ ချိုးဖောက်ရမှာ ၀န်မလေးကြတော့ပါဘူး။ ဒါဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် အသိဉာဏ်နိမ့်ပါးမှုနဲ့ သီလချို့ယွင်းမှုတွေကြောင့် အတ္တကို ရှေ့တန်းတင်လာကြလို့ပါပဲ။ လူလူချင်း ဖိနှိပ်အနိုင်ကျင့်မှုကင်းအောင်၊ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ  မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ မိမိအိမ်မှာ၊ မိမိဝန်းကျင်မှာ၊ မိမိအရပ်ထဲ ရွာထဲမှာ၊ မိမိဌာန အဖွဲ့အစည်းထဲမှာ၊ မိမိနိုင်ငံမှာ မတရားမှုတွေ့တွေ့၊ ဖိနှိပ်အနိုင်ကျင့်မှုရှိရှိ၊ အမြင်မတော်တာ မြင်မြင်၊ ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေးပါနဲ့။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ မတရားမှု၊ ဖိနှိပ်အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ပါ။ အမြင်မတော်တာတွေကို ၀ိုင်းဝန်းစွက်ဖက် ကူညီပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး အနိုင်ကျင့်ဗိုလ်ကျမှု၊ ဖိနှိပ်မှုတွေရှိတဲ့ ခေတ်တိုင်း၊ စနစ်တိုင်း၊ နေရာတိုင်းမှာ တော်လှန်ရေးဆိုတာ အမြဲတစေ ရှိနေမှာပါ။ မျှတမှုမရှိတဲ့၊ တရားဥပဒေမစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ တော်လှန်အုံကြွမှုဆိုတာ မုချ မလွဲမသွေ ပေါ်ပေါက်လာပါလိမ့်မယ်။ တော်လှန်အုံကြွမှုဆိုတာ မလိုအပ်ဘဲ အကြောင်းမဲ့ ပေါ်လာတတ်တာမျိုး မဟုတ်ပါဘူး။ သမိုင်းရဲ့ တောင်းဆိုမှုနဲ့အတူ မဖြစ်မနေ လိုအပ်လာလို့ သည်းမခံနိုင်တဲ့အဆုံး အဖိနှိပ်ခံ ပြည်သူတွေဟာ မိမိတို့ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်ခွင့်အတွက် မိမိမွေးရာပါ အခွင့်အရေးကို ပြန်ရဖို့ ရိုးသားရဲရင့်စွာ တိုက်ပွဲဝင်ပြီး သမိုင်းသစ်ကို ရေးထိုးတာကို တော်လှန်ရေးလို့ ခေါ်ပါတယ်။ ပြည်သူပြည်သားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုတွေ ရှိနေသမျှ ကာလပတ်လုံး တော်လှန်အုံကြွမှုဆိုတာ အစဉ်အမြဲ ရှိနေမှာပါပဲ။ တော်လှန်ရေးဆိုတာ အမှန်တရားနဲ့ သစ္စာတရားကို မွေးဖွားပေးဖို့ ပြည်သူတွေရဲ့ တိုက်ပွဲခေါ်သံ၊ သမိုင်းတံခါးကို တွန်းဖွင့်ရာက ထွက်ပေါ်လာတဲ့ ခေတ်ပြောင်းခေါ်သံ၊ မတရားမှုကို ဆန့်ကျင်တဲ့ တော်လည်းတုန်ဟည်းသံပါပဲ။ လူလူချင်းအတူတူ အခွင့်ထူးခံခွင့်ကို မတရားရယူပြီး အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ အာဏာရှင်စိတ်ဓာတ် မြန်မာနိုင်ငံမှာ အကြွင်းမဲ့ကင်းရှင်း အမြစ်ပြတ်နိုင်ဖို့ တရားဥပဒေစိုးမိုးဖို့နဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ဟာ ကိုယ်ကျင့်သီလစံတွေကို တန်ဖိုးထားတဲ့ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ဖို့လိုတယ်။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အမှန်တကယ် လူ့ဂုဏ်သိက္ခာကို အသိမှတ်ပြု လေးစားတဲ့ ဒီမိုကရေစီစနစ်ရဲ့ ရန်သူတော်တွေဆိုတာ မညီမျှမှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ တရားမဲ့ အခွင့်ထူးခံလိုမှုတွေပါပဲ။ အခွင့်ထူးခံချင်စိတ်ဆိုတာ မြန်မာနိုင်ငံမှာ နေရာတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ခံစရာ မလိုဘဲ အခွင့်ထူးခံတယ်။ အုပ်ချုပ်ရေးအာဏာမှာလည်း ဖဲကြိုးရောင်စုံနဲ့ ဆန့်ကျင်ခံရအောင်ကို အခွင့်ထူးခံချင်တယ်။ လူမျိုးရေး၊ ဘာသာရေးမှာလည်း ကိုယ့်အမျိုးမှ၊ ကိုယ့်ဘာသာမှ ပိုအခွင့်ထူးရချင်တယ်။ စီးပွားရေးမှာလည်း ဂုဏ်သိက္ခာမဲ့ ကပ်မြှောင်ပြီး အခွင့်ထူးခံချင်ကြတယ်။ ဒီတော့ အခွင့်ထူးခံခွင့်ရှိတဲ့သူ လူနည်းစုနဲ့ အခွင့်လမ်းမရသူ ဆင်းရဲသား ပြည်သူတွေကြား အနိုင်ကျင့်ဗိုလ်ကျမှုတွေ ဖြစ်လာ၊ မကျေလည်မှုတွေ ကြီးထွားလို့ အာဃာတ အမုန်းတရားတွေ များလာပြီး ညီညွတ်မှုတွေ ပြိုကွဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တည်ဆောက်ဖို့ ပိုမိုခက်ခဲလာတော့တာပေါ့။ ဒါကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် မှန်မှန်ကန်ကန် တည်ဆောက်ဖို့အတွက် ဒီမိုကရေစီရဲ့ ရန်သူတော်တွေဖြစ်တဲ့ မညီမျှမှု၊ အခွင့်ထူးခံမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို နိုင်ငံသားတိုင်းက မိမိအတ္တကို ရှေ့တန်းမတင်၊ မျက်နှာမလိုက်ဘဲ ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း စစ်မှန်တဲ့ ဒီမိုကရေစီအမွေကို နောင်လာနောက်သားတို့ထံ လက်ဆင့်ကမ်းနိုင်ပြီး ဂုဏ်သိက္ခာကြီးမြတ်တဲ့ လူသားဝါဒ ထွန်းကားလာနိုင်အောင် ဆောင်ရွက်ရာမှာ ပါဝင်အားဖြည့်နိုင်ကြပါစေ။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024