ကမ္ဘာလှည့်ခရီးသည် ၇ သန်းကျော် လာရောက်မည်ခန့်မှန်း

ဓာတ်ပုံ - အမ်အိုအိုင်
မြန်မာနိုင်ငံကို လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလှည့်ခရီးသည် ၇ သန်းကျော် လာရောက်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတကာ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေအားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ လုပ်ဆောင်နေသမျှ ခရီးသွားလုပ်ငန်းဟာ ဆက်လက်ဖွံ့ဖြိုး တိုးတက်နေမယ်လို့လည်း ဒု-သမ္မတက ပြောပါတယ်။ အစိုးရသစ်လက်ထက်မှာ ဟိုတယ်နဲ့ခရီးဝန်ကြီးဌာနအနေနဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို နိုင်ငံတ၀န်း အစပျိုးလုပ်ဆောင်နေပြီး ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀တွေကို လေ့လာနိုင်ဖို့ ခရီးသွားတွေအတွက် စီစဉ်ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်ပေါင်း ၄ ဒသမ ၆ သန်း လာရောက်ခဲ့တယ်လို့ ၀န်ကြီးဌာန တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ အခုနှစ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လအထိ လာရောက်သူ ၃ သန်းရှိနေပြီဖြစ်ပြီး ၅ သန်းထိ လာရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ ၁၉၈၈ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံလောက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up