တမူးမြို့နယ် နန်းဖာလုံဈေးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
October 3, 2016
အိန္ဒိယနိုင်ငံနဲ့ကပ်လျက် တည်ရှိတဲ့ တမူးမြို့နယ် နန်းဖာလုံဈေးမှာ အောက်တိုဘာ ၂ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က လက်နက်ငယ်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
"ဖြစ်တာက နန်းဖာလုံဈေးနားက Best One စတိုးဆိုင်ရှေ့မှာ ဖြစ်သွားတာပါ။ ပစ်ခံရတဲ့ပုံစံက ဈေးဝယ်အထွက် ဆိုင်ကယ်ပေါ်အတက်မှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက်က ပစ်သွားတာပါ။ ပစ်တာက ၂ ချက်၊ ပထမတချက်က ဆိုင်ကယ်ကိုမှန်တာ၊ ဒုတိယတချက်က လူကိုမှန်တယ်။ ပြီးတော့ ပြေးသွားတယ်။ ခု ရှာဖွေစုံစမ်းမှုတွေ လုပ်နေပါတယ်" လို့ တမူးမြို့နယ်ရဲတပ်ဖွဲ့ ခေတ္တစခန်းမှူး ဒု-ရဲမှူး ဇော်ထွန်းက ပြောပါတယ်။
ပစ်ခတ်မှုမှာ အသုံးပြုတဲ့လက်နက်ဟာ ပစ္စတိုလို့ ယူဆရပြီး လက်နက်ကိုင်အဖွဲ့တခုခုက လူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ထင်ကြေးပေးပါတယ်။
သေနတ်ကျည်ထိမှန်ခံရသူမှာ ပန်ထွေဆိုသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ညာဘက်ဆီးစပ်ကို ကျည်ထိမှန် ဒဏ်ရာရလို့ အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။
အခုပစ်ခတ်မှုဟာ ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး နှစ်ဦးပိုင်းမှာလည်း တမှုဖြစ်ပွားခဲ့ကာ လူ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်ထွက်ပြေးသူကို လိုက်လံရှာဖွေစုံစမ်းရင်း လူသေစေရန် ကြိုးစားအားထုတ်မှုဆိုင်ရာပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်