DVB Logo
Home
မြန်မာသတင်း
အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်ခံနေရ
DVB
·
October 27, 2011
အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်ခံနေရ
Donate to DVB

အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာနေပြီး ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေရဲ့ အဆောင်တွေကို ရေဖြတ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက်ပိတ်ထားလို့ မကျေနပ်တဲ့အကြောင်း အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက စပြီးဆန္ဒပြခဲ့တာဖြစ်ပြီး ဒီနေ့ ဆန္ဒပြတဲ့သူ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်က ထောင်မှာသွားတွေ့လာတဲ့ အကျဉ်းသား တဦးစီကနေ ရရှိတဲ့သတင်းအချက်အလက်အရတော့ နိုင်ငံရေးအကျဉ်းသားတွေက မနေ့နေ့ခင်း ၁၂ နာရီထိုးကနေစပြီး အစာငတ်ခံ ဆန္ဒပြမှုကို စတင်နေတယ်။ မနေ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်ပါအတိုင်းပဲ အစာငတ်ခံဆန္ဒပြမှုကို စတင်နေတယ်။ ဒီနေ့ ၂၇ ရက်နေ့ အခြေအနေက ပထမဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ကို ကျော်လွန်သွားပြီးတော့ တခြားအဆောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကပါ ပူးပေါင်းပြီးတော့ ဆန္ဒစတင်ပြနေတယ်လို့ ကြားပါတယ်။”

ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်အတိုင်းအတာထိ တိုးလာတယ်ဆိုတာ ခန့်မှန်းလို့ မရသေးဘူးလို့ ဆိုပါတယ်။

“ဒီနေ့ထောင်ကထွက်လာတဲ့ အကျဉ်းသားဆီက ကြားသိရတာတော့ အရေအတွက်ကို ခန့်မှန်းလို့မရပါဘူးတဲ့။ ဘာလို့လဲဆိုတော့ မနေ့ကစတင်ပြီးတော့ ဖြစ်တော့ တဖက်နဲ့တဖက် ဆက်သွယ်လို့မရဘဲ ဖြတ်တောက်မှုတွေ စတင် လုပ်လိုက်ပြီဖြစ်တဲ့အတွက် အရေအတွက် ကောက်လို့မရဘူး။ သို့သော်လည်း ထောင်တွင်း အခြေအနေကတော့ လုံးလုံးကို သတင်းပို့ပြီးတော့ တခြားအဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ ပါဝင်နေတယ် ဆိုတာတော့ သိရတယ်တဲ့။ ပထမရက်မှာ စတင်ဆန္ဒပြတဲ့ ပုဂ္ဂိုလ်များကိုတော့ ကိုညီညီထွန်း၊ ကိုဥာဏ်ထွန်းလင်းတို့ရှိတဲ့ တိုက်မှာ ရေမပေးတော့ဘူး၊ ရေဖြတ်ချလိုက်ပြီလို့ ပြောပါတယ်။”

အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ တရားနည်းလမ်းကျတာမို့ ထောက်ခံတဲ့အကြောင်း ပြည်သူအများရဲ့ လက်မှတ်တွေ စုဆောင်းထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။

ထောင်ဒဏ် ၂၂ နှစ်ကျနေပြီး ဆန္ဒပြတဲ့ထဲပါတဲ့ ကိုဥာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကျန်းမာရေးကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“စိတ်တော့မကောင်းဘူး။ သူက အစာအိမ်ရောဂါ ရှိတာ။ အစာအိမ် အပြင်မှာ အမြဲတမ်းပြနေရတာ။ အစာအိမ်ဆေးလည်း အမြဲတမ်းသောက်နေရတယ်။ ကျီးပေါင်းလည်းရှိတယ်။ လည်ပင်းမှာ ကော်လံတပ်ထားရတယ်။ ပိုဆိုးသွားမှာဆိုးလို့။”

အင်းစိန်ထောင်ထဲ ထောင်ဒဏ် ၂၂ နှစ်ကျနေတဲ့ ကိုဥာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူ ပြောပြခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ ဆက်သွယ်လို့ မရပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013