အမေရိကန်တွင် ရထားတစီးလမ်းချော်ပြီး ဘူတာဝင်တိုက်၊ ၃ ဦးသေဆုံး (ရုပ်သံ)
DVB
·
October 1, 2016
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဟိုဘိုကန် မြို့က ဘူတာမှာ ရထားတစီး လမ်းချော်ပြီး ဘူတာကို ဝင်တိုက်ခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာနဲ့ ဘူတာအရာရှိ တယောက်က ပြောပါတယ်။
လူအများအပြား ဒဏ်ရာ အပြင်းအထန် ရတယ်လို့ နယူးဂျာစီ ဘူတာ ပြောခွင့်ရ ဂျနီဖာ နယ်လ်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။
မတော်တဆမှုကြောင့် ဘူတာတွင်း လူတွေ ဝင်ထွက် သွားလာရာ လမ်းတလျှောက် ကြိတ်ချောသွားပုံရတဲ့ ရထားတွဲကို မြင်ရပါတယ်။
ဘူတာအမိုး ပြိုကျပြီး အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။ ခရီးသည် အများအပြား ပိတ်မိနေတယ်လို့ အစီရင် ခံထားကြောင်း ABC သတင်းဌာနက သူ့အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။
ဟိုဘိုကန်မြို့ဟာ နယူးယောက် မြို့ တဖက်ခြမ်း ဟဒ်ဆန်မြစ် အနောက်ဘက် ကမ်းပေါ်မှာ ရှိပါတယ်။ ဘူတာကတော့ မြို့လယ်ဒေသ အစည်ကားဆုံး ဘူတာတွေထဲက တခု ဖြစ်ပါတယ်။