ပင်လည်ဘူးမြို့နယ်တွင် ကျပ် သိန်း ၁၀၀၀ ကျော်တန်ဖိုး ဘိန်းမဲများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့အထွက် ဖောင်းပြင်သွား ကားလမ်းမပေါ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါး ဘိန်းမဲ ပိဿာချိန် ၂၀ ပိဿာ ၉၀ ကျပ်သားလောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး သောင်းဌေး ဦးဆောင်တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရေး အဖွဲ့ဟာ ပင်လည်ဘူးဖောင်းပြင်သွား ကားလမ်းမပေါ်မှာ သွားလာနေတဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ရှာဖွေရာ က ဖမ်းမိခဲ့တာ လို့ ပြောပါတယ်။ ဗန်းမောက်မြို့နယ် တဇွန်းရွာတွင်နေသူ တင်ရွှေစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ တင်ဆောင်လာတဲ့ ခရီးဆောင် အိတ်အတွင်းမှ ပီနံအိပ်ဖြင့် ထည့်ထားသော ပလပ်စတစ်အဖြူတွင် တိပ်အဝါပတ်လျှက် တတထုပ်လျှင် ၉၅ ကျပ်သားခန့်ပါ ဘိန်းမဲ ၂၂ ထုပ် စုစုပေါင်းအလေးချိန် ၃၄၁၂၈ ဒသမ ၂၃၇ ဂရမ်ခန့် ခန့်မှန်းကာလတန်ဖိုး ငွေကျပ်သိန်း ၁၀၂၃၈၄၇၁၁ (တထောင့် နှစ်ဆယ့်သုံးသိန်း ရှစ်သောင်း လေးထောင့်ခုနှစ်ရာ တဆယ့်တကျပ်)  ဖမ်းဆီးရမိခဲ့တာပါ။ စစ်မေးချက်အရ တင်ရွှေအနေနဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ မှ မောကိန္နရီကားဖြင့် ဖယ်ခုံ- တောင်ကြီး- မန္တလေး ကားလမ်းအတိုင်း မန္တလေးသို့ သယ်ဆောင်လာပြီး မန္တလေးမှ ပင်လည်ဘူးသို့ ရွှေနိုင်ငံ ကားဖြင့် သယ်ဆောင်လာကာ ပင်လည်ဘူးမှ ဗန်းမောက်မြို့နယ် ကနန်းဒေသ တဇွန်းရွာနေ သန်းထွန်းထံသို့ ပို့ဆောင်မည်ပြုစဉ် ဖမ်းဆီးခံခဲ့ရတာလို့ အစစ်ခံ ထွက်ဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါးများရောင်းချရန် သယ်ဆောင်လာသူ တင်ရွှေ ဗန်းမောက်မြို့နယ် တဇွန်းကျေးရွာနေသူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ (ပ)၇၁/၂၀၁၆|မူး/စိတ်၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ် လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ သတင်း - သီဟဆွေ (ကသာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up