DVB Logo
Home
မြန်မာသတင်း
လက်မှတ်မရှိသည့် မြန်မာအလုပ်သမားများ ရေဘေးလွတ်ရာ သွားခွင့်ရရေး ထိုင်းအစိုးရ စီစဉ်
DVB
·
October 27, 2011
လက်မှတ်မရှိသည့် မြန်မာအလုပ်သမားများ ရေဘေးလွတ်ရာ သွားခွင့်ရရေး ထိုင်းအစိုးရ စီစဉ်
Donate to DVB

အလုပ်သမားလက်မှတ်နဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ရေဘေးလွတ်ရာ သွားလာခွင့်ရဖို့အတွက် ထိုင်းအစိုးရက ဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားရေး ၀န်ကြီး ဖဒိန်ချိုင်းက ပြောပါတယ်။

[caption id="attachment_17046" align="alignright" width="251" caption="photo-reuters"][/caption]

မြန်မာရေဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘန်ကောက်အနောက်ဘက်က နခွန်ပထုံခရိုင် ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ခုလို ၀န်ဆောင်မှုပေးတာကို ယာယီလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောကြောင်း ၀န်ကြီးနဲ့ ဆွေးနွေးခွင့်ရခဲ့တဲ့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ်။

HRDF အဖွဲ့ ပြောခွင့်ရ ဦးစိန်ဌေးက “ဘာလက်မှတ်မှ မရှိတဲ့အလုပ်သမားတွေ ဆိုရင်လည်း အလုပ်သမားဝန်ကြီးဌာန ရေဘေးစခန်းမှာ လာပြီးနေထိုင်ဖို့၊ သူတို့ကနေ သက်ဆိုင်ရာ နိုင်ငံသံမှူးတွေကို ဆက်သွယ်ပြီးတော့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခု ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်။ ခေတ္တနေထိုင်ခွင့် ရလာမယ်ဆိုရင် မြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း လုံခြုံစွာ ပို့ဆောင်ပေးမယ်လို့ အဲလိုမျိုး စီစဉ်ထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ ဖမ်းဆီး ချုပ်နှောင်တာမခံရအောင် ယာယီ စီစဉ်ထားပေးတဲ့ သဘောပဲ” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာရှိသူတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အလုပ်ရှင်တွေကိုလည်း ပြန်ပေးအပ်ဖို့ အလုပ်သမားရေးဝန်ကြီးက အလုပ်ရှင်တွေကို ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ မိမိတို့ရဲ့ သက်တမ်းကုန်ခါနီး ဗီဇာတွေကို နီးစပ်ရာ လ၀ကရုံးတွေမှာ သွားလုပ်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ပြောကြားကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း ယာယီလုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူတွေဟာ ရေလွှမ်းမိုးနေတဲ့ခရိုင်တွေကနေ ရှောင်တိမ်းသွားကြတုန်း လမ်းခရီးမှာ မဖမ်းဆီးဖို့ ရဲဌာနတွေကို အကြောင်းကြားထားပြီ်လို့လည်း ထိုင်းအစိုးရ အလုပ်သမားရေးဝန်ကြီးက ပြောကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။

ရေဘေးကျရောက်နေခြင်း မရှိတဲ့ ပုံမှန်အခြေအနေမှာ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကန့်သတ်နယ်မြေတွေကလွဲပြီး တခြားခရိုင်တွေကို ဖြတ်ကျော်ခွင့် မရှိပါဘူး။

ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေတဲ့ မြန်မာအလုပ်သမားတဦးက မြန်မာတွေ အိမ်ပြန်လမ်း ခရီးတလျှောက် အရေးယူဖမ်းဆီး ခံရတာတွေ၊ ငွေညှစ်ခံရတဲ့ ကိစ္စတွေကို အလုပ်သမားရေး ၀န်ကြီးဌာန၀န်ကြီးနဲ့ အတူပါလာတဲ့ ဒု-၀န်ကြီးချုပ်တို့ကို အဲန်ဂျီအိုတွေက တင်ပြဆွေးနွေးတာကို ကြားသိရတယ်လို့ ပြောပါတယ်။

“ဒီမှာ ထိုင်းလိုတတ်တဲ့ အလုပ်သမား စကားပြန်တယောက်ရှိတယ်။ သူပြောတာတော့ ကျနော်တို့ ဗမာပြည်သားတွေ ပြန်ကြတဲ့အခါမှာ ဂိတ်တွေမှာ ဆွဲချတာ၊ ၉၉၉ ဂိတ်မှာ ဆွဲချတာတို့၊ ပိုက်ဆံပေးရွေးရတာတို့ ဘာတို့အဲဒါတွေလည်း ထည့်ဆွေးနွေးသွားတယ်လို့ ပြောတယ်။”

နခေါင်ပထုံခရိုင်မှာရှိတဲ့ ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ဘန်ကောက်မြို့အနားက နုံထဘူရီ၊ အယုဒ္ဒယနဲ့ စမွတ်ပရာကန် စတဲ့ ရေလွမ်းခရိုင်တွေက က​မ္ဘောဒီး​ယား၊ လာအိုနဲ့ မြန်မာ အလုပ်သမား ၅၀၀ ခန့် လာရောက် ခိုလှုံနေကြပြီး မြန်မာက အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013