
မြန်မာနိုင်ငံရဲ့အသက် ၅ နှစ်အောက် ကလေးသေနှုန်းက အာဆီယံဒေသတွင်းမှာ အမြင့်မားဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
အသစ်ထုတ်ပြန်တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်း လပွတ္တာမြို့မှာ အသက် ၅ နှစ်အောက် ကလေး ၆ ယောက်မှာ တယောက်သေဆုံးနှုန်းဖြစ်နေပါတယ်။
ပြည်နယ်တိုင်းအရဆိုရင် မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ကလေးဆယ်ယောက်မှာ တယောက် အသက် ၅ နှစ် မပြည့်ခင်သေဆုံးကြတယ်လို့ ဖော်ပြထားပါတယ်။
ရင်သွေးငယ်တွေနဲ့ ကလေးငယ်တွေ သေဆုံးရခြင်းရဲ့ အဓိကအကျဆုံး အကြောင်းအရင်း ကတော့ လူနေမှုအဆင့်အတန်းဖြစ်ပြီး၊ သန်းပေါင်းများစွာသော ပြည်သူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေစနစ်နဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အိမ်သာစနစ်၊ လျှပ်စစ်မီး စတာတွေနဲ့ လက်လှမ်း မမှီဘဲနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက်ငါးနှစ်အောက် ကလေးငယ်တွေသေဆုံးမှုကို သိသာစွာ လျှော့ချနိုင်ဖို့အတွက်၊ နိုင်ငံသားတွေရဲ့လူနေမှုအဆင့်အတန်း၊ အဓိကတော့ ဝေးလံခေါင်သီတဲ့ ဒေသတွေက ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။










