အိမ်အကူနှိပ်စက်သူများကို ယနေ့ ရုံးထုတ်စစ်ဆေး
DVB
·
September 29, 2016

အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံရမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးကို ဒီကနေ့မနက်က ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။
နောက်ဆုံး ကျန်ရှိနေတဲ့ ပစ်မှုကျူးလွန်သူ အမျိုးသမီးဟာ စက်တင်ဘာ ၂၈ ညက ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တဲ့အတွက် အခုလို ၆ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးတာ ဖြစ်ပြီး အခြားပစ်မှုကျူးလွန်သူတွေနဲ့အတူ အချုပ်ကားတစီးနဲ့ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ ပြည်သူအချို့လည်း အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ ကြိုတင်စောင့်ဆိုင်းကြည့်ရှုခဲ့ပါတယ်။
အိမ်အကူမိန်းကလေးနှစ်ဦး ညှင်းပန်းနှိပ်စက်မှုနဲ့ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ တို့နဲ့ ကျောက်တံတား မြို့နယ် ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပြီး လူမှုဝန်ထမ်းဦးစီးဌာနကလည်း ကျောက်တံတားမြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။