Home
မြန်မာသတင်း
တောင်းရမ်းစားသောက်သည့် ကလေးငယ်များအပေါ် နောက်ကွယ်မှ ကြိုးကိုင်သူကို ဖော်ထုတ်ရန်လို
Aung Aung Naing
·
September 28, 2016
မန္တလေးမြို့တွင်း တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တွေအပေါ် နောက်ကွယ်ကနေ ကြိုးကိုင်တောင်းရမ်းခိုင်းသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ လိုအပ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ မန္တလေးမြို့တွင်း လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တွေ ပိုပြီးများပြားလာတဲ့အပေါ် မန္တလေးမြို့ဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတဲ့အပေါ် အခုလို  ပြောဆိုလိုက်တာပါ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနခွဲမှူး ဦးစိုးတင့်အောင်က “အဓိကအချက်ကတော့ ကလေးတွေကို နောက်ကွယ်က ကြိုးကိုင်တဲ့ လူတွေပေါ့နော်၊ အဖွဲ့အစည်းတွေ။ အဲဒါတွေကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့တွေနဲ့ နောက်တခါ ကလေးသူငယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့တွေရှိတယ်။ နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူးအပိုင်းတွေကရော အားလုံးပူးပေါင်းရင်တော့ ဒီကလေးသူငယ်တွေအားလုံး ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလို တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တွေ များပြားလာတာဟာ  ပတ်ဝန်းကျင်အခြေအနေနဲ့ စီးပွားရေးပြဿနာတွေကို အခြေခံပြီး ကလေးတွေ လမ်းပေါ်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဝင်းက “လမ်းပေါ်က ကလေးတွေ များလာတာကြောင့် ဘာတွေသက်ရောက်မှုတွေ ရှိလာလဲဆိုတော့ ရာဇ၀တ်မှုတွေ များလာမယ်။ နောက် ခိုးဆိုးလုယက်တဲ့ ရာဇ၀တ်သားတွေအဖြစ်ကို ရောက်သွားတယ်။ နောက် ဂိုဏ်းဖွဲ့ပြီးတော့ အနိုင်ကျင့်တယ်၊ သက်ငယ်ရာဇ၀တ်မှုတွေ များပြားလာတယ်၊ မုဒိမ်းမှုတွေ များလာတယ်။ နောက်တခါ လိင်လုပ်သားတွေ များလာတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ များလာတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ များလာတယ်။ ကူးစက်ရောဂါတွေ များလာတယ်” လို့ ပြောပါတယ်။ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တွေဟာ လမ်းဆုံမီးပွိုင့်တွေမှာ အန္တရာယ်ကို မမြင်ဘဲ ကားကြိုကားကြား၊ ဆိုင်ကယ်တွေကြားထဲ အဓမ္မ ဝင်ရောက်တောင်းရမ်းနေတာတွေ တနေ့တခြား များပြားလာနေပါတယ်။ မန္တလေးမြို့ခံ ယာဉ်မောင်းတဦးက “မြို့တော်စည်ပင်သာယာရေးနဲ့ တာဝန်ကျတဲ့ မီးပွိုင့်က အဖွဲ့တွေပေါ့။ အဲဒီအဖွဲ့တွေက အဓိက ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီနားမှာရှိတဲ့ ဆယ်အိမ်မှူးတွေကလည်း ပိုပြီးတော့ ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းတော့ သူတို့ သိထားသင့်တယ်ပေါ့နော်။ ကျနော်တို့ ယာဉ်မောင်းတွေကတော့ အတတ်နိုင်ဆုံး ရှောင်ကွင်းပြီး မောင်းနေရတယ်” လို့ ပြောပါတယ်။ မန္တလေးခရိုင်အတွင်း ၆ မြို့နယ်မှာ လာမယ့်အောက်တိုဘာလကစပြီး လူမှုဝန်ထမ်းဦးစီးဌာနက လမ်းဘေးကလေးငယ်များ လျော့နည်းပပျောက်ရေးအတွက်   ကြိုတင်ကာကွယ်မှုနဲ့ အသိပညာပေးတာတွေကို ရွေ့လျားအဖွဲ့တွေနဲ့ စတင်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024