အကောင်းအဆိုးဒွန်တွဲနေတဲ့ လော်ဘီဆိုတဲ့ ဝေါဟာရ

Lobbying” လော်ဘီလုပ်သည် ဆိုသောစကားကို ယခုအခါ မြန်မာ့နိုင်ငံရေးလောကတွင် မကြာခဏ ကြားလာနေပြီဖြစ်သည်။ အထူးသဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် ပိုမိုတွေ့ရှိ လာနေရလေသည်။ ၂၀၁၁ ခုနှစ်မတိုင်မီကာလက စစ်အာဏာရှင်စနစ်အောက်တွင်ရှိနေသေးသဖြင့် လော်ဘီ ဆိုသောစကားကိုသိပ်မရင်းနှီးလှ။ ဟိုတယ်အဝင်ဝ ဧည့်ကြို ကောင်တာအနီးမှ ဧည့်ခန်းကို ခေါ်သည့်ဝေါဟာရဟုသာ နားလည်ထားခဲ့သဖြင့် နိုင်ငံရေးနယ်ပယ်တွင် သုံးသည့် လော်ဘီ၊ လော်ဘီလုပ်သည်ဆိုသော စကားလုံး၏အဓိပ္ပါယ်ကို မသိခဲ့ချေ။ ၂၀၁၁ ခုနှစ်တွင် လွှတ်တော်များ ပေါ်လာသည်နှင့် မရှေးမနှောင်းမှာပင် မီဒီယာများလည်း လွတ်လပ်ခွင့်ရလာသည်။ အသင်းအပင်းများလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိလာသည့်အခါ NGO, INGO များလည်း အပြိုင်းအရိုင်းပေါ်လာတော့သည်။ ထိုအခါ ပြောအားဆိုအားကောင်းပြီး၊ မီဒီယာတွင် ထင်ရှားသော လွှတ်တော်ကိုယ်စားလှယ်၊ သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသော လွှတ်တော်ကော်မတီများမှတဆင့် ရှိသင့်ရှိထိုက်သည့် ဥပဒေများ ပြုရေးကိစ္စများကို အဆိုပါ NGO, INGO တို့ကချဉ်းကပ်ဆွေးနွေး ပြောဆိုလာသည်မျိုးရှိလာသည်။ လွှတ်တော်ကိုယ်စားလှယ်က နားမလည်လျှင် နားလည်အောင် ရှင်းပြကြသည်။ စိတ်မဝင်စားလျှင် စိတ်ဝင်စားလာအောင် ပြောဆိုဆွေး နွေးပြကြသည်။ ဤသို့ အားဖြင့် အဆိုပါ လွှတ်တော်ပြင်ပအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဥပဒေအသစ် အတော်များများ ပေါ်ထွန်းလာသည်။ ထိုစဉ်က အဆိုပါအဖွဲ့အစည်းတို့၏ လုပ်ဆောင်ချက်ကို Advocacy လုပ်သည်၊ တနည်းအားဖြင့် ဥပဒေရေးရာ အကူအညီပေးသည် စသဖြင့်သာ သုံးနှုန်းကြသည်။   နိုင်ငံရေးဝေါဟာရတခုဖြစ်သည့် လော်ဘီလုပ်သည်ဆိုသည်မှာ အစိုးရအဖွဲ့ဝင်များ၊ ဥပဒေပြုသူများနှင့် ဥပဒေကြမ်းတင်ပြခွင့်ရှိ သည့်အဖွဲ့အစည်းဝင်များ၏ ဆုံးဖြတ်ချက်များအပေါ် သြဇာသက်ရောက်မှုရှိစေရန် ကြိုးစားသည့် လုပ်ဆောင်ချက်များကို ခေါ်ဆိုခြင်းဖြစ်သည်။ လော်ဘီလုပ်သူများမှာလည်း အကျိုးစီးပွားကိုယ်စားပြုသည့် အဖွဲ့အစည်းကိုလိုက်၍ အမျိုးမျိုး အစားစား ရှိနိုင်သည်။  လော်ဘီလုပ်သူများမှာ ဥပဒေပြုသူ (လွှတ်တော်အမတ်)၏ မဲဆန္ဒနယ်မြေမှ မဲဆန္ဒရှင်တစုံတယောက်သို့မဟုတ် မဲဆန္ဒရှင်တစု တဖွဲ့ဖြစ်နိုင်သလို အခြားမဲဆန္ဒနယ်မှလည်း ဖြစနိုင်သည်။ ထိုသူများမှာ လော်ဘီလုပ်ခြင်းကို စီးပွားရေးလုပ်ငန်းတခုအဖြစ် သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းတခုအဖြစ်မဟုတ်ဘဲသ်ေလည်းကောင်း လုပ်ဆောင်ခြင်းဖြစ်နိုင်သည်။ လော်ဘီအလုပ်ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုသဖွယ်လုပ်ကိုင်သူများ (Professional lobbyists) ဆိုသည်မှာ ပုဂ္ဂလိက တစုံတယောက် သို့မဟုတ် လူတစုက ဥပဒေပြုရေး အပေါ်တစုံတရာ သြဇာသက်ရောက်စေရန် အခကြေးငွေဖြင့် ငှားရမ်း စေခိုင်းခံရသူများဖြစ်သည်။ (ဥပမာအားဖြင့် မြန်မာစစ်အစိုးရခေတ်က ၎င်းတို့အပေါ် အမေရိကန်အစိုးရနှင့် လွှတ်တော်က နားလည်မှုရှိပြီး အမြင်ကောင်းရန် စစ်အစိုးရ ဆောင်ရွက်နေမှုများကိုရှင်းပြရန် လော်ဘီအုပ်စု တခုကို ငွေပေးပြီး ငှားရမ်း စေခိုင်းခဲ့ဖူးသည်။)     တသီးပုဂ္ဂလများနှင့် အကျိုးအမြတ်မရှာသည့် အဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ ပုံမှန် လုပ်သင့်လုပ်ထိုက်သည့် ပရဟိတ လုပ်ငန်းတခုသဖွယ်လုပ်ကိုင်သည်လည်း ရှိသည်။ (ဥပမာ- ကုမ္ပဏီတခုအဖို့ အရေးကြီးသည့် စီမံကိန်းတခုအတွက် ကုမ္ပဏီ၏ အမှုဆောင်အရာရှိများနှင့် လွှတ်တော်အမတ်တွေ့ဆုံဆွေးနွေးခြင်းမျိုး၊ သို့မဟုတ် တက်ကြွလှုပ်ရှားသူများနှင့် အဆိုပါ လွှတ်တော်အမတ်တို့၏ အပေးအယူကင်းရှင်းသော တွေ့ဆုံဆွေးနွေးမှုမျိုးဖြစ်သည်။) လော်ဘီလုပ်ခြင်းဆိုသည်တွင် ကျင့်ဝတ်သိက္ခာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အစွန်းနှစ်ဘက် ရှိသည်။ လော်ဘီလုပ်သည် ဆိုသည့်ကိစ္စမှာ ကိုယ်ကျိုးစီးပွားရေးဆိုင်ရာ အုပ်စုတစုက သူတို့ အကျိုးစီးပွားအတွက် အကျိုးအကြောင်းမဲ့စွာဖြင့် ဥပဒေကိုအလွဲသုံးရန် ကြိုးစားခြင်းဖြစ်လျှင် မကြာခဏဆိုသလို အထင်အမြင်သေးခံရလေ့ရှိသည်။ လူထုက ရွေးကောက်တင်မြှောက် လိုက်သော အုပ်ချုပ်ရေး သို့မဟုတ် ဥပဒေပြုရေးဆိုင်ရာ ပုဂ္ဂိုလ်အနေဖြင့် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာဒေသ၏ အကျိုးစီးပွားကိုသယ်ပိုးရန် တာဝန်ရှိလေရာ၊ ပုဂ္ဂလိကကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တဦးတယောက်အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်းဖြင့် ကိုယ်ကျိုးရှာပါက ဤအကျိုးစီးပွားတို့ ထိပ်တိုက်ဆန့်ကျင် ဖြစ်ရတတ်သည်။ ဥပမာအားဖြင့် ပြည်သူ့ ကျန်းမာရေးရှုထောင့်အရ ဆေးလိပ်သောက်သုံးခြင်းကို ပိုမိုတင်းကြပ်စွာထိန်းချုပ်ရန် လော်ဘီ လုပ်ခြင်းသည် “ဆေးလိပ်သောက်ခြင်းကို လွတ်လပ်စွာခွင့်ပြုသင့်ကြောင်း- ပုဂ္ဂလိက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်ဆိုသော ရှုထောင့်ဖြင့် ဆေးလိပ်ကုမ္ပဏီများ၏ လော်ဘီလုပ်ခြင်း” နှင့် ထိပ်တိုက် တွေ့ကြမည်ဖြစ်သည်။ လော်ဘီလုပ်ခြင်း ဝေါဟာရ စတင်ပေါ်ပေါက်လာပုံ အမေရိကန်ပုံပြင်    လော်ဘီလုပ်ခြင်း (Lobbying) ဆိုသော ဝေါဟာရစတင်ပေါ်ပေါက်လာပုံကလည်း စိတ်ဝင်စားဖို့ကောင်းသည်။  ၂၀၁၅ ခုနှစ် ဧပြီလကုန်ပိုင်းက အမေရိကန်ပြည်ထောင်စု၏ IVLP အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ကျနော်အပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ် တချို့ သွားရောက် လည်ပတ်လေ့လာခွင့်ရခဲ့သည်။ ဝါရှင်တန်ရှိ သမ္မတအိမ်ဖြူတော် တဝိုက် ကြည့်ရှုလေ့လာပြီးနောက် အနီးအနားရှိ ဝီးလ်လဒ် ဟိုတယ်ရှေ့ရောက်သောအခါ ဧည့်လမ်းညွှန်က လော်ဘီဆိုသော ဝေါဟာရ ပေါ်ပေါက်လာပုံကို ယခုလိုပြောပြ သည်။   အမေရိကန်ပြည်ထောင်စုတွင်  ယူလစ်ဆီ အက်စ် ဂရန့် (Ulysses S. Grant ) သည် ၁၈၆၉ ခုနှစ်မှ ၁၈၇၇ ခုနှစ် အထိ (၄) နှစ် သက်တမ်းနှစ်ကြိမ် သမ္မတတာဝန်ထမ်းဆောင်ခဲ့ဘူးသည်။ ထိုစဉ်က သမ္မတသည် အိမ်ဖြူတော်အနီးရှိ ဝီးလ်လဒ် ဟိုတယ် ( Willard Hotel ) ၏ လော်ဘီသို့ ညနေပိုင်းများတွင်သွားရောက်ကာ ဘရန်ဒီနှင့် ဆေးလိပ်သောက်လေ့ရှိသည်။ အကြောင်းမှာ သမ္မတ ကတော်က အိမ်ဖြူတော်တွင် အရက်နှင့် ဆေးလိပ်သောက်ခွင့်မပေးသောကြောင့် ဟုဆိုသည်။   ထိုသို့ပုံမှန်လာသောက်လေ့ရှိသည်ကို သိကြသော အခွင့်အရေးရှာသူများက သမ္မတ အရက်လာသောက်ချိန်ကိုကိုက်၍ လာရောက်ဒကာခံ စကားစမည်ပြောဆိုကြကာ ဥပဒေပြုရေးကိစ္စများနှင့် အလုပ်ခန့်ထားရေး ကိစ္စများကို တိုးလျှိုးတောင်းပန်ကြလေ့ ရှိသည်ဆို၏။  နောက်တချိန်ချိန်တွင် သမ္မတက ထိုသူများကိုရည်ညွှန်းပြီးပြောဆိုသည့်အခါ “those damn lobbyists” (ဟို သောက်…လော်ဘီကောင်တွေ) ဟုပြောဆိုခဲ့သည်ဆိုပါသည်။ ထိုသို့ပြောဆို ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ၊ တောင်ကုန်း သတင်းစာ၊ အမေရိကန် သတင်းအယ်ဒီတာများ အဖွဲ့အစည်းနှင့် ဝီးလ်လဒ် ဟိုတယ်၏ လူထုဆက်ဆံရေး ဒါရိုက်တာတို့ကပါ ဆက်လက်ဝါဒဖြန့် ကြလေသည်။ ထိုမှစ၍ လော်ဘီ၊ လော်ဘီလုပ်သည် စသည့်ဝေါဟာရမှာ အများသုံးဝေါဟာရတခု အဖြစ် တွင် ကျယ်လာသည်ဟုဆိုသည်။    ထိုအကြောင်းကို ဝါရှင်တန်သို့လာရောက်လည်ပတ်သည့် တိုးရစ်များအား ရယ်ရွှင်ဖွယ်ရာ ဟာသပုံပြင်အဖြစ် ဧည့်လမ်းညွှန်များ ကပြောပြခြင်းဖြင့် ဝီးလ်လဒ်ဟိုတယ်ကိုလည်း ပိုမို လူသိများထင်ရှားလာစေလေသည်။   သို့သော် ထိုပုံပြင်မှာ အပြည့်အဝမမှန်ချေ။ သမ္မတ ဂရန့်အနေဖြင့် ဝီးလ်လဒ်ဟိုတယ်သို့ မကြာခဏသွားရောက်၍ အရက်နှင့် ဆေးလိပ်သောက်ခဲ့သည်မှာ မှန်သော်လည်း အဆိုပါ ဝေါဟာရကို တီထွင်ပြောဆိုခဲ့သူမဟုတ်ချေ။ အမှန်အားဖြင့် “to lobby” လော်ဘီလုပ်ရန် ဆိုသည့်စကားလုံးကို အမေရိကန် ပုံနှိပ်မီဒီယာတွင်စတင်အသုံးပြုခဲ့သည်မှာ ယူလီဆီ ဂရန့် ဝါရှင်တန်သို့ မရောက်မီလွန်ခဲ့သော အနှစ်ငါးဆယ်၊ ၁၈၂၀ ခုနှစ်ကထဲကဖြစ်သည်။ အဆိုပါ ဝေါဟာရမှာ ဗြိတိသျှ ပါလီမန်မှ စတင်ပေါ်ပေါက်လာပုံရပြီး ပါလီမန်ခန်းမများ၏ အပြင်ဘက်ရှိ စင်္ကြန်များ ကိုရည်ညွှန်းသည်။ အဆိုပါ နေရာများမှာ မဲဆန္ဒရှင်ပြည်သူများနှင့် ၎င်းတို့မဲဆန္ဒနယ်၏ လွှတ်တော်အမတ်များ တွေ့ဆုံစကားပြောရာနေရာလည်းဖြစ်သည်။ ၁၈၄၀ ခုနှစ်များ ပတ်ဝန်းကျင်တွင် ဗြိတိန်၌ “Lobbyist” လော်ဘီလုပ်သူ ဆိုသောဝေါဟာရမှာ အများသုံးဝေါဟာရဖြစ်နေပါပြီ။ အောက်က်စ်ဖို့ အင်္ဂလိပ်အဘိဓာန်၏ အယ်ဒီတာဖြစ်သူ Jesse Sheidlower ဂျက်ဆီ ရှီးဒ်လိုဝါးက အဆိုပါဝေါဟာရမှာ အင်္ဂလိပ် ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သူတို့၏ မဲဆန္ဒရှင်များ တွေ့ဆုံစကားပြောနိုင်ရန်ဖွင့်ပေးခဲ့သော အဝင်ဝစင်္ကြန်များကို ရည်ညွှန်းရန် ၁၆၄၀ ခုနှစ်လောက်ကပင် စတင်သုံးစွဲခဲ့သည်ဟုယုံကြည်လေသည်။   သို့ဖြစ်လေရာ သမ္မတ ဂရန့်အနေဖြင့် အဆိုပါဝေါဟာရကိုအသုံးပြု၍ ဝီးလ်လဒ်ဟိုတယ်မှ ကပ်ဖားယပ်ဖားများကို ရည်ညွှန်းပြောဆိုကောင်း ပြောဆိုခဲ့မည်ဖြစ်သော်လည်း အဆိုပါ ဝေါဟာရ မှာ သူတီထွင်ခဲ့သည်မဟုတ်ကြောင်း ထင်ရှားသည်။ အမေရိကန်အစိုးရများသည် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကာကွယ်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အများဆိုင်ရာ မှတ်ပုံတင်လော်ဘီများ၏ သြဇာသက်ရောက်နိုင်ခြေတို့နှင့်ပတ်သက်ပြီး၊ ဥပဒေများ၏ အစိတ်အပိုင်းအဖြစ် မကြာခဏ စည်းမျဉ်း စည်းကမ်းများထုတ်ပြန်ကြေညာလေ့ရှိသည်။ လော်ဘီလုပ်သည့် အုပ်စုများသည် များသောအားဖြင့် ဥပဒေပြဌာန်းရာ လွှတ်တော် အဖွဲ့အစည်းများကို အာရုံစိုက်လေ့ရှိကြသည်။ သို့သော်လည်း တခါတရံ ၎င်းတို့၏ တောင်းဆိုချက်များ အောင်မြင်စေရန် တရားစီရင်ရေးအဖွဲ့များကိုလည်း အသုံးပြုတတ်ပါသည်။ ဥပမာအားဖြင့် ၁၉၅၀ ခုနှစ်များက National Association for the Advancement of Colored People အသားအရောင် ရှိသူများ တိုးတက်ရေး အမျိုးသားအစည်းအရုံးကြီး က “ လူမျိုးအလိုက် ခွဲခြားထားသော ဥပဒေများ” ( Segregation laws ) ကို အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ပြည်နယ်နှင့် ဖက်ဒရယ်တရားရုံးတို့တွင် တရားစွဲဆိုခဲ့ရာ နောက်ဆုံးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အဆိုပါဥပဒေများမှာ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ကြေငြာခဲ့ရလေသည်။ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုအပြင်၊ သြစတြေးလျ၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ ဆလိုဗေးနီးယား၊ ကနေဒါ၊ ဂျော်ဂျီ ယာ၊ ဟန်ဂေရီ၊ အစ္စရေး၊ လစ်သူယေးနီးယား၊ ပိုလန်၊ ဆော်ဒီအာရေဗျ နှင့် ဥပရောပ သမဂ္ဂများတို့တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လော်ဘီလုပ်ငန်းများကို လွှတ်တော်ဆိုင်ရာ ဥပဒေများ ပြဌာန်းသတ်မှတ်ပြီး လုပ်ဆောင်လျက်ရှိကြကြောင်း သိရှိရသည်။ ရဲထွန်း (သီပေါ) စာကိုး - DC Mythbusting “ Lobbyist” coined at Willard Hotel
  • Wikipedia အွန်လိုင်းစွယ်စုံကျမ်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up