Home
ဆောင်းပါး
ကုလယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ ပျက်ယွင်းလာတဲ့ လူ့ကျင့်ဝတ်တန်ဖိုးများ
DVB
·
September 26, 2016
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ တနင်္လာနေ့ညက ဆီးရီးယားနိုင်ငံ အတိုက်အခံ သူပုန်တပ်တွေ ထိန်းချုပ်ထားတဲ့ အလက်ပ်ပိုမြို့ အနောက်ပိုင်းဒေသကို သွားရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီယာဉ်တန်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတခု ဖြစ်ပွားသွားခဲ့ပါတယ်။ အဲဒီ ကုလ-ဆီးရီးယား အာရပ်လခြမ်းနီအဖွဲ့ယာဉ်တန်းဟာ အဲဒီသူပုန်ထိန်းချုပ်ရာဒေသမှာ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်တွေနဲ့ ရုရှားတွေရဲ့ လေကြောင်းက တိုက်ခိုက်တာကို ခံနေရ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့နေရတဲ့၊ အနည်းဆုံး ၇၈၀၀၀ လောက်ရှိတဲ့ ပြည်သူလူထုအတွက် အစားအစာနဲ့ ဆေးဝါးတွေ အပါအ၀င် တခြားထောက်ပံ့ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ယာဉ်တန်း ဖြစ်ပါတယ်။ အဲဒီလို လေကြောင်းက တိုက်ခိုက်ခံရတာဟာ အဲဒီယာဉ်တန်းတခုတည်းသာ မဟုတ်ဘဲ လခြမ်းနီအဖွဲ့ရဲ့ သိုလှောင်ရုံတခုနဲ့ လခြမ်းနီအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးခန်းတခုလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ သတင်းဖော်ပြချက်တွေအရ ကုန်ကားတွေပေါ်က ထောက်ပံ့ပစ္စည်းတွေကို သယ်ချနေကြတဲ့ အရပ်သား အယောက် ၂၀ နဲ့ အဖွဲ့ဝင် ၀န်ထမ်းတယောက်ပါ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။ တကယ်တော့ ဒီ ကုလ-ဆီးရီးယား အာရပ်လခြမ်းနီအဖွဲ့ ယာဉ်တန်းဟာ ဆီးရီးယားအစိုးရ ထိန်းချုပ်တဲ့ အလက်ပ်ပိုမြို့ အစိတ်အပိုင်းကို ဖြတ်သန်းသွားဖို့ ကြိုတင်ပြီး ဆီးရီးယားအစိုးရဆီက ခွင့်ပြုချက် တောင်းခံထားခဲ့၊ ခွင့်ပြုချက်ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုရှိခဲ့သလို ယာဉ်တန်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာ အနီးပတ်ဝန်းကျင်မှာ စစ်ရေးပစ်မှတ်တွေ မရှိတဲ့အတွက် စစ်ရာဇ၀တ်မှု မြောက်၊ မမြောက် စုံစမ်းစစ်ဆေးသင့်တယ်လို့ တိုက်တွန်းပြောဆို လာတာတွေလည်း ရှိပါတယ်။ ကျင့်ဝတ်အရ တကယ်လို့ လူသားချင်း စာနာထောက်ထားမှု ပေးအပ်မှုတခုမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဝန်ထမ်းတွေ၊ မော်တော်ယာဉ်တွေ ဒါမှမဟုတ် ချထားတပ်ဆင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခဲ့မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ အရှေ့အလယ်ပိုင်း ဒုတိယညွှန်ကြားရေးမှူး လာမာဖာကီယာကတော့ “လုပ်ငန်းဆောင်ရွက်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာဉ်တန်းတခုနဲ့ သိပြီးဖြစ်တဲ့ ကူညီထောက်ပံ့မှု သိုလှောင်ရုံတခုကို ပေါ်ပေါ်တင်တင် ပစ်မှတ်ထား တိုက်ခိုက်တာမှာ အဲဒီလိုတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်နဲ့ ဟုတ်၊ မဟုတ် ဆိုတဲ့ အရေးကြီးတဲ့ မေးစရာတွေ ပေါ်လာပါတယ်။” “ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်တာ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးဖို့ အမှီအခိုကင်းမဲ့တဲ့ ကုလသမဂ္ဂ ဦးဆောင်စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီယာဉ်တန်းနဲ့ သိုလှောင်ရုံ အတိုက်ခိုက်ခံရတဲ့ ဆီးရီးယားနိုင်ငံရဲ့ အစိတ်အပိုင်းဟာ ဆီးရီးယားအစိုးရလေတပ်နဲ့ ရုရှားလေတပ်တွေ လှုပ်ရှားမှုများတဲ့ဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တကယ်တော့ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီ ကုလယာဉ်တန်းကို လေကြောင်းက တိုက်ခိုက်ခဲ့မှုဟာ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ ကြားဝင်စေ့စပ်မှုနဲ့ ဆောင်ရွက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုဟာ တပတ်အကြာမှာ ဆီးရီးယားအစိုးရရဲ့ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လိုက်လို့ ပျက်ပြားပြီးစအချိန်ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မော်စကိုအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအောက်မှာ သမ္မတ ဘတ်ရှားအာဆတ်ရဲ့  အစိုးရတပ်တွေကို ထိန်းချုပ်ကွပ်ကဲဖို့ တာဝန်ရှိနေတဲ့အတွက် ဖြစ်ပွားခဲ့တဲ့ ယာဉ်တန်းတိုက်ခိုက်မှုမှာ ရုရှားလေယာဉ်တွေ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ရုရှားနိုင်ငံမှာ တာဝန်ရှိတယ်ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ ၀န်ထမ်း အယောက် ၂၀ လောက်နဲ့ အစားအစာ၊ ဆေးဝါးနဲ့ ထောက်ပံ့ပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ကုန်တင်ကား ၁၈ စီး ပျက်စီးသွားခဲ့တဲ့အတွက် သေးငယ်တဲ့တိုက်ခိုက်မှု ဆုံးရှုံးမှုတခုတော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး တွဲဖက်ဆောင်ရွက်ရေးအရာရှိ စတီဖင် အိုဘရိုင်ယန်ကတော့ ယာဉ်တန်းမှာ ထင်ရှားတဲ့ အမှတ်အသားတွေ ပါရှိပြီး လမ်းကြောင်းကလည်း ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့တွေအားလုံးကို အသုံးပြုခွင့်ပေးထားတဲ့ လမ်းကြောင်းဖြစ်တယ်လို့ ပြောပါတယ်။ သူက “ကျနော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒီရက်စက်တဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာတွေကို တမင်ရည်ရွယ်တိုက်ခိုက်တယ်ဆိုတာ တွေ့ရှိရတယ် ဆိုရင်တော့ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုပါပဲ။ ကျနော်က ဒီဆိုးဝါးတဲ့ သေဆုံးထိခိုက်ပျက်စီးမှုကို အမှီအခိုကင်းမဲ့ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးမှုတခု ချက်ချင်းလုပ်ဖို့ တောင်းဆိုပါတယ်။ ကျူးလွန်သူတွေဟာလည်း ဒီ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဥပဒေ ချိုးဖောက်မှုအတွက် တနေ့မှာ တာဝန်ရှိလာမယ်ဆိုတာကို သိသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားစစ်တပ်ကတော့ အပစ်အခတ်ရပ်စဲမှုကို အကြိမ်ပေါင်းများစွာ ဖောက်ဖျက်ခဲ့တဲ့ အကြမ်းဖက်သမား အုပ်စုတွေကို အပြစ်ဖို့ပြီး အဲဒီအတွက် သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲမှုကို မစောင့်ထိန်းနိုင်တော့ကြောင်းနဲ့ အမေရိကန်-ရုရှား စေ့စပ် အပစ်အခတ်ရပ်စဲရေးဟာ သွေးချောင်းစီးမှုကို ရပ်စဲသွားနိုင်တဲ့ အခွင့်အလမ်းတခု ဖြစ်ပေမယ့် လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေက ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ခဲ့တာ ဖြစ်တယ်လို့ သူတို့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ၂ ဦးစလုံးကတော့ ဒီအဆိုးဝါးဆုံး ချိုးဖောက်မှုဟာ ရုရှားနဲ့ သူ့ရဲ့ မဟာမိတ် ဆီးရီးယား အစိုးရတို့မှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကတော့ သတင်းထောက်တွေကို “ကျနော်တို့ရထားတဲ့ အောက်ခြေ သတင်းအချက်အလက်တွေအရတော့ ဒီအပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်မှုတွေဟာ အာဏာရှင်အစိုးရရဲ့ လုပ်ရပ်တွေပဲပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ နိုင်ငံတကာမှာ တွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းမှုတွေမှာ ရန်ဘက် တကယ့်စစ်တပ်တွေ အချင်းချင်း ပစ်ခတ်တိုက်ခိုက်ကြတာတွေမှာ စစ်ရေးအရ ပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင် တပ်အချင်းချင်း (လူမျိုးစု၊ အုပ်စု ကိုယ်စားပြုတပ်) ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်တာတင် မကတော့ဘဲ စစ်နဲ့မပတ်သက်တဲ့ သက်ဆိုင်ရာ ပဋိပက္ခ ဖြစ်နေတဲ့ လူမျိုးစု အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပါ တိုက်ခိုက်ထိပါးလာတဲ့ ဖြစ်ရပ်တွေ အတွေ့ရများလာပါတယ်။ ဆေးရုံ ဆေးခန်းမှန်း မြင်သာထင်ရှား ဖြစ်ပါရက်နဲ့ အရပ်သားတွေ နေထိုင်တဲ့ လူနေရပ်ကွက်၊ စာသင်ကျောင်း စတဲ့ နေရာတွေကိုပါ သိရက်နဲ့ တိုက်ခိုက်တာတွေ၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းသတ်ဖြတ်တာတွေကို တရားလက်လွတ် ကျင့်ဝတ်လက်လွတ် လုပ်ဆောင်လာတာတွေကို အတွေ့ရ များလာပါတယ်။ ဒါဟာ လက်နက်ကိုင် စစ်သားဆိုတဲ့သူတွေ အပါအ၀င် လူသားအားလုံး လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးတွေ ပျက်ယွင်းလာတာပဲလို့ ပြောရမှာပါပဲ။ စည်းမစောင့်ကြတော့ဘူးလား။ ပဋိပက္ခဖြစ်နေတဲ့ ရန်ဘက်လို့ သတ်မှတ်တဲ့ ဘက်နှစ်ဘက်က တဘက်နဲ့တဘက် အပြတ်မျိုးတုံးရှင်းလင်းရေးတွေ လုပ်ကြတော့မှာလား။ အဲဒီလိုဆိုရင်ရော ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာပါလား။ လူမျိုးတမျိုးနဲ့တမျိုး မျိုးတုံးသတ်ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ကြတဲ့ စစ်ပွဲတွေ ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာ အများကြီး တွေ့မြင်ခဲ့ရပြီးပါပြီ။ ခုထိလည်း ဒီပဋိပက္ခတွေ လုံးဝ ပြေငြိမ်းအေးချမ်းသွားတာကို မတွေ့ရသေးပါဘူး။ သင်ခန်းစာ ယူသင့်ကြပါပြီ။ လူ့သဘာဝအရ ကိုယ်ကျိုးစီးပွား ကာကွယ်ကြ၊ ခုခံတိုက်ခိုက်ကြရတာတွေ ရှိပေမယ့် အဲဒီပဋိပက္ခတွေကို မသိနားမလည်၊ အဲဒီပဋိပက္ခတွေနဲ့ သူတို့လူမျိုးအရ အုပ်စုအရ ပတ်သက်နေမှန်းမသိတဲ့ သာမန်အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဘာမှမသိသေးတဲ့ ကလေးသူငယ်တွေ ပဋိပက္ခရဲ့ ဘက်နှစ်ဘက်စလုံးမှာ ရှိနေတယ် ဆိုတာကိုတော့ လူမျိုးကိုယ်စားပြု၊ အဖွဲ့အစည်းနဲ့ အုပ်စုကိုယ်စားပြု ဖြေရှင်းနေတဲ့သူတွေ သတိကြီးကြီး ထားသင့်ပါတယ်။ ခုဖြစ်ပွားခဲ့တဲ့ ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပြု ယာဉ်တန်းနဲ့ ကူညီထောက်ပံ့ရေး သိုလှောင်ရုံ၊ ဆေးခန်း စတာမျိုးတွေကို ဗုံးကြဲတိုက်ခိုက် ပစ်ခတ်တိုက်ခိုက်တာမျိုးတွေဟာ အရင်ကလည်း ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်တာကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ အဆက်ဆက်က ဒီလိုပြစ်မှုမျိုးတွေကို ပြည်မမှာရော တိုင်းရင်းသား လူမျိုးစုတွေရဲ့ နေရာဒေသတွေမှာ ထပ်ခါတလဲ ကျူးလွန်ခဲ့တာကို အထင်အရှား တွေ့မြင်ခဲ့ရ၊ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ လူသားတွေဖြစ်တဲ့ လက်နက်ကိုင်သူရော လက်နက်မကိုင်သူတွေပါ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ တန်ဖိုးတွေကို အလေးဂရုမပြု၊ မစောင့်ထိန်းဘဲ ချိုးဖောက်ကြမယ်ဆိုရင်တော့….။        ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024