DVB Logo
Home
မြန်မာသတင်း
ဘန်​ကောက်တမြို့​လုံး​ ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် အ​ရေး​ပေါ်​ကြေညာ
DVB
·
October 26, 2011
ဘန်​ကောက်တမြို့​လုံး​ ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် အ​ရေး​ပေါ်​ကြေညာ
Donate to DVB

ဘန်​ကောက်တမြို့​လုံး​ကို ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် မစ္စစ်ယင်လတ်ရှင်နာဝပ်က ထိုင်း​ရုပ်မြင်သံကြား​ဌာနအား​လုံး​က​နေ မ​နေ့​ညက ​ကြေညာသွား​ပါတယ်။

ယင်လတ်က “အဆိုး​ဆုံး​ အ​ခြေအ​နေက​တော့​ တကယ်လို့​ရေကာတာ​ပေါက်မယ်၊​ ​ရေတား​နံရံ​တွေ ကျိုး​ပျက်မယ်၊​ ပင်လယ်​ရေတက်တာကလည်း​ ခန့်​မှန်း​ထား​တာထက် ပိုမြင့်​မယ်ဆိုရင် ​ရေလမ်း​ကြောင်း​ ၃ ခုက တခုခုကိုဖြစ်ဖြစ် ၃ခု လုံး​ကိုဖြစ်ဖြစ် ကျမတို့​မကာကွယ်နိုင်တာ၊​ ဒါမှမဟုတ် အင်အား​ကြီး​မား​တဲ့​ ​ရေထုကြီး​ရဲ့​အရှိန်ကို ​နှေး​သွား​အောင် မလုပ်နိုင်တာ​တွေ ဖြစ်လာမယ်။ အဲဒီအခါ ဘန်​ကောက်မြို့​တွင်း​မှာ ​ရေ ၁၀ စင်တီမီတာက​နေ ၁ မီတာခွဲ (၄ ပေခွဲ) လောက်အထိ ဖြစ်လာပါမယ်” လို့​ ​ကြေညာသွား​ပါတယ်။

သူမရဲ့​ ထုတ်ပြန်ချက်ထဲမှာ ဘန်​ကောက်မြို့​မှာ ​နေထိုင်သူအား​လုံး​ မိမိတို့​ရဲ့​ ပစ္စည်း​တွေကို ပိုမြင့်​တဲ့​ ​နေရာ​တွေဆီ ​ရွှေ့​ပြောင်း​ထား​ဖို့​၊​ လျှပ်စစ်မီး​အား​စက်ရုံနဲ့​ အများ​ပြည်သူသုံး​ ​ရေဖြန့်​ချိ​ရေး​ပိုက်လိုင်း​တွေကို ထိခိုက်မှု အနည်း​ဆုံး​ဖြစ်​အောင် လုပ်ဖို့​ ပါဝင်ပါတယ်။

ဒါ့​အပြင် ဒွန်​မောင်း​လေဆိပ်ထဲက ဒုက္ခသည်စခန်း​ကို ​ရေ​ဘေး​လွတ်ရာ ​ရွှေ့​ပြောင်း​ဖို့​နဲ ဆိုင်ရာဌာန​တွေက ဘုရင့်​နန်း​တော်ဝင်း​နဲ့​ ဘုရင်ကြီး​ ​ဆေး​ဝါး​ကုသ မှုခံယူရာ စီရီရာ့​ ​ဆေး​ရုံကို ​ရေမလွှမ်း​အောင်ကာကွယ်ဖို့​ကိုလည်း​ အ​လေး​ပေး​ထည့်​သွင်း​ပြောဆိုသွား​ပါတယ်။

ရေလွှမ်း​မိုး​နေတဲ့​ ခရိုင်အား​လုံး​မှာ ​ရေလွှမ်း​မိုး​မှုတား​ဆီး​ရေး​၊​ ​ရေ​ဘေး​ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​နဲ့​ ဆက်နွှယ်​နေတဲ့​ ဌာန​တွေကလွဲပြီး​ အစိုး​ရရုံး​အား​လုံး​ကို ​အောက်တိုဘာ ၂၇ ရက်က​နေ ၃၁ ရက်​နေ့​အထိ ပိတ်ထား​ဖို့​လည်း​ ​ကြေညာလိုက်ပါတယ်။

ဝန်ကြီး​ချုပ် ​ကြေညာချက် ထုတ်ပြန်ပြီး​နောက်မှာ ကုန်​ဈေး​နှုန်း​တွေ တက်ကုန်တယ်လို့​ ဘန်​ကောက်မှာ ​နေထိုင်တဲ့​ မြန်မာတဦး​က ​ပြောပါတယ်။

“ဝန်ကြီး​ချုပ်က ​ရေကြီး​မယ်ဆိုတဲ့​အ​ကြောင်း​ကို တရား​ဝင်​ကြေညာတယ်။ ပစ္စည်း​ရှိတဲ့​ လူ​တွေကလည်း​ ထုတ်မ​ရောင်း​တော့​ဘူး​။ အသီး​အရွက်ကအစ အစစအရာရာ ​ဈေး​တွေအကုန်ခုန်တက်သွား​တယ်။ ဒီ​နေ့​မှပိုပြီး​တက်သွား​တာ။ မ​နေ့​ကထိ ကြက်ဥတလုံး​က ၄ ဘတ်ခွဲ၊​ ၅ ဘတ်ပဲ။ ဒီမနက်မှာ ကြက်ဥတလုံး​ ၆ ဘတ်ဖြစ်သွား​တယ်။ အ​ခြေခံကြက်ဥကအစ ​ဈေး​တက်​တော့​ ကျန်တဲ့​ဟာ​တွေပါ တက်ကုန်တယ်။”

အ​ရေး​ပေါ် အစား​အ​သောက်ရိက္ခာ​တွေသွား​ဝယ်ဖို့​လှေ​စောင့်​နေတဲ့​ ဘန်​ကောက်​မြောက်ပိုင်း​ ရပ်ကွက်ဇုန်တခုက မြန်မာအမျိုး​သမီး​တဦး​ကလည်း​ သူတို့​ဆီမှာ ​ခေါက်ဆွဲ​ခြောက်ကအစ ဝယ်မရ​တော့​ဘူး​လို့​ပြောပြပါတယ်။

ဘန်​ကောက်မှာရှိတဲ့​ကျောင်း​အား​လုံး​နဲ့​ ပြည်တွင်း​လေဆိပ်ဖြစ်တဲ့​ ဒွန်​မောင်း​လေဆိပ်ကိုလည်း​ ပိတ်လိုက်ပြီး​ မပိတ်ရ​သေး​တဲ့​ ပြည်တွင်း​လေယဉ်လိုင်း​တွေဟာ စူဝမ်နဖုန် နိုင်ငံတကာ​လေယဉ်ကွင်း​သစ်ကို ​ရွှေ့​ပြောင်း​ကြ​ကြောင်း​ ဆိုင်ရာ​လေ​ကြောင်း​ ကုမ္ပဏီ​တွေက ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013