အမျိုးသမီး ၁ ဦးကို အဓမ္မပြုရန် ကြိုးစားခဲ့သည့် အဝေးသင်ကျောင်းသား ၂ ဦးကို ဖမ်းဆီး
DVB
·
September 25, 2016
အမျိုးသမီးငယ်တဦးကို လူသူပြတ်နေရာသို့ ခေါ်ဆောင်ပြီး အလိုမတူ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကလေးတက္ကသိုလ် အဝေးသင်ကျောင်းသား ၂ ဦးကို ကလေးမြို့ ရဲတပ်ဖွဲ့နဲ့အတူ ရပ်ကွက်လူထုတွေ ဝိုင်းဝန်းကူညီမှုနဲ့ ညခြင်း ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့ ရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။
"မှုခင်းဖြစ်တဲ့ နေရာမှာ ကောင်မလေးက အတင်းအော်ဟစ်တော့ အဲဒီဒီနားမှာ ရှိတဲ့ တောရဘုန်းကြီးကျောင်းက သံဃာတော်တွေက ကြားပြီး ပြေးအသွား အမျိုးသား တယောက်က ထွက်ပြေးတာ တယောက်က ဝိုင်းဖမ်းတာ မိတာ။ တယောက်က နေအိမ်ထိ လိုက်ဖမ်းရတာ " လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
တရားလိုဖြစ်သူဟာ သူငယ်ချင်း အမျိုးသမီးတဦးနဲ့ ကလေးမြို့ စက်မှုဇုန်ဘက်ကနေ အကြွေးတောင်း ပြန်လာရင်း မရင်းနှီးတဲ့ အမျိုးသား ၃ ဦးက အနောက်ကနေ ဆိုင်ကယ် ၂ စီးနဲ့ လိုက်လာပြီး စနောက်ကြရင်း ဆိုင်အတူ ထိုင်ခဲ့ကြကြောင်း ဆိုင်ထိုင်ပြီး မိနစ် ၂၀ ခန့်အကြာ တရားလိုအမျိုးသမီးမှာ နောက်ဖေး အပေါ့အပါးသွားစဉ် တရားလိုရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးက ပြန်သွားတဲ့အတွက် သူ့ကိုပါ ပြန်လိုက်ပို့ခိုင်းရာကနေ ကလေးမြို့ တောင်ဖီလာ ဂေါက်ကွင်းဘက် ခေါ်သွားပြီး အခုလို အခင်းဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။
အမျိုးသမီးငယ်တဦးကို အလိုမတူ အဓမ္မပြုဖို့ ကြိုးစားခဲ့တဲ့ လူငယ် ၂ ဦးမှာ တမူးမြို့နေ လွန်ခန့်ပေါင်နဲ့ တမူးနယ် ကနန်ရွာနေ ခုတ်လင်မန်တို့ ဖြစ်ပြီး ကလေးတက္ကသိုလ် အဝေးသင် ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ ပညာသင်ကြားမယ့် ကျောင်းသားငယ်တွေ ဖြစ်ပါတယ်။
အဆိုပါ ကျောင်းသား ၂ ဦးကို ကလေးမြို့မ ရဲစခန်းကနေ မုဒိမ်းမှုပြုရန် ကြံစည်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ် ၃၇၆/၅၁၁ နဲ့ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
မင်းရဲစစ်နိုင်