Home
မေးမြန်းခန်း
ညှဉ်းပန်းနှိပ်စက်ခံ အိမ်အကူအမှုကို ဖော်ထုတ်သူ သတင်းထောက်ချုပ်ကိုဆွေဝင်းနှင့် မေးမြန်းချက်
အေးနိုင်
·
September 25, 2016
  ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်တွေက အိမ်အကူမိန်းကလေးငယ်တွေကို လူမဆန်စွာ လက်ချောင်းတွေကို ချိုး၊ ဓားနဲ့ မွှန်းစတဲ့ နှိပ်စက်ညှဉ်းပန်းခဲ့မှု၊ လုပ်ခမပေးဘဲ နှစ်နဲ့ချီခိုင်းစေနေတဲ့ အမှုကို မြန်မာစာနယ်ဇင်းသမားတဦးက ဖော်ထုတ်ဖွင့်ချပြီး တရားစွဲဆိုနိုင်တဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။   ဒီနှိပ်စက်ညှဉ်းပန်းခိုင်းစေမှုကို လျှို့ဝှက်စွာ သတင်းရယူပြီး ရဲကို အကြောင်းကြားခဲ့၊ တိုင်ကြားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ဦးဆွေဝင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။  ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေသလို တရားစွဲဆိုမှုတွေလည်း လုပ်ဆောင်နေပါတယ်။ ကျောက်တံတားမြို့နယ်က အိမ်အကူကိစ္စမှာ ကိုဆွေဝင်းက ထုတ်ဖော်ရေးသားမှု၊ လိုက်ပါကူညီဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ အတိုချုပ်ရှင်းပြပေးပါခင်ဗျ။ "ကျနော်တို့သတင်းဌာနကနေပြီးတော့ အိမ်အကူမိန်းကလေးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ဆောင်းပါးရေးတယ်။ အဲဒီဆောင်းပါးကိုဖတ်ပြီးတော့ လူတယောက်က ဆက်သွယ်လာတယ်။ ဆက်သွယ်ပြီးတော့ အင်းဝအပ်ချုပ်ဆိုင်မှာ ဒီလိုမျိုးနှိပ်စက်ခံရတာ ဖြစ်တယ်ဆိုတာကို သတင်းကြားတယ်ဆိုပြီးတော သတင်းလာပေးတယ်။ အဲဒါကို ကျနော်သွားပြီးတော့စုံစမ်းတယ်။ စုံစမ်းတော့ ကလေးတွေ တွေ့တယ်။ တွေ့တော့ ကျနော် ဓာတ်ပုံရိုက်တယ်။ လေ့လာတယ်၊ ဒဏ်ရာရှိမရှိကျနော်လေ့လာတယ်။ လေ့လာပြီးတော့မှ ကျနော် ကျောက်တံတားရဲစခန်းကို ကျနော်သွားအကြောင်းကြားတယ်။ သွားအကြောင်းကြားတော့ တရက်အကြောင်းကြားတယ်၊ နောက်တရက်ထပ်အကြောင်းကြားတယ်။ ဘာမှဖြစ်မလာဘူး။ ကျနော်လူ့အခွင့်အရေးကော်မရှင်ကို ရဲဌာနကို ဖိအားပေးလို့ရအောင်ဆိုပြီးတော့ တိုက်တွန်းလို့ရအောင်ပေါ့နော် လူ့အခွင့်အရေးကော်မရှင်ကိုအကြောင်းကြားတယ်။ ဆိုတော့ အဲဒါပြီးတော့မှ၊ အဲလိုဟာတွေပြီးတော့မှ ကျနော် ပထမတိုင်ကြားတဲ့အချိန်ကနေပြီးတော့ တလခွဲလောက်ကြာတဲ့အခါ ရဲစခန်းကနေပြီးတော့ ဆက်သွယ်လာတယ်။ ဆက်သွယ်လာပြီး ဒီကိတ်စ္စနဲ့ပတ်သက်ပြီးတော့ စစ်ဆေးချင်လို့ပါလို့ဆိုပြီး ကျနော်ကို ပြန်ဆက်သွယ်လာတော့ ကျနော်သွားတယ်။ သွားတဲ့အခါကျတော့ ကျနော်ပြောတယ်၊ ဘာဖြစ်လို့ကျနော်ဟာကို ယခင်က အချက်အလက်တွေအားလုံးပေးပြီးသွားပြီ၊ ဘာလို့ မဆက်သွယ်တာလဲ။ ကလေးတွေဟာ သတ်ပစ်လိုက်နိုင်တယ်၊ အန္တရာယ်ရှိနိုင်တဲ့အနေအထားရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဓာတ်ပုံရိုက်တဲ့အချိန်မှာ ဆိုင်ရှင်တွေက မသင်္ကာဖြစ်တယ်နော်။ အဲဒီအခြေအနေမှာ ဘာလို့မလုပ်တာလဲလို့ ကျနော်မေးတယ်။ ဒါပေမယ့်သူတို့ ဘာမှ မပြောဘူး။ မပြောတော့ သူတို့ကိုကျနော်ပြောတယ်၊ အလုပ်မရှုပ်အောင် ပထမဖိုင်တွဲကိုဖွင့်လိုက်ပါလို့ ကျနော်ပြောတာ သူတို့က ဘာမှ မပြောတော့။ ကျနော်ပြောမှာပဲ သူတို့သွားစစ်လို့ရမယ်လို့ပြောတော့ ကျနော်က ကျနော်တိုင်ချက်မဖွင့်ချင်ဘူး။ ကျနော် သတင်းထောက်ဆိုတော့ ဘယ်အဖွဲ့၊ ဘယ်ထောင့် အမှုအခင်းမှာမှ မပါချင်ဘူး။ ဘယ်ပါတီ (အစုအဖွဲ့) ပေါ့၊ အဲလိုမျိုးကျနော် မပါချင်ဘူးဆိုတော့။ ဒါပေမယ့် ကျနော် မတိုင်လို့ရှိရင်၊ တရားဝင်မတိုင်ရင် သွားစစ်ဆေးခွင့်ရဲဌာနမှာ မရှိဘူး။ အဲဒါဆို တိုင်မယ်ဆိုပြီး ကျနော်တိုင်တယ်။ ဓာတ်ပုံအထောက်အထားတွေ ပြန်ပေးတယ်။ ပြန်ပေးပြီးတော့မှ အဲဒါ သြဂုတ်လလောက်မှာ ပြန်ပေးပြီးတော့ကျနော် ဘာမှ ထပ်မကြားရတော့ဘူးပေါ့နော်။ မကြားရတော့ ကျနော်ရဲစခန်းကို ထပ်ပြီးတော့ ဖုန်းဆက်တယ်၊ ထပ်ကာတလဲလဲ ဖုန်းဆက်တယ်။ ကော်မရှင်ရုံးကိုဖုန်းဆက်တယ် ဘာမှမကြားရဘူး။ လွန်ခဲတဲ့ ၁၅ ရက်နေ့ (စတ်တင်ဘာ) ကျမှ ကော်မရှင်က ဆင့်ခေါ်လို့ဆိုပြီးတော့ ကျနော်ရောက်သွားတယ်။ ရောက်သွားပြီးတော့မှ ဒါ ခုလိုမျိုး ငွေကြေးနဲ့ညှိနှိုင်းတယ်ဆိုတဲ့အခြေအနေကို ရောက်တယ်။ ညှိနှိုင်းတဲ့ပွဲကိုကျနော်ရောက်ခဲ့တာပေါ့။" ဒီအမှုအခင်းနဲ့ပတ်သက်လို့ ကျောက်တံတားမြို့နယ်ရဲမှူးကိုဒီဗွီဘီက မေးမြန်းရာမှာ ဒီအမှုကို သူမသိဘူး။ သူ့ဆိုလက်ခံရောက်ရှိလာခြင်းမရှိဘူးလို့ပြောပါတယ်။ နောက်ပိုင်းကျမှ အထက်ညွှန်ကြားချက်အရ သိရှိဆောင်ရွက်တာလို့ပြောတယ်။ ဒီတော့ ကိုဆွေဝင်းကနဦး တိုင်ကြားမှုနဲ့ ကျောက်တံတားမြို့နယ်ရဲမှူးနဲ့ကြားထဲမှာ ကွင်းဆက်ပြတ်နေတဲ့ အဟလေးရှိနေတယ်။ ဒီအမှုဟာ ရဲမှူးက မသိတာလား၊ အမှုကိုကြားထဲမှာ ဖျောက်လိုက်တာလား။ ဘယ်လိုနားလည်လဲ။ "သူတို့မနေ့က ခုံရုံးစစ်တယ်ခင်ဗျ (ဒီအမှုနဲ့ပတ်သက်လို့ ရဲအချင်းချင်းခုံရုံးဖွဲ့စစ်ဆေးခြင်း)။ ကျနော်ကိုလည်းခေါ်တယ် အဲဒီစစ်တဲ့အချိန်မှာလေ။ ရဲဌာနတွင်း ဒါတွေအားလုံးကို ကျနော်တိုင်ခဲ့တဲ့ ကနဦးတိုင်ချက်နဲ့ပတ်သက်ပြီးတော့ ပျက်ကွက်ခဲ့တဲ့လူတွေအားလုံးကို အရေးယူမယ်။ ဆိုတော့ သူတို့ အဲဒီမှာ တာဝန်ရှိတဲ့သူတွေအားလုံးကို ခေါ်တယ်၊ ခေါ်စစ်တယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေ ကျနော်နားထောင်တယ်။ မှန်မမှန် ကျနော် ပြန်ပြောတယ်။ အဲဒီပွဲကို ကျနော်သွားတက်တယ်။ သွားတက်တော့ ကျနော်ဘာသိခဲ့ရလဲဆိုတော့ ကျနော်သွားတိုင်တုန်းက စခန်းမှူးကို တာဝန်ကျတဲ့သူကနေပြီးတော့ ဒါကို ဓာတ်ပုံအထောက်အထားနဲ့တကွ သူက သတင်းပို့ခဲ့တယ်။ ဒါပေမယ့် အဲဒီစခန်းမှူးက တာဝန်ပျက်ကွက်ခဲ့တယ်ပေါ့။ အဲဒီစခန်းမှူးက တာဝန်ပျက်ကွက်ခဲ့ပြီးတော့ တခြားနေရာကို ပြောင်းသွားတယ်၊ တခြားမြို့နယ်တခုကို၊ စခန်းမှူးအသစ်ရောက်တယ်။ အဲဒီစခန်းမှူးအသစ်ရောက်မှ သူက လူ့အခွင့်အရေးကော်မရှင်က တိုင်ကြားချက်ကို သူ ထပ်ရပြီးတော့ ကျနော့်ကို ပြန်စစ်တယ်ပေါ့။ အဲဒီအခြေအနေမှာရှိတယ်။ ဆိုတော့ ဒီမနက် (စက်တင်ဘာ ၂၂ရက်) ကျနော် ရန်ကုန်တိုင်းရဲမှူးချုပ် ဦးဝင်းနိုင်နဲ့တွေ့တော့ သူကပြောတယ် ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် ကနဦးတိုင်ကြားချက်နဲ့ပတ်သက်ပြီးတော့ အရေးမယူခဲ့တဲသူတွေအားလုံးကို သူတို့ရဲဌာနတွင်း အရေးယူမယ်ဆိုပြီးတော့ ကျနော့်ကို ပြောပါတယ်။" ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ ကျူးလွန်သူလို့သုံးနှုန်းတာပေါ့။ ဖမ်းဆီးရရှိမှု၊ စစ်ဆေး ဖော်ထုတ်ရရှိမှု နောက်ဆုံးအခြေအနေ သိပါရစေ။ " အခုလောလောဆယ်တော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ ဒီအမှုမှာ ပါဝင်ပတ်သက်သူအားလုံး၊ မိသားစုဝင်အားလုံး၊ ဒီအားလုံးကို အကုန်လုံးကိုဖမ်းဆီးဖို့လုပ်နေတာ လောလောဆယ် ၄ ယောက်မိထားတယ်ပေါ့။ နောက်ထပ်အနည်းဆုံး ၂ ယောက်ကို သူတို့တွေ ဒါက ကျနော့်ရှေ့မှာပဲ။ ရဲစခန်းမှာဒီမနက် တော်တော်ကြာကြာလေးနေခဲ့တယ်။ မနေ့ကလည်း ရဲစခန်း အနောက်တိုင်းစခန်းမှာ ကျနော် တော်တော်ကြာကြာလေးနေခဲ့တော့ သူတို့ အပူတပြင်းကို ဒါကို ကျန်တဲ့သူတွေ ရှာဖွေဖမ်းဆီးရေးအတွက် သူတို့လုပ်ဆောင်နေတာ ကျနော် သိရပါတယ်။" ကိုဆွေဝင်း ကူညီဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာ၊ ထွေအုပ်ရုံးမှာ အပေးအယူညှိနှိုင်းပြောဆိုပြီး ကလေးတွေနဲ့ အိမ်ရှင်တွေနဲ့ အပေးအယူလုပ်တာ သိန်းငါးဆယ်နဲ့ သဘောတူညီကြတယ်ဆိုတာလည်း သိရတယ်။ အဲဒါ ဘယ်လိုဖြစ်ခဲ့တာလဲ။ "ဒါဟာ အင်မတန် အံ့သြစရာဖြစ်တဲ့အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်ကို ကော်မရှင်က ဆင့်ခေါ်လိုက်တော့ ကျနော်တော်တော်အံ့သြသွားတယ်။ ဆင့်ခေါ်စာမှာ ဖိတ်စာက ဒီစွပ်စွဲခံထားရတဲ့ အိမ်ရှင်တွေကိုလည်း ဒီစာက မိတ်တူပို့တယ်ဆိုတာ ပါတယ်။ ကျနော်ကိုလည်း မိတ်တူပို့တယ်။ အဲဒီအချိန်မှာ ကျနော်နာမည်တွေ၊ ကျနော်ဖုန်းနံပါတ်တွေကို ထည့်ပြီးတော့မှ ကော်မရှင်ကနေ ပို့တာနော်။ နောက်ပြီး ကျနော်ကိုဖိတ်ခေါ်တယ်။ အဲဒီစာ ဖတ်လိုက်တာနဲ့ ကာယကံရှင်တွေနဲ့ ကျနော် တိုင်ကြားပါတယ်ဆိုတဲ့သူနဲ့ စွပ်စွဲခံရတဲ့ ကာယကံရှင်နဲ့ ကျနော်နဲ့ ထိပ်တိုက်ကိုတွေ့ခိုင်းမယ်ဆိုကတည်းကိုက  ဟာ ဒါ တော်တော်လေးကို အဆင်အခြင်မဲ့တဲ့ ကိတ်စ္စပဲဆိုတာကျနော် သဘောပေါက်လိုက်တယ်။ ကျနော်စာကိုသေသေချာချာဖတ်ကြည့်တော့ ကလေးမိဘတွေအကုန်လုံးက တက်ပြီးတော့မှ ဒါကိုဖြေရှင်းမယ်၊ ဆိုတော့ ကျနော်တော်တော် စိတ်ဝင်စားသွားတယ်။ ကလေးမိဘတွေအတွက် တော်တော်စိုးရိမ်သွားတယ်။ ဒါကြီးကို ဘယ်လိုဖြေရှင်းမလဲ။ ကျနော်လည်းမသွားချင်ဘူး ဖြစ်နိုင်ရင်တော့။ ကျနော်အန္တရာယ်ရှိ နိုင်တယ်ပေါ့နော် ကျနော်သုံးသပ်ကြည့်တော့။ ဒါပေမယ့် ဒါကြီးကို စိုးရိမ်ပြီးတော့ ကျနော်သွားလိုက်တယ်။ သွားလိုက်ပြီးတော့ ကော်မရှင်ရုံးကို ကျနော်သွားလိုက်တယ်။ ကော်မရှင်ရုံး ရောက်လည်းရောက်သွားရော ကျနော် တော်တော်စိုးရိမ်သွားတယ်။ ဒီ မိဘတွေဟာ တောကနေတက်လာပြီးတော့မှ တကယ့်ကို ကျေးလက်တောသူတောင်သားဆိုတာ အင်မတန်ကို ဒါ ရိုးအတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ သူတို့ဟာ ကော်မရှင်ရုံးခန်းကြီးမှာ မရောက်ဖူးဘဲနဲ့ တောင်ကြည့်မြောက်ကြည့်၊ ဟို အဲကွန်းတွေ လိုက်ကြည့်တယ်။ ဆိုဖာထိုင်ခုံကြီးတွေ လိုက်လှည့်တယ်။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ သူတို့ရောက်နေတာ ရဲစခန်းလား၊ ကော်မရှင်ရုံးခန်းလား၊ တရားခွင်လား၊ သူတို့ဘာမှန်းမသိဘူး။ အဲဒီနေရာကို သူတို့ရောက်တယ်ဆိုတော့ ကျနော် တွေ့လိုက်တာနဲ့တပြိုင်နက် ကျနော် ဒီဟာကို အစည်းအဝေးကိုတက်ဖို့ ကျနော် ဆုံးဖြတ်လိုက်တယ်။ အစည်းအဝေးကို ကျနော်သွားတက်တယ်။ အစည်းအဝေးကိုသွားတက်တော့ ရဲဌာနရဲ့အစီရင်ခံစာကိုဖတ်ပြတယ်။ အစီရင်ခံစာထဲမှာ အနှစ်ချုပ်က အရေးကြီးတဲ့အချက် ၃ ချက်ပါပါတယ်။ ဘာပါလဲဆိုတော့ နံပါတ် (၁) ကလေးတွေကို ကျွန်ပြုနေတယ်။ နံပါတ် (၂) ကလေးတွေကို ညှဉ်းပန်းနှိပ်စက်နေတယ်။ နံပါတ် (၃) ကလေးတွေကို လုပ်အားခေါင်းပုံဖြတ်နေတယ်။ ဒါကြောင့်မို့လို့ ဒါဟာ ဥပဒေကြောင်းအရ အရေးယူသင့်တဲ့အမှုဖြစ်ပါတယ်ဆိုပြီးတော့  ရန်ကုန်တိုင်းရဲတပ်ဖွဲ့က နေပြီးတော့ မှတ်ချက်ပြုတဲ့စာကို ဖတ်ပြတယ်။ အဲဒီမှတ်ချက်ဖတ်ပြလို့ဆုံးပြီဆိုတာနဲ့တပြိုင်နက် (အမျိုးသားလူ့အခွင့်အရေးကော်မရှင်) ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကနေပြီးတော့ ဘယ်နေရာရောက်လို့ ဘာပြောရမှန်းမသိတဲ့၊ တောသူတောင်သားမိဘတွေနဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေနဲ့ နှစ်ဘက် ညှိနှိုင်းကြပါလို့ ဒဲ့ကို ပြောခိုင်းလိုက်တယ်။ ကျနော်က ချက်ခြင်းထကန့်ကွက်လိုက်တယ်။ ရဲစခန်းက ရဲဌာနက ဖတ်ပြလိုက်တဲ့ ခုနပြစ်မှုတွေက အင်မတန်ကြောက်စရာကောင်းပြီး ကြီးလေးတဲ့ရာဇ၀တ်မှုကြီးတွေ၊ သိန်းတထောင်၊ သိန်းတသောင်း ပေးရင်တောင်မှ ဖြေရှင်းလို့မရတဲ့ အမှုတွေ၊ ကြေအေးလို့မရတဲ့အမှုတွေ။ ဒါတွေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်ဆိုပြီးတော့ ကျနော်ထပြောတယ်။ ဒါကို ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကိုဆွေဝင်း၊ ခင်ဗျားကာယကံရှင်မဟုတ်ဘူး မပြောပါနဲ့လို့ပြောတယ်။ ကာယကံရှင်မိဘတွေက ဘာပြောရမှန်းမသိဘူး။ တောင်ကြည့်နေတယ်၊ မြောက်ကြည့်နေတယ်။ ကျနော်က စာကလေးတခု အမြန်ရေးလိုက်တယ်။ ကျမ ဥပဒေအတိုင်းဖြစ်ချင်ပါတယ်ဆိုတဲ့ စာကလေးတခုရေးပြီးတော့ မိဘတွေရဲ့ခုံပေါ် ကျနော်တင်ပေးလိုက်တယ်။ ဒါပေမယ့် ခက်တာက စာမဖတ်တတ်ဘူးတဲ့။ စာမဖတ်တတ်ဘူး။ အဲဒီအချိန်မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက နေပြီးတော့ ကလေးမိဘတွေကို ချက်ခြင်းဘာပြောလာလဲဆိုတော့ ခြိမ်းခြောက်လာတယ်။ ခင်ဗျားတို့ ကျနော်တို့ကိုပို့တုန်းက ကလေးငယ်တွေက အသက်မပြည့်ဘူး။ ဒါကြောင့်မို့လို့ ခင်ဗျားတို့ကို ရာဇ၀တ်ကြောင်းအရ အရေးယူလို့ရတယ်လို့ ပြောလာတယ်။ ခြိမ်းခြောက်တယ်။ အဲဒီခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ကော်မရှင်က တစုံတရာတခွန်းမှ ၀င်မပြောဘူး။ ဒါ နံပါတ်တစ်အချက်ပေါ့။ နောက်တခါကျတော့ ဘာပြောလဲဆိုတော့ ကလေးတွေက ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေ၊ ပြစ်မှုတွေအများကြီးရှိတယ်၊ ဒီနှစ်တွေအတောအတွင်းမှာ၊ အဲဒါကို သူတို့ အထပ်လိုက်ပြုစုထားတယ်။ ကျနော် ထပြောတယ် ခင်ဗျားတို့ အဓိပ္ပာယ်တော်တော်မဲ့တဲ့လူတွေ၊ လူမဆန်တဲ့လူတွေ။ ခင်ဗျားတို့ ဒီနေရာ ရောက်တယ်၊ တရားခွင်မှာဖြေရှင်းရမယ်။ ခင်ဗျားတို့စပြီးလုပ်ရမှာက ခင်ဗျားတို့ တောင်းပန်တယ်။ ၀မ်းနည်းကြောင်းပြောကြားရမယ်နော်။ ဒါကို မပြောကြားဘဲနဲ့ ခင်ဗျားတို့က ဒီမိဘတွေကို ခြိမ်းခြောက်ပြီဆိုတော့ ဒါအင်မတန်ဥပဒေမဲ့တဲ့ကိစ္စပဲလို့ ကျနော်ပြောတယ်။ ကော်မရှင်က တခွန်းမှ ၀င်မပြောဘူး။ ကျနော်ကို မပြောဖို့ဆိုပြီးတော့ ကျနော့်ကို ဖိအားပေးတယ်။ နောက်ကြောင်းမပြန်ပါနဲ့ဆိုတဲ့ စကားလုံးတွေသုံးတယ်။ အပျက်သဘောမဆွေးနွေးပါနဲ့ ဆိုတဲ့စကားလုံးတွေသုံးတယ်။ ကျနော် ဘာပြောရမှန်းမသိတော့ ဆက်ပြီးတော့ ထိုင်နေတယ်။ ကလေးမိဘကလည်း ကျနော်ပြောတဲ့ စာလေးတကြောင်းကို မဖတ်တတ်ဘူး။ အဲလိုအခြေအနေမှာ ဖြစ်နေတာပေါ့နော်။ ဆိုတော့ ဟိုဘက်ကလည်း ခြိမ်းခြောက်တယ်။ အဲဒီအချိန်မှာ ဟိုဘက်က ဘာဖွင့်ပေးလဲဆိုတော့ ဖြစ်ပြီးတာတွေ မပြောပါနဲ့တဲ့။ ကလေးမိဘက ကျနော် အဲလိုမျိုး တခါနှစ်ခါ ပြောလိုက်တဲ့အခါအားရှိလာပြီးတော့ ကျနော့်သမီးလေးဟာ  လက်ဆယ်ချောင်းလုံးကျိုးသွားပါတယ်။ လက်မောင်းကို ရိုက်ချိုးခံထားရတယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးဆိုတော့  ဟာ ကျနော် တော်တော်ပေါက်ကွဲသွားပြီ။ ရဲရဲ့အစီရင်ခံစာထက် ပိုပြီးတိကျတဲ့ဟာကို ကျနော် ကြားလိုက်ရတယ်။ အဲဒါနဲ့ ကျနော်ချက်ခြင်းထပြောတယ်။ ကျနော်ပြောခွင့်မရှိပေမယ့်လည်း။ ချက်ခြင်းဆရာဝန်ခေါ်လိုက် ခင်ဗျားတို့၊ မှုခင်းစစ်ဆရာဝန်ကြီးကိုခေါ်လိုက်။ ဒါကိုလည်းမရဘူး ကျနော့်ကို၊ ဆက်ပြီးတော့ ကျနော်ပြောဆိုခွင့်မရဘူး။ မိဘတွေက ပြန်ချင်နေပြီ။ မနက် ၁၀ နာရီကတည်းက ရောက်နေတာ၊ ၉ နာရီ ၁၀ နာရီကတည်းကရောက်နေတာ ထမင်းမစားရဘူး တယောက်မှ။" အဲဒီလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းဆိုတာ ဒုရဲချုပ်၊ အကျဉ်းဦးစီးဌာနညွန်ချုပ် ရာထူးတွေ ထမ်းခဲ့ဖူးတယ်လို့ သိရတယ်။ သူက ဒီကိစ္စကို လူသားမဆန်ညှဉ်းပန်းနှိပ်စက်မှုအဖြစ်ယူဆလား။ ဒါမှမဟုတ် ကာယကံရှင်ချင်းပြေလည်ရင် ပြီးရောလို့ သဘောထားလား။ ရှင်းပြပေးပါ။ "သူ့ရဲ့ပုံစံက ပြေလည်အောင်ဆိုပြီးတော့၊ ပြေလည်ဖို့ဆိုတဲ့စကားလုံးနဲ့ သူကနေပြီးတော့ သုံးစွဲပြီးတော့ ဒါကိုညှိနှိုင်းတဲ့ဟာပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေကြောင်းအရ စီရင်ဖို့၊ ရဲတပ်ဖွဲ့ရဲ့ကြီးမားတဲ့ရာဇ၀တ်မှုကြီးတွေ ဖတ်ပြတာနဲ့ပတ်သက်ပြီး သူ တခုမှ မှတ်ချက်ပေးခြင်း မရှိဘူး။ ဒါတွေဟာ အလေးအနက်ထားပြီးလုပ်ဆောင်ရမယ့်ကိစ္စလို့ သူတခွန်းမှ ၀င်မပြောဘူး။ ညှိနှိုင်းကြပါ၊ ညှိနှိုင်းကြပါဆိုတဲ့ ဟာကိုပဲ နှပ်ကြောင်းပေးပြီးတော့ သွားတယ်ပေါ့နော်။ ဆိုတော့ ကျနော်က ပထမအဆင့် ဥပဒေကြောင်းအရ အရေးယူခိုင်းတယ်၊ ဒါလည်းမရဘူး။ ညှိနှိုင်းကြပြီဆိုတော့ ကျနော် ထပ်ပြီးတော့ ဆရာဝန်တွေခေါ်ဖို့ဆိုတာကို ဒါနဲ့ပတ်သက်ပြီးတော့ ကော်မရှင်က ကျနော့်ကို ဒါနဲ့ပတ်သက်ပြီးထောက်ခံကြောင်း လုံးဝမပြောတဲ့အပြင် ဒါနဲ့ပတ်သက်ပြီးတော့ အားပေးအားမြှောက် ဘာတခုမှ မပြုဘူးပေါ့ဗျာ။ ဆိုတော့ အဲဒီအခြေအနေမှာ ဆိုင်ပိုင်ရှင်တွေကနေပြီးတော့မှ ဒါ ငွေကြေးနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ လမ်းကြောင်းကိုတင်လာတယ်။ ကလေးမိဘတွေက သူတို့အဖြစ်ချင်ဆုံးဆန္ဒက အဲဒီနေ့က ဘာလဲဆိုတော့ ငွေလိုချင်လို့မဟုတ်ဘူး။ တရားရေးမဟုတ်ဘူး သူတို့တတွေက။ သူတို့လိုချင်တာက ဒီရုံးခန်းထဲက အမြန်ဆုံးထွက်သွားဖို့ပဲ။" ဒီတွေ့ဆုံပွဲမှာ ကော်မရှင်နဲ့ ကလေးမိဘတွေနဲ့ ကိုဆွေဝင်းပဲလား။ ကျန်တဲ့ ဒီ ဌာနဆိုင်ရာ ဥပမာ- အမျိုးသမီးရေးရာအဖွဲ့လိုမျိုး၊ ရဲတပ်ဖွဲ့လိုမျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးလိုမျိုး အာဏာပိုင်တွေပါသေးလား။ ဘယ်သူတွေပါသေးလဲ။ "ကျောက်တံတားမြို့နယ် ရဲအရာရှိတယောက်ပါတယ်။ နောက်ပြီးတော့ ကျောက်တံတားထွေအုပ်ပါတယ်။ ကျောက်တံတား မိခင်၊ စောင့်ရှောက်ရေးပါတယ်။ ဒီအဖွဲ့တွေအကုန်လုံးက ရောက်လာတယ်။ ဒါပေမယ့် ထွေအုပ်တို့၊ မိခင်ကလေးစောင့်ရှောက်ရေး အစရှိသည်ဖြင့်ပေါ့ သူတို့တတွေအကုန်လုံးက ၁၁ နာရီကစလိုက်တဲ့အစည်းအဝေး ညနေ ၆ နာရီထိ ထိုးသွားတယ်။ စကားလုံးတခွန်းမှ မပြောသွားဘူး။ ဒါပေမယ့် သူတို့တတွေဟာ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့တတွေဟာ ဒါကြီးဖြစ်ပျက်နေတဲ့ဟာကို သူတို့တတွေက သဘောတူလို့မဟုတ်ဘူး။ ကျနော့်ကိုလာပြောတယ်။ ကိုဆွေဝင်းထပြီးကန့်ကွက်တာ သိပ်ကောင်းတယ်ဆိုပြီးတော့မှ သူတို့တွေက အသာတကြည် ကျနော့်ကို လာပြောကြတယ်။ ဒါကြောင့်မို့ သူတို့က နိုင်ငံတော်အဆင့် ကော်မရှင် (မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်ရှင်) ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ အရင်တုန်းက ဒုရဲချုပ်တို့၊ အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်တို့ ဒီလိုလုပ်ခဲ့တာ။ နောက်ပြီးတော့ ဒေါ်မြမြဆိုတဲ့လူက မိခင်နဲ့ကလေးစောင့်ရှောက်ရေးမှာ ဗဟိုကော်မတီဝင်ပါတဲ့ပုဂ္ဂိုလ်ရှိတယ်။ ဆိုတော့ မြို့နယ်အဆင့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးက မိခင်နဲ့ကလေးစောင့်ရှောက်ရေးမှာ ဗဟိုကော်မတီဝင် အမျိုးသမီးတယောက်ကိုဘယ်လိုမျိုး ဆန့်ကျင်ပြီးပြောရဲမလဲ။ အဲဒီချိန်မှာ ဒေါ်နန်းမြဆွေဆိုတဲ့ အမျိုးသမီးကပြောတယ်၊ အိမ်အကူနဲ့အိမ်ရှင်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတာပဲ၊ ကျမကိုယ်တိုင် တခါတလေရိုက်ရတာပဲဆိုပြီးပြောတယ်။ ဆိုတော့ အဲဒီအခြေအနေမှာ သူတို့က သဘောပေါက်သွားပြီလေ။ ကျန်တဲ့ထွေအုပ်တို့၊ ကျန်တဲ့ ဟိုဟာ (မြို့နယ်အဆင့်မိခင်နဲ့ ကလေးစောင့်ရှောက်ရေး) တို့က ဒါကို ကော်မရှင်က ဘယ်လိုသဘောထားရှိလဲဆိုတာ သူတို့သဘောပေါက်သွားတော့ သူတို့ တခွန်းမှ ၀င်မပြောကြတော့ဘူး။ အိမ်ရှင်တွေကလည်း ရဲတင်းသွားပြီ။ ဒီကော်မရှင်တခုလုံးက သူတို့ဘက်မှာ ဆိုတာကို သူတို့က ရဲတင်းသွားတဲ့အတွက်ကြောင့်မို့ ကလေးမိဘတွေကို ခြိမ်းခြောက်ပြီးတော့ ရာဇ၀တ်ကြောင်းအရခြိမ်းခြောက်တယ်။ ကလေးတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေ အများကြီးရှိတယ်၊ အထောက်အထားကို သူတို့ပြောရာမှာ စကားလုံးက အပုံအပင်ရှိတယ် အထောက်အထားတွေ၊ ကလေးတွေက ကျူးလွန်ထားတဲ့ ပြစ်မှုတွေ။" အဲဒီတော့ သိန်း ၅၀ ကို ကလေးတွေက လက်ခံလိုက်လား။ ဒီသိန်း ၅၀ လက်ခံခြင်းရဲ့နောက်ကွယ်မှာ သတင်းသမား စကားနဲ့ပြောရရင် သိန်း ၅၀ နဲ့သဘောတူညီချက်ရသွားအောင် နောက်ကွယ်က အကြောင်းအရာတွေ ရှိနေနိုင်မလား။ ဘယ်လိုမြင်လဲ။ "ကျနော်ကတော့ နောက်ကွယ်ကနေ ဖိအားပေးတာတော့ ကျနော်မမြင်ဘူး။ ကလေးမိဘတွေက အိမ်ပြန်ချင်ပြီ။ ငွေကြေးနဲ့ညှိနှိုင်းခိုင်းတယ်၊ အဲဒီမှာ ကော်မရှင်အဖွဲ့တချို့က ခင်ဗျားတို့ တောကနေပြီးတော့ မြို့တက်၊ မြို့ကနေပြီးတော့မှ တောပြန် ရုံးချိန်းတွေနဲ့ ခင်ဗျားတို့တတွေ ဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ စကားလုံးပြောလိုက်တော့၊ သူတို့က အိမ်ပြန်ရမယ်။ ဟိုက ငွေကြေးနဲ့ ညှိနှိုင်းခိုင်းတယ်။ ဒါဆိုလို့ရှိရင် ကျမငွေကြေးဘယ်လောက်လို ချင်တယ်။ ပြောပြီးရင် အိမ်ပြန်ရပြီသူတို့က။ ဆိုတော့ ကလေးမိဘတယောက်က  ကျမ သူ မရခဲ့တဲ့ လုပ်ခတွေလစာအားလုံးအပါအ၀င်၊ ၂ နှစ် ၃ နှစ်စာ အားလုံးအပါအ၀င် သိန်း ၅၀ လိုချင်တယ်ပြောတယ်။ အဲဒါကို ပိုင်ရှင်ဘက်ကနေ သိန်း ၅၀ မပေးနိုင်ဘူး။ သိန်း ၃၀ ပဲ ပေးနိုင်မယ်၊ အဲလိုပြောတယ်။ အဲဒါနဲ့ ဟိုဖက် ဒီဖက် ဈေးဆစ်။ ကျနော်က ငွေကြေးနဲ့ပတ်သက်ပြီး ပြီးစေချင်တဲ့လူမဟုတ်ဘူး။ ဒါပေမယ့် ဟိုကောင်တွေ အိမ်ရှင်ဘက်ကို ဈေးဆစ်တာကိုကြည့်ပြီး ကျနော် တော်တော်ပေါက်ကွဲ။ ခင်ဗျားတို့ သိပ်လွန်လွန်းအားကြီးတယ်ဗျာလို့။ အဲလိုပြောတော့ နောက်တခါကျတော့ ဒါဆိုရင် ဆယ်သိန်းတိုးပေးမယ်၊ ဆယ်သိန်းကိုဘယ်လိုလုပ်မလဲဆိုတော့ အရစ်ကျပေးမယ်။ နှစ်နှစ်စာ။ အဲဒါနဲ့ နောက်ပိတ်ဆုံးလည်းကျတော့သိန်း ၄၀ နဲ့ လက်ဆယ်ချောင်းကျိုးသွားတဲ့၊ လက်မောင်းကျိုးသွားတဲ့၊ မီးလောင်ဒဏ်ရာနဲ့ ကလေးငယ်အတွက် ၂ နှစ်၊ ၃ နှစ် လုပ်အားခအားလုံးအပါအ၀င် နစ်နာကြေး သိန်း ၄၀၊ ကလေးမိဘတွေက သင်္ချာမတွက်တတ်ဘူး။ တလမှာဘယ်လောက်လဲဆိုတာ။ ဟိုက ၁ သောင်းခွဲနဲ့တွက်နေတယ်။ သတင်းတွေမှာ ဖော်ပြတဲ့ ၂ သောင်းခွဲဆိုတာ မဟုတ်ဘူး။ ၁ သောင်းခွဲနဲ့တွက်တယ်။ တွက်ပြီးတော့ နစ်နာကြေးဆိုပြီးတော့ တွက်တယ်။ ကျနော်က ထပြောတယ်၊ လက်ချောင်းတချောင်းကျိုးလို့ကုရင် ဘယ်လောက်ကုန်မလဲ။ အဲဒီအဖြေကို ဘာမှ မဖြေကြဘူး။ ပြန်ပြီးတော့။ လက် ဆယ်ချောင်းဆို ဘယ်လောက်ကုန်မလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ မရှိကြဘူး။ အဲဒါနဲ့ သိန်း ၄၀ နဲ့ လျော်ကြေးပြီးသွားတယ်။ နောက်တယောက်က တချောင်းမှ မကျိုးလို့ဆိုပြီးတော့မှ တခါတည်း ဒဏ်ရာတွေရှိတယ်၊ သူ့ရဲ့ ၂ နှစ်၊ ၃ နှစ်စာ လုပ်အားခအားလုံးအပါအ၀င် နစ်နာကြေး ဆယ်သိန်း။ အင်မတန် ရယ်စရာကောင်းတယ်။ ကော်မရှင်အဖွဲ့ဝင်လူကြီးတွေက ၀င်ပြောရမယ်။ ဟာ- လုပ်အားခတောင်မှ သိန်း ၂၀ လောက်ရှိမယ့်ကိစ္စကို လုပ်အားခအားလုံးအပါအ၀င် ၁၀ သိန်းနဲ့ပြီးသွားတယ်။ ကလေးမိဘတွေလည်း ပြန်ရရင်ပြီးရောဆိုပြီးတော့ လက်မှတ်ထိုးတယ်။ ကျနော် အင်မတန် ငွေကြေးနဲ့ဖြေရှင်းရာကို ကျနော်ကနေပြီးတော့ ဒါ မလိုလားတဲ့ပုဂ္ဂိုလ်။ ဒါပေမယ့် ကလေးမိဘတွေက ငွေမရေတတ်တော့ ကျနော် ငွေရေ (ရေတွက်) ပေးရတဲ့အဆင့်ရောက်သွားတယ်နော်။ ဒါကြီးကို။ အဲဒါနဲ့ ဆိုင်ရှင်တွေက ဘာလုပ်လဲဆိုတော့ အဲဒါကိုကျနော့်ကို ဓာတ်ပုံရိုက်တယ်။ အခုသတင်းထောက်တွေသွားတော့ ကျနော့်ကိုဘာပြောလဲဆိုတော့ ဒီအမှုကြီးကို ကိုဆွေဝင်းတောင် ငွေလက်ခံပြီးတော့ အားလုံးကြေအေးပေးလိုက်ပြီ။ ဓာတ်ပုံအထောက်အထားတွေရှိတယ်ဆိုပြီးတော့ သတင်းဌာနတွေကိုပြောတယ်။ ဆိုတော့ ဒါလည်း ငွေကြေးပေးတယ်ဆိုတာ ထွေအုပ်တွေရှိတယ်။ ရဲတပ်ဖွဲ့ရှိတယ်၊ အားလုံး၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အဲဒီရှေ့မှာ ငွေကြေးပေးလိုက်တာပေါ့။" ဒီအမှုကိုလချီလိုက်ခဲ့သူအနေနဲ့ ခုန လူ့အခွင့်အရေးကော်မရှင်က ဒေါ်မြမြပြောစကားကို ဆက်စပ်လိုက်ရင် အိမ်အကူဆိုတာကို မြန်မာနိုင်ငံမှာ ဘယ်လိုနားလည်နေကြလဲ။ အလုပ်သမားတယောက်အနေနဲ့မမြင်ဘူး။ ဒီအမှုကို ဝေဖန်ကြရာမှာ အိမ်အကူကိုဆိုရင် ကျွန်သာသာ ပုံစံမျိုး ဆက်ဆံကြတယ်ဆိုတာ ပြောကြပါတယ်။ အဲဒီ အစဉ်အဆက် ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုပုံစံကို လုံးဝပြောင်းသင့်တယ်လို့ မထင်မိဘူးလား။ " ကျနော်တို့က ပိုပြီးတော့ တိတိကျကျပြောဖို့လိုအပ်တယ်။ နံပါတ် (၁) အချက်၊ အိမ်အကူဟာ ကလေးလုပ်သားလို့ပြောလို့ရှိရင် ကလေးလုပ်သားအောက်မှာမှ ဒါ အင်မတန်ကို မတရားမှု ကိုခံရနိုင်တဲ့ အလုပ်အမျိုးအစားမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆို သူဟာ ပုဂ္ဂလိက နေရာမှာပဲရှိတယ် သူလုပ်ရတာ။ သူ့ကို တခြားမျက်မြင်သက်သေတွေနဲ့၊ တခြားလူတွေနဲ့ ဥပမာ - လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ရတယ်။ ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ အိမ်တအိမ်ထဲမှာ ပိတ်လှောင်ပြီးတော့မှ လုပ်ခွင့်ရတယ်။ အခု ကျနော်ဘာတွေ့ရလဲဆိုတော့ ဒီအမှုကို လေ့လာတဲ့အခါမှာ အိမ်အကူနဲ့ပတ်သက်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ချင်တဲ့သူတွေက ဘယ်တော့မှ အသက်ကြီးတဲ့သူတွေ မခေါ်ဘူး။ အသက်ကြီးတယ်ဆိုတာ ၁၈ နှစ်အထက်တွေမ ခေါ်ဘူး။ ကလေး သေးသေးလေးတွေ သွားခေါ်တယ်။ ခိုင်းလို့မရရင်ကိတ်စ္စမရှိသေးဘူး ခုချိန်၊ တောက်တိုမယ်ရ။ ဒါပေမယ့် ဒီကလေးကို တသက်လုံးကျွန်ပြုလို့ရတယ်။ ဒီကလေး တသက်တာ၊ တချို့ဆိုအနှစ် ၂၀၊ ၃၀ ကျွန်ပြုတာတွေ ကျနော် ကြုံတွေ့ခဲ့ရတယ်။ ဒီကလေးကို နံပါတ် (၁) အပြင်နဲ့ ပေးမတွေ့ဘူး။ ဒီကလေးကို လူသားတယောက်အနေနဲ့ လူအဖွဲ့အစည်းမှာ ဘယ်လိုမှ ရပ်တည်လို့မရအောင် ဘယ်လမ်းကဘယ်လိုရှိပြီးတော့မှ ဘယ်လိုရှိမှန်းမသိဘဲနဲ့ အိမ်တအိမ်ထဲမှာ နှစ်ရှည်လများ အလကားအခမဲ့နီးပါး ကျွန်ပြုလို့ရတဲ့ပုံစံမျိုး လိုချင်ကြတဲ့ အတွက်ကြောင့်မို့လို့ အဲဒီကလေးငယ်တွေကိုပဲ ပစ်မှတ်ထားပြီး လိုက်ရှာဖွေနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ လုပ်ရမယ့်ကိစ္စတခုက အသက်မပြည့်သေးတဲ့အိမ်အကူကိုလုံးဝ တရားဥပဒေမဲ့ဆိုတာကို ကြေညာရမယ်။ အိမ်အကူပွဲစားတွေအားလုံးကို Register (မှတ်ပုံတင်) မလုပ်ဘူးဆိုလို့ရှိရင် ဒါအားလုံးကို၊ လိုင်စင်မရှိဘဲလုပ်တဲ့ အိမ်အကူပွဲစားအားလုံးကို အရေးယူရမယ်။ နောက်ပြီးတော့ အိမ်အကူဆိုတာ အားလုံး မှတ်ပုံတင်ရမယ်၊ အသက်ပြည့်ရမယ်။ လက်ခံတဲ့အိမ်ရှင်ဟာ မှတ်ပုံမတင်ထားတဲ့ အိမ်အကူတယောက်ကို လက်ခံမယ်ဆိုရင် သူ့ကို အရေးယူခွင့်ရှိရမယ်။ လက်ခံလိုက်ပြီဆိုရင်တောင်မှ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ ဒါနဲ့ပတ်သက်ပြီးတော့ Register မှတ်ပုံတင်လုပ်ရမယ်။ ဒီလိုမျိုးထိရောက်တဲ့ ယန္တရား ကျနော်တို့က လိုအပ်နေတယ်။ အခု ဖြစ်လာမှ ကျနော်တို့က ကလေးငယ်တယောက်ကို နေလှန်းပြီးတော့မှ ရိုက်တာတို့၊ အခုလိုမျိုးနှိပ်စက်တာတို့၊ ဖြစ်လာမှ ၀ုန်းဒိုင်းသွေးပူပြီးတော့မှ လုပ်တယ်ဆိုတာထက် ကျနော်တို့မှာ ဒီကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်မယ့်ဥပဒေ ထိထိရောက်ရောက်လိုအပ်တယ်။ အရေးကြီးဆုံးကတော့ အသက်မပြည့်သေးတဲ့အိမ်အကူဆိုတာ ရှိကို မရှိစေရဘူး။" ဒီအိမ်အကူတွေ စိတ်ချလုံခြုံမှုနဲ့ပတ်သက်လို့ ဥပဒေပြုနိုင်တဲ့လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းက အစိုးရကို ဒီကနေတဆင့် ကိုဆွေဝင်း ဘာတိုက်တွန်းချင်လဲ။ "ကျနော် ခုနပြောတဲ့အတိုင်းပဲ နံပါတ် (၁) အသက်မပြည့်သေးတဲ့အိမ်အကူကို ဒါ လုံးဝ ဥပဒေနဲ့ ပြင်းထန်စွာအရေးယူမယ်ဆိုတာကို ချက်ခြင်း ဥပဒေကြောင်းအရ ရေးဆွဲပြီးတော့ လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်အကူဆိုတာဆက်ပြီးတော့ ရှိနေဦးမှာပဲ။ ဘာလို့လည်းဆိုတော့ ကျနော်တို့က အကုန်လုံးက တခါတည်းပဲ၊ အခု ဘယ်လိုပြောမလဲ အရင်းရှင်စီးပွားရေးပေါ့ဗျာ။ ကျေးလက်တွေကနေပြီးတော့ ဆင်းလာကြတယ်။ အမျိုးစုံ လယ်သိမ်းယာသိမ်းဒုက္ခတွေရှိမယ်၊ ရာသီဥတုတွေဖောက်ပြန်ကြတယ်၊ နောက်တခါ အများသုံးမီဒီယာပေါ့ဗျာ ရုပ်ရှင်တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ကြော်ငြာတွေကနေပြီးတော့ တခါတည်း အဲကွန်းနဲ့၊ ဆိုဖာနဲ့၊ နောက်ပြီးတော့ ဟင်းချက်ပြိုင်ပွဲတွေ လုပ်ပြတယ်။ ဒါတွေကြည့်ပြီးတော့မှ တောတောင်က လူတွေအကုန်လုံးက ဒီလို ဘ၀မှာ ပိုင်ဆိုင်ရမှ လူပီသမယ်ဆိုတဲ့ဟာကို လိုချင်လွန်းအားကြီးလို့ မြို့ပေါ်တွေအကုန်လုံးကို ဆင်းလာကြတယ်။ ဒီလိုမျိုးကျနော်တို့ ယန္တရားကြီးတခုလုံးဖောက်ပြန်သွားပြီပေါ့။ လူတွေအကုန်လုံးက မေ့ကုန်ကြပြီ၊ တောတောင်မှာရှိတဲ့ ကျယ်ပြောတဲ့ မြက်ခင်းပြင်တွေ၊ အောက်စီဂျင်တွေ၊ လူပီသတဲ့ အသက်မွေးဝမ်းကြောင်းမှုတွေပေါ့။ ဟိုးတုန်းကဆို ကျနော်တို့ကြားရတယ် တရာသီတွင်း လုပ်ပြီးတော့မှ တနှစ်ပတ်လုံးထိုင်ပြီးတော့ စားသောက်လို့ရတယ်ဆိုတဲ့အနေအထား။ သူတို့မှာ ၀ယ်ခြမ်းစရာ ဘာပစ္စည်းမှမရှိဘူး။ အဲလိုအနေအထား လောဘဆိုတာ တရားမရှိဘူး။ ဒါမျိုးတွေပေါ့ ဖိအားတွေမရှိကြဘူး။ ဆိုတော့ အဲလိုအခြေအနေကနေ ပျက်ယွင်းသွားတာပေါ့ဗျာ။ အားလုံးက၊ အခု မြေယာပိုင်ဆိုင်မှုမှာလည်း ပြဿနာအကြီးအကျယ်တက်တယ်။ မြေယာတွေကို မတရားသိမ်းဆည်းကြတယ်။ ငွေကြေးအင်အားရှိတဲ့လူတွေက အလွယ်တကူလာဝယ်ကြတယ်၊ ကျန်တဲ့လူတွေက အကုန်လုံးလိုက်ရောင်းကြတယ်။ ဈေးကွက်တခုလုံးပျက်စီးပြီးတော့မှ ကျနော်တို့ ကျေးလက်မှာ လူနေမှုစနစ်တခုလုံးပျက်စီးသွားပြီပေါ့၊ ပျက်စီးတဲ့အတွက်ကြောင့်မို့လို့ ဒီကလေးငယ်တွေ၊ ဒီကနေ မွေးဖွားလာတဲ့ မျိုးဆက်တွေအားလုံးဟာ မြို့ပေါ်တွေကို စီးဆင်းကြတယ်။ ဒါပေမယ့် သူတို့မှာ အတတ်ပညာ၊ အသိပညာ ချို့တဲ့ကြတယ်။ ဒီလူတွေအားလုံးကို ခေါင်းပုံဖြတ်မယ့်သူတွေအားလုံးက စောင့်နေကြတယ်။ အိမ်အကူရယ်လို့မဟုတ်ဘူး၊ နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်မယ့်သူတွေအကုန်လုံးက စောင့်နေကြတယ်။  လောလောဆယ် ကျနော်တို့ အိမ်အကူကိစ္စပြောတော့ ဒီလိုအခြေအနေကြီး ဖြစ်ပျက်နေပြီပေါ့နော်၊ အိမ်အကူကိစ္စက ဒီမှာတင်ပြီးသွားမှာမဟုတ်ဘူး၊ ဆက်လက်ပြီး စီးဆင်းနေဦးမယ် ကျေးလက်တွေကနေပြီးတော့။ အဲဒါကို ဘယ်လိုကိုင်တွယ်မလဲ ဥပဒေကြောင်းအရ။" ကိုဆွေဝင်းက လူ့အခွင့်အရေးဆိုင်ရာသတင်းတွေကို အရင်နှစ်တွေကတည်းက ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ ဆိုတော့ အိမ်အကူအဖြစ်အပျက်တင်မကဘဲနဲ့ တခြားအစ်ရှူးအကြောင်းအရာတွေရော ရှိသေးလား။ "ကျနော်ကတော့ ကျနော်တို့ရုံးမှာ ကျနော်မှာထားတယ်။ ကျနော်တို့ သတင်းဌာနဆိုတာ သတင်းနဲ့ enertain ဖျော်ဖြေရမယ့်အဖွဲ့အစည်းမဟုတ်ဘူး။ လူတွေအကုန်လုံးက ဖတ်ချင်ကြတယ်။ မဟုတ်ဘူး ကျနော်တို့တွေအားလုံးက၊ ဘာလဲဆိုတော့ ကျနော်တို့တွေက Voice of the Voiceless ပေါ့။ ပြောဆိုခွင့်မရတဲ့လူတွေအများကြီးရှိတယ်။ ကျနော်ဆို ဘာပြောထားလဲဆိုတော့ စကားလုံးတလုံးပဲပြောထားတယ်။ ခံရ၊ ခံရ၊ ခံရတယ်ဆိုရင် ရေးလို့ရပြီ။ ကျနော် ၂ လုံးပဲပြောထားတယ်၊ ခံရ ပါသလား၊ သေးသေးလေးဆိုရင်တောင်မှ လျှော့မတွက်ကြနဲ့။ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုမယ့်ဟာမျိုးဖြစ်နိုင်တယ်။ ဒါဟာ အိမ်ဖော်လေးတယောက်၊ အိမ်အကူလေးတယောက်ပါဆိုပေမယ့် ဒါ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုတာမျိုးဖြစ်နိုင်တယ်။ ကျနော်တို့ သတင်းမီဒီယာအနေနဲ့ လူ့အဖွဲ့အစည်းတခုလုံးကို လျှောက်ပြီးတော့မလုပ်နိုင်ဘူး ကျနော်တို့တတွေက။ တခုလေးလုပ်ရင်တောင်မှ လူ့အဖွဲ့အစည်းတခုလုံးကို ရိုက်ခတ်လိမ့်မယ်။ ဒါကြောင့်မို့ ခံရလို့ ပါလို့ရှိရင် ကျနော်တို့ အဲဒါကို လုပ်တာပဲ။ ခံရဆိုတာ လူ့အခွင့်အရေးချိုးဖောက်တာတွေပါမယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ ခံရတာတွေပါမယ်။ ကျနော်တို့အားလုံးက အကုန်လုံးက သဘာဝပတ်ဝန်းကျင်နဲ့မှီတည်ပြီး နေနေကြရတာကိုး။ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အတွက်ကြောင့်မို့လို့ ဒါတွေဖြစ်လာတယ်ဆိုတော့ လူတွေအကုန်လုံးက။ ကျနော် ဗုဒ္ဓဘာသာအနေနဲ့ ပြောတာလည်း မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ (((အပ်ပ ကိတ်စောစ )) ဆိုတာရှိတယ်လေ။ အမှုကိစ္စ ကင်းရမယ်။ ပေါ့ပါးသော အသက်မွေးဝမ်းမှုရှိရမယ်။ ဆိုတော့ ဒါတွေအားလုံးကဘယ်လိုဟာမျိုးမှာဖြစ်နိုင်လဲဆိုတော့ ကျနော်တို့ သဘာဝပတ်ဝန်းကျင်ကြီးနဲ့လူနဲ့ သဟဇာတဖြစ်နေရတယ်ဗျ။ စောစောပိုင်းကဆိုရင် အစားအသောက်တွေ၊ တောတောင်တွေဆိုရင် ခုချိန်ထိ အလကားနီးပါးရတယ်။ ဆိုတော့ လူတယောက် အသက်ရှင်သန်ဖို့အတွက် လူတယောက်ဟာ ကျွန်ခံစရာမလိုဘူး။ အခု မြို့ကြီးပြကြီးတွေနား ရောက်လာသူအားလုံးဟာ ကျွန်ခံရတာပဲ။ ကိုယ့်ဘ၀ကိုနေ့စဉ် အလုပ်တခုမှာ ငွေကြေးအတွက် လုပ်ရပြီဆိုရင် ဒါ အားလုံးဟာကျွန်ခံရတာပဲ။ သဘာဝပတ်ဝန်းကျင်ကြီးခံရရင်လူတွေအကုန်လုံး ကျွန်ခံရလိမ့်မယ်။ ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်ရင်ကျနော်တို့ လုပ်ရမယ်။ ကျနော်ဆိုရင် ဘာပြောထားလဲဆိုတော့ လူတွေ မတရားခံရတာ၊ သဘာဝ မတရားခံရတာလုပ်မယ်။ နောက်တခါကျတော့ အလွဲသုံးစားမှု၊ ငွေကြေး၊ အာဏာ အလွဲသုံးစားမှု၊ ဒါတွေဟာ အလွဲသုံးစားမှုရယ် ခံရတာရယ်။ ဒီနှစ်ခုဟာ ပြစ်မှတ်ပဲ။ " ကိုဆွေဝင်းကိုနိုင်ငံတော်သမ္မတ ဦးထင်ကျော်ကနေပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေလေးပြောပြပါ။ "ကျနော် စက်တင်ဘာ ၂၃ ရက် မှာ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီပွဲကိုလုပ်မယ်လို့ ကြားရပါတယ်။ ဒါဟာ ကျနော့်အနေနဲ့ ထပြီးတော့ (((လက်ခမ်းပေါင်း)))ခတ်စရာကိစ္စလည်း မဟုတ်ဘူး။ ကျနော် ဒီပွဲကို ဘာမြင်လဲဆိုတော့ အစိုးရကို ကျနော်ကနေပြီးတော့မှ ရာဇ၀တ်မှုကျူးလွန်တဲ့လူတွေကို နံပါတ် (၁) ထိထိရောက်ရောက် အရေးယူဖို့အတွက် ကျနော်ကိုယ်တိုင် တိုက်ရိုက်ပြောဆိုနိုင်တဲ့ အခွင့်အရေးရမယ်။ ခုနပြောခဲ့တဲ့ အိမ်အကူနဲ့ပတ်သက်ပြီးတော့၊ အမှုတွေနဲ့ပတ်သက်ပြီးတော့ အစိုးရကနေပြီးတော့မှ သွေးပူလို့ ထပြီးလုပ်ရတဲ့ ကိစ္စမျိုးတွေ မလုပ်ဘဲနဲ့ ပိုပြီးတော့မှ၊ တနိုင်ငံလုံးကိုလွှမ်းခြုံပြီးတော့မှ နောင်နှစ်ပေါင်းများစွာ ကျင့်သုံးလို့ရမယ့်ဥပဒေတွေ၊ အဲဒီဥပဒေတွေကိုလည်း ဘယ်လိုအာဏာ သက်ဝင်အောင်လုပ်ရမလဲဆိုတာကို ကျနော်တိုက်တွန်းမယ်။ အဲဒီကိစ္စပါတယ်။ နောက်တခုက လူ့အခွင့်အရေးကော်မရှင်ကိစ္စ ပါပါတယ်။ လူ့အခွင့်အရေးကော်မရှင် တခုလုံးကို ပြန်လည်ပြီးတော့ ဆန်းစစ်ပြီးတော့ ဖွဲ့စည်းရမယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စီရင်တာနဲ့ပတ်သက်ပြီးတော့ ဖြစ်နိုင်ရင် အစိုးရကနေပြီးတော့ Offcial Investigation (တရားဝင်စုံစမ်းစစ်ဆေး) ပေါ့ ဖွင့်လှစ်ပြီးတော့မှ ဒါကိုထိထိရောက်ရောက် အရေးယူရမယ်။ ဘာလို့လည်းဆိုတော့ လူ့အခွင့်အရေး၊ သိန်းထောင်နဲ့ချီယူထားပြီးတော့ တနိုင်ငံလုံးကို လူ့အခွင့်အရေးကို ကာကွယ်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကိုက ဒီလိုဖြစ်ရလားဆိုပြီးတော့ တချက်မှားတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ဒါကို ကျနော်တိုက်တွန်းမယ်။ အကယ်လို့ အရေးမယူရင် အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်တယ်လို့ ကျနော်က ကောက်ချက် ကျနော်တို့က ပြုနိုင်တယ်။ ဒါတွေပြောကြားဖို့အတွက် ဒီအခွင့်အရေးရတယ်လို့ပဲ ကျနော်သတ်မှတ်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024