တောင်ငူတွင် မူလွန်ကလေးငယ်များ ကူးစက်ရောဂါတမျိုးကြောင့် ဆေးရုံပို့ဆောင် ကုသနေရ
DVB
·
September 24, 2016
တောင်ငူမြို့နယ်အတွင်းမှာရှိတဲ့ မူလွန်ကျောင်းတကျောင်းက ကျောင်းသားကျောင်းသူတွေ ကူးစက်ရောဂါတမျိုး ကူးစက်ခံစားနေရတဲ့အတွက် ဒီကနေ့ မွန်းလွဲပိုင်းက တောင်ငူဆေးရုံကြီးကို ပို့ဆောင်ကုသနေရပါတယ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ရှမ်းပြုံးချောင်းရွာမှာရှိတဲ့ မူလွန်ကျောင်းက ကျောင်းသားကျောင်းသူ ၈ ဦး အပါအဝင်ဆရာမအချို့ပါ ချောင်းဆိုးပြီး အော့အန်တဲ့ ရောဂါတမျိုး ကူးစက်ခံစားနေရတယ်လို့ မူလွန်ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။
“ကျောင်းမှာက ကျောင်းသား ၈၂ ယောက်ရှိတယ်။ အတန်းကြီးတဲ့ကျောင်းသား ၈ ယောက် လောက်ဘဲ လောလောဆယ်ဘာမှ မဖြစ်တာ။ KG တန်းက ဆရာမလေးတွေဆိုလည်း ချောင်းတွေ ဆိုးနေပြီ၊ ကျမတောင်ချောင်းစဆိုးနေပြီ”လို့ ပြောပါတယ်။
ကျေးရွာနယ်မြေမှူး ဦးသိန်းထွန်းက “ဖြစ်တာကတော့ လေးငါးရက်လောက်တော့ရှိနေပြီ။ ကလေးတွေက ငယ်သေးတော့မိဘတွေကိုလည်း စောင့်ရသေးတယ်။ ကိုယ့်သဘောနဲ့ကိုယ် ခေါ်လာလို့ကလည်း မရဘူးလေ။ အခုတောင်ခလေးက ၁၁ ယောက်လောက်ဘဲ ပါလာ သေးတယ်။ သုံးဘီးဆိုင်ကယ်နဲ့ မဆန့်လို့”လို ပြောပါတယ်။
တောင်ငူဆေးရုံက တာဝန်ကျဆရာဝန် ဒေါက်တာဟိန်းသက်စိုးခိုင်က “အခုလောလောဆယ် ကလေး ၁၁ ယောက်ရောက်လာတယ်။ အားလုံးကတော့ ချောင်းဆိုးနေကြတာပဲ။ ကလေးနှစ်ယောက်ပဲ ဖျားတာ။ တယောက်က အဖျားသွေး ၁၀၂၊ တယောက်က ၁၀၀၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး”လို့ ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီး