အင်းဝအပ်ချုပ်ဆိုင် အိမ်အကူနှိပ်စက်မှု ပြစ်မှုကျူးလွန်သူ ၁ ဦးကို ထပ်မံဖမ်းမိ

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာ မပေးခဲ့တဲ့အမှုမှာ ကျန်ရှိတဲ့ ပြစ်မှုကျူးလွန်သူတဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ပါတယ်။ ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့လို့ ကျောက်တံတားမြို့ရဲစခန်းက (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူဆောင်ရွက်နေပြီး အမှုကနေကျန်ရှိတဲ့ ကျူးလွန်သူ ကိုရာဇာထွန်း (၂၅) နှစ်ကို ဒီနေ့ ၁ နာရီ မိနစ် ၂၀ မှာ ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီ ညှဉ်းပန်းနှိပ်စက်ခံ ၂ ယောက်ထဲက မိန်းကလေးတယောက်ကတော့ လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံခဲ့ရပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်အနေနဲ့ ဒီကိစ္စမှာ ကြားဝင်ဖြေရှင်းပေးရာမှာတော့ သူတို့ ၂ယောက်အတွက် ဆိုင်ရှင်တွေက လျော်ကြေးဆိုပြီး ကျပ်သိန်း ၅၀ ပေးခဲ့တာပါ။ ဒီကိစ္စကို အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ ရဲတပ်ဖွဲ့က လူကုန်ကူးမှု အမှုဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်မှုအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စက်တင်ဘာ ၂၁ ရက်နေ့က လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ အနားယူပေးဖို့ လူ့အခွင့်ရေးကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။ ဓာတ်ပုံ - Yangon police

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up