Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တချို့ကို ထိရောက်စွာအရေးယူရန် လွှတ်တော်တွင် အဆိုတင်
ရွှေအောင်
·
September 22, 2016
လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးရန် အစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုတခု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ စက်တင်ဘာ ၂၂ ရက် ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် ခေါ် ဦးပြုံးချိုက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်က လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မိသားစုရဲ့ အိမ်အကူ အမျိုးသမီးငယ်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုမှာ လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ညှိနှိုင်းပြီး ကျေအေးစေခဲ့တဲ့ လုပ်ရပ်အပေါ် အခြေခံပြီး အရေးကြီးအဆို လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ဦးဌေးဝင်းက “အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ပြီးခဲ့တဲ့ ၁၅ ရက်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှာ သက်ဆိုင်တဲ့ သူတွေကို ခေါ်ဆိုပြီးတော့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါ်မြမြတို့ ပါဝင်ပြီး ဆွေးနွေးညှိနှိုင်းပွဲတရပ် ကျင်းပခဲ့ကြတာ အားလုံးအသိပါပဲ။ အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်အမျိုးသမီးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း လို့ ရေးထားတာ တွေ့ရပါတယ်။ အမျိုးသမီးငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုမှန်း သိရက်သားနဲ့ ဥပဒေကြောင်းအရ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဘာကြောင့် မကြိုးစား ခဲ့ရပါလဲ။” သူ့အဆိုကို ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ကိုယ်စားလှယ် ဒေါ်သန္တာက လူ့အခွင့်အရေးအဖွဲ့ ဥပဒေပါ သတ်မှတ်ချက်တွေကို ကိုးကားပြီး ထောက်ခံဆွေးနွေးပါတယ်။ “လူ့အခွင့်အရေးကော်မရှင် အခန်း ၄၊ ပုဒ်မ ၁၈မှာ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင် တဦးဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ညှိနှိုင်းပြီး အောက်ပါ အခြေအနေတရပ်ရပ် ပေါ်ပေါက်လာပါက တာဝန်မှ ရပ်စဲနိုင်သည်လို့ ပါပါတယ်။ ဃ မှာ ကော်မရှင်က ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ပုဒ် ၃၄ ပါ စည်းကမ်းချက်ကို လိုက်နာရန် ပျက်ကွက်တဲ့အတွက် ပြည်သူများရဲ့ ကိုယ်စား ထောက်ခံ ဆွေးနွေးအပ်ပါတယ်။” ဒေါ်သန္တာဟာ စစ်တပ်ကဖမ်းဆီးထားစဉ်အတွင်း အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ဇနီး ဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးရန် အစိုးရအားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဆို အောင်သွားရင်တော့ အစိုးရက လိုက်လံလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အိမ်အကူမိန်းကလေးငယ်များကိစ္စမှာ ငွေကျပ် သိန်း ၅၀ ပေးပြီး ကျေအေးစေတဲ့အတွက် ကော်မရှင်အပေါ် ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ကော်မရှင်ဘက်ကလည်း မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024