မိုက်ခရိုဆော့ဖ်၏ တရားဝင်ဆော့ဖ်ဝဲ ဈေးနှုန်းများကို ပြင်ဆင် ညှိနှိုင်းပေးမည်
အာကာ
·
September 22, 2016
မိုက်ခရိုဆော့ဖ်ရဲ့ တရားဝင် ဆော့ဖ်ဝဲတွေဟာ ဈေးနှုန်းကြီးမြင့်ပြီး ပြည်တွင်းမှာ တရားဝင်လိုင်စင်နဲ့ အသုံးမပြုနိုင်တဲ့အတွက် ဈေးနှုန်းပြင်ဆင်ညှိနှိုင်းတာတွေ လုပ်သွားမယ်လို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အရာရှိက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအရာရှိ ခန့်အပ်တဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာအရာရှိ Sy Wann က “ဈေးနှုန်းကတော့ ကျနော်တို့အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက်၊ Education အတွက်နဲ့ ပြီးတော့ Non-Profit Organization တွေအတွက်တော့ ကျနော်တို့က စပါယ်ရှယ်ဈေးနှုန်း ရှိပြီးသားပါ။ တခြားပရောဂျက်တွေကတော့ ပရောဂျက်ပေါ်မှာ မူတည်ပြီးတော့ တတ်နိုင်သလောက်တော့ ကျနော်တို့ အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် တရားမ၀င်ဆော့ဖ်ဝဲ အသုံးပြုတာတွေကြောင့် သုံးစွဲသူတွေအတွက် နည်းပညာဆိုင်ရာ ထိခိုက်လာနိုင်တာတွေကိုလည်း အသိပညာ ပေးသွားမယ်လို့ ဆိုပါတယ်။
“အဓိကတော့ ကျနော်တို့ Education ပိုင်းကို လုပ်ရမှာပေါ့နော်။ ဆိုတော့ တရားမ၀င် ဆော့ဖ်ဝဲ သုံးတဲ့အခါမှာ ဖြစ်လာတဲ့ အန္တရာယ်တွေက အဲဒီထဲမှာ ဆော့ဖ်ဝဲထဲကနေပြီးတော့မှ ဗိုင်းရပ်စ်တွေ၊ Malewares တွေ ပါလာနိုင်တယ်။ Attack တွေ ၀င်လာနိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Information တွေပဲဖြစ်ဖြစ်၊ တကယ်လို့ ကုမ္ပဏီတွေမှာ တရားဝင်မဟုတ်တဲ့ ဆော့ဖ်ဝဲတွေ သုံးထားတယ်ဆိုရင် သူတို့အတွက် Information တွေ ခိုးယူသွားနိုင်တဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီဘက်ပိုင်းကို ကျနော်တို့ ဖြည်းဖြည်းချင်း Education လုပ်ယူပြီးတော့မှ ကိုယ့်ရဲ့ Information ကို ဘယ်လို Protect လုပ်ရမယ်၊ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို Protect လုပ်ရမယ် ဆိုတာကို ပြန်ပြီးတော့ Educate လုပ်သွားမှာ” လို့လည်း သူက ဆက်ပြောပါတယ်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ၁၈ နိုင်ငံမြောက်အနေနဲ့ ၀င်ရောက်လာတာ ဖြစ်ပါတယ်။
အခုခန့်အပ်လိုက်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအရာရှိဟာ မြန်မာနိုင်ငံမှာ Cisco လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ပြီး အမေရိကန်နိုင်ငံက Travelocity၊ Capital One လုပ်ငန်းတွေမှာလည်း တာဝန်ယူလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။