စီဒီအမ်​အေ ဖုန်း​အချို့​ လိုင်း​ပိတ်ခံရ

ထိုင်း​- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့​က ‘စီဒီအမ်​အေ’ လက်ကိုင်ဖုန်း​ တချို့​ကို ဆက်သွယ်​ရေး​ဌာနက ပိတ်ထား​တယ်လို့​ ဖုန်း​အပိတ်ခံထား​ရသူ​တွေက ​ပြောပါတယ်။ ဖုန်း​လိုင်း​ အပိတ်ခံထား​ရသူတဦး​က “တချို့​က ထိုင်း​နိုင်ငံမှာ လုပ်ငန်း​သွား​လုပ်တဲ့​သူ​တွေ ရှိတယ်​လေ။ သူတို့​က ထိုင်း​ဖုန်း​နဲ့​မြန်မာပြည်ကို မ​ခေါ်​တော့​ဘူး​။ ကြား​မှာဘန်​ကောက်မှာဆိုလည်း​ ဘန်​ကောက်၊​ မဲ​ဆောက်မှာဆိုလည်း​ မဲ​ဆောက်​ပေါ့​၊​ ဖုန်း​လုပ်စား​တဲ့​သူ​တွေရှိတယ်။ ယိုး​ဒယား​ဖုန်း​တွေနဲ့​ မြဝတီကိုပို့​ထား​တာ။ မြဝတီက​နေမှတဆင့်​ စီဒီအမ်​အေနဲ့​ လိုင်း​ပြန်ခွဲပြီး​တော့​ ချိတ်​ပေး​လိုက်တာ။ မဲ​ဆောက်ကပဲ ​ခေါ်​ခေါ်၊​ တခြား​နေရာကပဲ​ခေါ်​ခေါ်​ပေါ့​” လို့​ ​ပြောပါတယ်။ အခု အပိတ်ခံရတဲ့​ ဖုန်း​တွေဟာ ကျပ်ငါး​သိန်း​တန် စီဒီအမ်​အေ 450MHz ဖုန်း​တွေဖြစ်ပါတယ်။ အဲဒီရက်ပိုင်း​အတွင်း​ မြဝတီမှာ လိုင်း​ပိတ်ခံရတဲ့​ စီဒီအမ်​အေဖုန်း​ပေါင်း​ ၁၀ လုံး​ကျော် ရှိပြီး​ မြဝတီမြို့​နယ် ဆက်သွယ်​ရေး​ရုံး​ကို ​မေး​မြန်း​တဲ့​အခါ အထက်လူကြီး​ ညွှန်ကြား​ချက်​ကြောင့်​ လိုင်း​ပိတ်တာ ဖြစ်ပြီး​ ပြည်နယ်ရုံး​ကို အသနား​ခံစာ တင်ပြနိုင်ပါတယ်လို့​ ​ပြော​ကြောင်း​ ဖုန်း​လိုင်း​အပိတ်ခံရသူက ​ပြောပါတယ်။ ‘စီဒီအမ်​အေ’ ဟန်း​ဖုန်း​တလုံး​ကို ​နေပြည်​တော်မှာ ကျပ်ငါး​သိန်း​ ​ပေး​ဝယ်ရပြီး​ မြဝတီမြို့​ခံမှာ​တော့​ ငါး​သိန်း​ရှစ်​သောင်း​နှုန်း​နဲ့​ စတိုး​ဆိုင်က ဝယ်ထား​ကြတာပါလို့​ဆိုပါ တယ်။ ဖုန်း​ဆက်ခအတွက်​တော့​ ကျပ် တ​သောင်း​၊​ နှစ်​သောင်း​၊​ သုံး​သောင်း​တန် ကတ်​တွေဝယ်ကြရပြီး​ ပြည်တွင်း​ဖုန်း​ခေါ်ခ တမိနစ်ကို ကျပ် ၅၀ ကျသင့်​တယ်လို့​ သိရပါတယ်။ ဒီဖုန်း​ပိုင်ရှင်​တွေက နယ်စပ်ဖြတ်​ကျော် သုံး​စွဲလို့​ ဆက်သွယ်​ရေး​က လိုင်း​ဖြတ်တယ်လို့​ ဆိုတာ​ကြောင့်​ ဘား​အံမြို့​ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​ ပြည်နယ်ရုံး​ကို ဆက်သွယ်​မေး​မြန်း​ကြည့်​တဲ့​အခါ ကရင်ပြည်နယ် မိုဘိုင်း​ဖုန်း​ တာဝန်ခံ ဦး​ညာဏ်​အေး​က ခုလိုရှင်း​ပြပါတယ်။ “ကျ​နော်တို့​ စီဒီအမ်​အေ ရုံး​ချုပ်ကို ဘာအ​ကြောင်း​ကြောင့်​လဲလို့​ ​မေး​ကြည့်​တဲ့​အခါကျ​တော့​ နယ်​ကျော်တာရယ်၊​ ​နောက်ပြီး​တော့​ အဆက်များ​တယ်လို့​ပြောတယ်။ နယ်​ကျော်တယ်ဆိုတာ လိုင်း​မိလို့​ ကိုင်တာ​ပေါ့​လို့​။ လိုင်း​မမိဘဲ ၅ သိန်း​ကို အဆုံး​ခံပြီး​ကိုင်မှာမဟုတ်ဘူး​။ အဆက်များ​တယ်ဆိုတာလည်း​ ဘာမှမရှိဘူး​။ ပီစီအို ထိုင်တဲ့​ဖုန်း​လောက်​တောင် မရှိဘူး​။ တ​နေ့​မှာ မိနစ် ၅၀- ၇၀ ​လောက်ပဲရှိတယ်။” ထိုင်း​ဘက်က လုပ်ငန်း​လုပ်​နေသူတချို့​က မြန်မာပြည်တွင်း​ကို ဆက်သွယ်တဲ့​အခါမှာ ထိုင်း​ဖုန်း​က​နေ​ခေါ်လိုက်ပြီး​ ဝန်​ဆောင်​ပေး​နေသူတချို့​က အလား​တူ ထိုင်း​ဖုန်း​နဲ့​ လက်ခံပြီး​ မြန်မာဘက်က စီဒီအမ်​အေဖုန်း​ကို ကြိုး​နဲ့​ထပ်ဆင့်​ပွား​ ဆက်သွယ်ပြီး​ မြန်မာပြည်တွင်း​ မြို့​တွေကို ဆက်သွယ်​ပေး​နေတာဖြစ်​ကြောင်း​ ကရင်ပြည်နယ် မိုဘိုင်း​ဖုန်း​ တာဝန်ခံ က ရှင်း​ပြပါတယ်။ အဲဒီလို ဆင့်​ပွား​သုံး​တာမျိုး​ကို ဆက်သွယ်​ရေး​က ခွင့်​မပြုသလို ရန်ကုန် စီဒီအမ်​အေ ရုံး​ချုပ်က​ ဂြိုဟ်တုဆက်သွယ်​ရေး​စနစ်က​နေ ​ခြေရာခံနိုင်​ကြောင်း​လည်း​ ရှင်း​ပြပါတယ်။ ပြည်ပက​နေ မြန်မာပြည်တွင်း​ ဖုန်း​ကို တိုက်ရိုက်ဖုန်း​ခေါ်ရင် ဥပမာ၊​ ထိုင်း​နိုင်ငံက​နေ ​ခေါ်မယ်ဆိုရင် ဖုန်း​ကုမ္ပဏီ အလိုက် တမိနစ်ကို ပျမ်း​မျှ ၁၂ ဘတ်က​နေ ဘတ် ၃၀ ဝန်း​ကျင်ထိ ကျသင့်​ပါတယ်။ အခု​ဖော်ပြခဲ့​တဲ့​ နယ်စပ်တဆင့်​ဖုန်း​တွေက​နေ ဆက်ရင်​တော့​ တမိနစ်ကို အများ​ဆုံး​ ၆ ဘတ်နှုန်း​ ကျသင့်​တယ်လို့​ သိရပါတယ်။ အခု အဲဒီလိုဆက်သွယ်​ပေး​တဲ့​ ဖုန်း​အများ​စုကို ဆက်သွယ်လို့​ မရ​တော့​ဘူး​လို့​ ဖုန်း​ဆက်​နေသူ​တွေက ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up