နိုင်ငံရေးအကျဉ်းသားဟောင်း ၅၅ ဦး အမေရိကန်သံတမန်ထံ စာပို့
ရွှေအောင်
·
October 25, 2011
ရန်ကုန်ကိုရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရက်မစ်ချယ်ထံ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လက်မှတ်ရေးထိုးထားတဲ့ စာတစောင် ဒီနေ့ အမေရိကန်သံရုံးကို သွားရောက်ပေးပို့ခဲ့ကြပါတယ်။
[caption id="attachment_16936" align="alignright" width="300" caption="ဒဲရက်မစ်ချဲ"][/caption]
ပေးပို့ခဲ့သူတွေထဲပါတဲ့ ဘူးသီးတောင်ထောင်က ပြန်လွတ်လာသူ စမ်းချောင်း ကိုကိုကြီးက စာပါ အဓိက အချက်သုံးချက်ကို ခုလိုပြောပါတယ်။
“ကျနော်တို့ အခုလွတ်မြောက်လာတဲ့သူတွေက အထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်လွတ်မြောက်လာအောင်ဆိုတဲ့ အချက်က တချက်ပါ။ ဒုတိယအချက်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အခုထိုးစစ်ဆင်နေတာတွေက ပိုမိုပြီးတော့ ပြုလုပ်လာနေတာတွေကို ကြားနေရတယ်။ အဲဒီတိုက်ပွဲတွေကို ရပ်ဆိုင်းပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ကြေညာပေးဖို့၊ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ အပါအဝင် အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ဖော်ဆောင်ဖို့ရာ အမြန်ဆုံးလုပ်ဖို့အတွက် ဒဲရက်မစ်ချဲကနေ သမ္မတကြီး ဦးသိန်းစိန်အစိုးရကို တိုက်တွန်းပေးဖို့အတွက်ကို သွားရောက်ပြီးတော့ စာပေးပို့တောင်းဆိုခဲ့တာပါ။”
သံရုံးတာဝန်ရှိသူတဦးက လက်ခံယူပြီး စာကို ဒဲရက်မစ်ချဲလက်ထဲ ထည့်ပေးပါမယ်လို့ အကြောင်းပြန်ကြောင်း ဆိုပါတယ်။
စာထဲမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ထဲက အချိန်တိုအတွင်း ရရှိတဲ့ ၅၅ ယောက်ရဲ့ လက်မှတ်တွေစု ပေးပို့ခဲ့တာဖြစ်ပြီး ကိုဇာဂနာ လက်မှတ်လည်း ပါတယ်လို့ သိရပါတယ်။