Home
မြန်မာသတင်း
အိမ်အကူမိန်းကလေး နှိပ်စက်သူများ ဖမ်းမိပြီ
DVB
·
September 21, 2016
အိမ်အကူမိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့ဘဲ ထွက်ပြေးတိမ်းရှောင်နေသူတွေကို ထပ်မံဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတဲ့ ပြစ်မှုကျူးလွန်သူ တင်မင်းလတ် (ခ) ဖိုက်ဇယ် (၃၇) နှစ်ကို ဒီနေ့မနက် ၁၀ နာရီလောက်၊ မစုမွန်လတ် ၂၇ နှစ်ကို မွန်းလွဲ ၁ နာရီလောက်မှာ အသီးသီး ထပ်မံဖမ်းမိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ပြစ်မှုကျုးလွန်သူ နောက်တဦးဖြစ်တဲ့ ဒေါ်တင်သူဇာ ၅၇ နှစ်ကို မနေ့ညပိုင်းကတည်းက ဖမ်းမိထားပါတယ်။ ကျောက်တံတားမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ လမ်း ၄၀ (အထက်) ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာရဲ့ နေအိမ်မှာ  လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစလို့  အသက် ၁၂ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်တွေ နေ့စဉ်နှိပ်စက်ခံနေရတယ်လို့ မြန်မာနယူးစ်နောင်းက သတင်းထောက် ကိုဆွေဝင်းက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ဒီတိုင်တန်းချက်အပေါ် ကျောက်တံတားရဲစခန်းက စုံစမ်း ဖော်ထုတ်ချက်အရ အခု ဖမ်းမိထားတဲ့ ပြစ်မှုကျူးလွန်သူတွေဟာ အိမ်အကူ မတင်တင်ခိုင်(၁၈)နှစ်၊ မစန်းကေခိုင်၊ ၁၇ နှစ်နှင့် မသဇင် ၁၆ နှစ် တို့ကို နှိပ်စက်ညှဉ်းပမ်းခဲ့ကြောင်း ပေါ်လွင်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ အိမ်အကူအမျိုးသမီးတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ လွဲချော်ပါက ဒေါ်တင်သူဇာနဲ့ စုမွန်လတ်တို့က မျက်နှာနဲ့တကိုယ်လုံးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ၊ အစာရေစာမကျွေးဘဲထားတာ၊ မစန်းကေခိုင်ရဲ့ လက်ချောင်းတွေကို လှန်ချိုးတာ၊ ကိုယ်အင်္ဂါချို့ယွင်း အောင် အမျိုးမျိုးနှိပ်စက်တာတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်ကစပြီး လုပ်ခလစာမပေးဘဲ ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်က တရားလိုလုပ်တိုင်ကြားခဲ့ပြီး ကျောက်တံတားရဲစခန်းက (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၄/၃၂ အမှုဖွင့် အရေးယူထားပါတယ်။ ရဲစခန်းကအမှုဖွင့်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ သူတို့ နေအိမ်တွေကနေ တိမ်းရှောင်ထွက်ပြေးခဲ့ကြပြီး တရက် မပြည့်ခင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024